စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ယခင်နှစ်များကထက် သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာကြောင်း ယင်းမာပင်မြို့နယ် ရဲစခန်းမှ သိရသည်။
ယခုနှစ်အတွင်း အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းနှင့် ၎င်းနှင့်ထိစပ်နေသော သစ်တောများမှ ကျွန်းနှင့် တမလန်းသစ်များ ပိုမိုဖမ်းဆီးမိလာခြင်းက သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာနေသည်ကို သက်သေပြရာ ရောက်ကြောင်း ယင်းမာပင်ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“ဟုတ်ပါတယ်။ ကျနော်တို့လည်း တောက်လျှောက် ဖမ်းနေပါတယ်။ တော်တော်များများ မိတာကတော့ ပိုင်ရှင်မဲ့ သစ်ခိုးထုတ်တာတွေပါ။ သူတို့က ခိုးထုတ်နေရင်း ကျနော်တို့ရောက်တော့ ထွက်ပြေးကြတယ်။ သစ်တောဦးစီးအဖွဲ့၊ ကျနော်တို့ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီးဖမ်းတာ။ ဒီနှစ်ထဲမှာ ဖမ်းမိတာ စာရင်းတော့ အတိအကျ မပြောနိုင်ပေမယ့် ကျွန်းနဲ့ တမလန်း အားလုံး စုစုပေါင်း ၁၀ တန်တော့ ကျော်မယ်” ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးရမိသော စာရင်းတချို့အရ မတ်လ ၁၅ ရက်က အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်း နံဘေးရှိ ကပိုင်ရွာ တောင်ပိုင်းတွင် စုပုံထားသော ကျွန်းနှင့် တမလန်းသစ် ၃ တန်ကျော်၊ ဧပြီလ ၅ ရက်နေ့က ၁ ဒသမ ၅ တန်ရှိ တမလန်းသစ် ဓားရွှေတုံး (ဓားဖြင့် လေးထောင့်တုံး ရွှေထားသော သစ်) ၉ တုံး၊ ဧပြီလ ၂၀ ရက်နေ့က ၂ ဒသမ ၇ တန်ကျော် ရှိသည့် တမလန်းသစ် အများဆုံးပါဝင်သော ဓားရွှေတုံး ၃၃ တုံးတို့ဖြစ်ကြောင်း ကပိုင်ရွာ ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် ဇော်ထက်ဟန်က ဧရာဝတီသို့ ပြောသည်။
သစ်ခိုးထုတ်သူများသည် တချို့နေရာတွင် အစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်ထားသည့် လက္ခဏာမျိုး တွေ့ရသော်လည်း အထောက်အထား အတိအကျ မရရှိခဲ့ကြောင်း ကပိုင်ရဲစခန်းမှ အမည်မဖော်လိုသော ရဲတဦးက ဆိုသည်။
“ရှင်းရှင်းပြောရရင်ဗျာ၊ ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာက ထွက် ” ဆိုသလိုပဲ၊ ကျနော်တို့က အချက်အလက် တိတိကျကျ မရတော့ သူများတွေကို မယိုးစွပ်ချင်ဘူး။ သစ်တွေခိုးထုတ်နေတာ ဒီနှစ်ပိုင်းမှာ ပိုများလာတာတော့ အမှန်ပဲ” ဟု ၎င်းက ဆိုသည်။
သစ်ခိုးထုတ်သူများသည် ကလေးဝဘက်ရှိ သစ်တောများမှလည်း ခိုးထုတ်ပြီး အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းကို ဖြတ်ကာ တရုတ်နယ်စပ်အထိ သယ်ယူမှုများ ရှိကြောင်း၊ ဧပြီလ ၁၂ ရက်ကလည်း ခိုးယူလာသော သစ်များကို ၁၂ ဘီးကား ၁၂ စီးဖြင့် တင်ဆောင်လာသည့် သစ်တန် ၁၈ တန်ကိုလည်း ဖမ်းဆီးရမိလိုက်ကြောင်း အလောင်းတော် ကဿပ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။
