ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေသေးသည့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုကို မူလ သတ်မှတ်ထားသည့် ကာလ နောက်ဆုံးရက် ဧပြီ ၁၀ ရက် နောက်ပိုင်း ခြောက်ပတ်မှ ရှစ်ပတ် အထိ ထပ်မံတိုးပြီး ကောက်ယူ လျက် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန(လဝက)မှ သိရသည်။
“ဧပြီလ ၁၀ ရက်မှာ သန်းခေါင်စာရင်း ကောက်ခံမှု ပြီးဆုံးသွားပေမယ့် ကျန်ခဲ့တဲ့သူတွေရှိမှာစိုးလို့ တိုင်းနဲ့ ပြည်နယ်က သန်းခေါင် စာရင်း ကောက်ခံမှု ရုံးတွေမှာ ကောက်သင်းကောက် ပြန်ကောက်နေတာတွေ ရှိတယ်၊ အဓိကက ကချင်ပြည်နယ်နဲ့ ရခိုင်ပြည် နယ် မှာလည်း နည်းနည်းကျန်တော့ အဲဒါတွေလည်း ပြန်ကောက်နေတယ်” ဟု လဝက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူမှုအတွက် အစိုးရနှင့် နိုင်ငံတကာပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် အကြံပေးအဖွဲ့၏ အကြံပေးချက် ဖြင့် ရက်တိုးကောက်ခံခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူရေး စီမံကိန်းကို နှစ် ၃၀ ကြာပြီးမှ ပြန်လည် ပြုလုပ်ခြင်း ဖြစ်သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာ လူမျိုးဟု လုံးဝမထည့်သွင်းရန် အစိုးရက သန်းခေါင်စာရင်း မကောက်ယူခင် တရက်အလိုတွင် ထုတ်ပြန် ကြေညာခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် ဘင်္ဂါလီ(မွတ်စလင်) လူမျိုးများက ကောက်ခံမှုကို ငြင်းဆန်ခဲ့ ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထပ်မံတိုးမြှင့်ထားသည့် ရက်များအတွင်း ရခိုင်ပြည်နယ်တွင် ဆက်လက် ကောက်ယူနေကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် က ပြောသည်။
“ရခိုင်ပြည်နယ်မှာလည်း ဘင်္ဂါလီအနေနဲ့ ကောက်ခံတဲ့သူတွေ မှန်သမျှ အားလုံးကို ကျနော်တို့ ကောက်ပြီးပြီ၊ တချို့လည်း လူမျိုးနာမည် မဖြေပါဘူး ဆိုပြီး ကောက်ခံတာတွေလည်း ရှိပါတယ်၊ ရိုဟင်ဂျာလို့ မရေးရင် အကောက်မခံဘူးလို့ ပြောတဲ့သူတွေလောက် ပဲ ကျန်ခဲ့တာပါ၊ အဲဒီထဲက တချို့ကလည်း ညဘက်လောက်မှာ သန်းခေါင်စာရင်း ရုံးတွေနဲ့ ပြန်ဆက်သွယ်ပြီး ကောက်ခံတာတွေ ရှိပါတယ်၊ အခု ရခိုင်ပြည်နယ်မှာ ဧပြီ ၁၀ ရက် နောက်ပိုင်းမှာ ခန့်မှန်းခြေ ထောင်ကျော်လောက် ပြန်လည် စာရင်းပေးတာတွေ ရှိပါတယ်၊ ကျန်နေတဲ့ ဘင်္ဂါလီတွေကိုလည်း ဆက်လက် ကောက်ခံသွားဖို့ အခု ကြိုးစားနေပါတယ်”ဟု ၎င်းက ပြောပြသည်။
ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကောက်ယူမှု၌ ချန်ထားခဲ့ရသည့် မြို့နယ်များမှာ စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ မောင်တော စသည့် မြို့နယ်များ ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်ရပ်များအပြင် ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ် နယ်မြေများတွင် သန်းခေါင် စာရင်း မကောက်ယူရန် KIA တပ်ဖွဲ့မှ တားမြစ်ခဲ့ခြင်းကြောင့် သန်းခေါင်စာရင်းတွင် လူဦးရေစာရင်း အားလုံးကို ကောက်ယူနိုင်မှု မရှိကြောင်း သတင်းများက ဖော်ပြသည်။
လက်ရှိအချိန်တွင် ကချင်ပြည်နယ် အတွင်း လူဦးရေစာရင်း ကောက်ယူရန် ကျန်နေခဲ့သည့် နယ်မြေများတွင် စာရင်း ဆက်လက် ကောက်ယူရာတွင် လုံခြုံရေး အတွက် တပ်မတော်၏ အကူအညီနှင့် ကောက်ခံနေရကြောင်း ဦးမြင့်ကြိုင်က ပြောသည်။
“KIA ဌာနချုပ် အတွင်းက တချို့တာဝန်ရှိသူတွေနဲ့ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် သဘောတူညီချက် ရပေမယ့် တချို့အဖွ့ဲငယ်တွေက ကန့်ကွက်တာတွေ ရှိတယ်ဗျ၊ တချို့နေရာတွေမှာဆို လုံခြုံးရေး စစ်ကြောင်းတွေရဲ့ လုံခြုံရေးယူပြီး သန်းခေါင် စာရင်း ကောက်ယူတာမျိုး လုပ်ရတာတွေ ရှိတယ်၊ တချို့နေရာတွေ ဆိုရင် လုံခြုံရေးစစ်ကြောင်းတွေက သူတို့ အဟန့်အတား ဖြစ်တဲ့ နေရာတွေမှာ နယ်မြေ ရှင်းရတာတွေ ဘာတွေ ရှိပါတယ်၊ မတော်တဆ ထိပ်တိုက်တွေ့ဆုံမှုတွေလည်း ရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ်၏ ဒုက္ခသည် စခန်း နှစ်ခုခန့်တွင် ယနေ့အချိန်အထိ သန်းခေါင်စာရင်း မကောက်ယူနိုင်သေးကြောင်း ယင်းစခန်းများသည် မြန်မာနိုင်ငံ နယ်နိမိတ်နှင့် အခြားနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေပြီး လုံခြုံရေးအရ တင်းမာမှု၊ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့ နေရာ တွေ ရှိနေကြောင်းလည်း ဦးမြင့်ကြိုင်က ဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့(ICG)က မြန်မာအစိုးရ နှင့် ကုလ သမဂ္ဂ အဖွဲ့အား တနိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။
ယင်းတောင်းဆိုမှုတွင် တိုင်းရင်းသား လူနည်းစုများကြား သဘောထား ကွဲလွဲနေသည့် လူမျိုး၊ ဘာသာနှင့် နိုင်ငံသား ဖြစ်မှု အချက် အလက်များ ကောက်ယူခြင်းကို ရွှေ့ဆိုင်းပေးရေးနှင့် ပြင်ဆင်ခြင်း မရှိဘဲ နဂိုအတိုင်းသာ ကောက်ခံသွားလျှင် တိုင်းရင်းသားများ အကြား သဘောထားကွဲလွဲမှုများ ရှိနိုင်ကြောင်း ထောက်ပြ ဖော်ပြထားသည်။
လက်ရှိအချိန်၌ သန်းခေါင်စာရင်း ဆက်လက် ကောက်ယူနေသည့် ကချင်ဒေသတွင် နေ့စဉ် ဆိုသကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ် ပွားနေကြောင်း၊ တိုက်ပွဲများကြောင့် နှစ်ဘက်တပ်များ အတွင်းတွင်လည်း ထိခိုက် သေဆုံးမှု များလာကြောင်း၊ ဒုက္ခသည် စခန်းများတွင်လည်း စစ်ပြေး ဒုက္ခသည်များ များပြားလာကြောင်း သတင်းများ အရ သိရသည်။