ယခုလမ်းကြောင်းကို သစ်ခိုးထုတ်ရာတွင် အဓိက အသုံးပြုလာသည့် အတွက်ကြောင့် အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အထူးဂရုစိုက်ကာ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းနှင့် ဆက်စပ် ဧရိယာများမှ ထွက်ပေါက်လမ်းများ အားလုံးကို ပိတ်ဆို့ ဖမ်းဆီးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း အလောင်းတော် ကဿပ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ အမည်မဖော်လိုသော အရာရှိတဦးကလည်း ပြောသည်။
ထို့အပြင် မတ်လအတွင်းက ကပိုင်မြို့နယ်၊ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းသို့ သွားရာလမ်းပေါ်တွင် မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သော တမလန်းသစ် ဓားရွှေတုံး ၅၃ တုံးကို ခိုးထုတ်သောသူများတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်နေသော အဖွဲ့များနှင့် ပတ်သက်သူတချို့ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
“အခုဆို ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့တာပဲ လူပေါင်း ၁၀ ဦးကျော်ပြီ။ ဒီလမ်းကြောင်းကို ဖြတ်သယ်ကြတာတွေရော၊ ဒီ အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းမှာ ခိုးထုတ်တာတွေရောပဲ။ ဖမ်းမိတာ၊ ခိုးခုတ်ထားပြီး ပုံထားတာတွေရော ကားပေါ်မှာ ဖွက်သယ်လာတာတွေရော စုံနေတာပဲ။ တချို့နေရာမှာ ကျွဲ၊ နွားတွေပါ မိထားတယ်” ဟု ၎င်းက ဆိုသည်။
ဖမ်းမိသော တချို့ သစ်ခိုးထုတ်မှုတွင် လူများကိုပါ မိခဲ့သော်လည်း တကယ်တမ်း အရေးယူဆောင်ရွက် သည့်အခါတွင် ပိုင်ရှင်မဲ့ သစ်များအဖြစ် အရေးယူနေခြင်းကို နားမလည်နိုင်ကြောင်း၊ ထိုသို့ ထိထိရောက်ရောက် အရေးမယူသဖြင့် ဒေသခံတချို့က သစ်ခိုးထုတ်မှုကို တွေ့လျှင်ပင် သက်ဆိုင်ရာသို့ သတင်းပို့ရန် စိတ်ဝင်စားမှု လျော့ပါးလာကြောင်း ယင်းမာပင်မြို့ရှိ မြို့မိမြို့ဖ စီးပွားရေးလုပ်ငန်းရှင်တဦးက ဆိုသည်။
တချို့ သစ်ခိုးထုတ်သူများသည် ခိုးထုတ်ရာလမ်းကြောင်းတွင် အလောင်းတော် ကဿပ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ရှိနေသည်ကိုပင် မသိသူများရှိကြောင်း ၎င်းက ဆက်ပြောသည်။
“မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးတာကို ကျနော်တို့ သွားကြည့်တဲ့အခါ သူတို့အချင်းချင်း စကားပြောကြတဲ့ စကားတွေကို ကြားခဲ့ရတယ်။ ရှိတဲ့အဖွဲ့အစည်းတွေကို လမ်းကြောင်းကြေး ပေးပြီးသားတွေအကြောင်း၊ အခု ဖမ်းဆီးလိုက်တဲ့ အဖွဲ့ဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဆိုတာ ကြားတောင်မကြားဖူးဘူးဆိုတဲ့ စကားတွေကိုပါ ကြားရတာ။ ဒါ့အပြင် လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပတ်သက်သူတွေကို ဖမ်းတဲ့အတွက် မတ်လ ၂၄ ရက်နေ့က ကျနော်တို့ ယင်းမာပင်မှာ အသက်မဝင်တဲ့ ဗုံးတလုံးကို တွေ့ရတယ်။ ဒါက ဖမ်းတဲ့အတွက် ပြန်ခြိမ်းခြောက်တဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒေသခံလူထုက အဲဒါကို မကျေနပ်ကြတာ” ဟု အဆိုပါ မြို့မိမြို့ဖ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။