မြန်မာနိုင်ငံတဝန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နေသော်လည်း ယခုထက်ပိုမို၍ အခြေခံဥပဒေပြင်ဆင်ရေးတွင် လူထုအင်အားပိုမို တိုးမြှင့်ပါဝင်လာနိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအကြား ဆွေးနွေးကြကြောင်း သိရှိရသည်။
ဧပြီလ ၂၁ ရက်နေ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင်များတွေ့ဆုံစဉ် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် လူထုအင်အား ပိုမိုတိုးမြှင့်ရေး ဆွေးနွေး ကြခြင်းဖြစ်ပြီး ယခုတွေ့ဆုံမှုသည် ၄ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ကြောင်း၊ တွေ့ဆုံမှုတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးမြအေး နှင့် ဦးပြုံးချိူတို့ ပါဝင်ကြောင်း သိရှိရသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီက “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ အခါမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ လူထုပါဝင်မှု ထပ်တိုးမြင့်ဖို့၊ လူထုအသံကိုလည်း လွှတ်တော် အမတ်တွေ ကြားပြီး အကောင်အထည်ဖော်ဖို့ ဆွေးနွေး ခဲ့တယ်။ လူထုဆန္ဒဖော်ထုတ်နေတဲ့ အခြေအနေတွေကို ဒီထပ်ပိုပြသဖို့ လိုတယ်။ နောက်ပြီး လွှတ်တော်ကလည်း ဒီအသံ တွေကို နားထောင်နေဖို့ လိုအပ်နေတယ်။ ပြည်သူ့အသံ၊ လွှတ်တော်အသံဆိုတော့ ပြည်သူ့အသံကို လွှတ်တော်က ဘယ်လောက်ထိ နားထောင်သလဲဆိုတာကို ကျနော်တို့က နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ရမယ့် အခြေအနေတွေပါ။ အဲဒါတွေက ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေပေါ့”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် လူထုပါဝင်မှု တိုးမြှင့်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံတင်ပြအကြောင်းပြန်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းမှ စတင်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဆောင်ရန် နှစ်ဖက် ဆွေးနွေးခဲ့ကြသည်။
NLD နှင့် ၈၈ တွေ့ဆုံကြရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ပြဌာန်းထားသည့် ပုဒ်မ ၄၃၆ ကို အရင်ဆုံး ပြင်ဆင်သွားရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြဌာန်းချက်သည် ပြဌာန်းထား သည့် ပုဒ်မ၊ ဥပဒေများ ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံမှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုသော အခြေခံဥပဒေ ပြင်ဆင်ရေး ခက်ခဲစေရန် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်ဖြစ်သည်။
ပုဒ်မ ၄၃၆ အား အဓိက ပြင်ဆင်နိုင်ရေး အတွက် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့နယ် အချို့တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် NLD နှင့့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ဦးဆောင်၍ ဆန္ဒဖော်ထုတ်မှု များ ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။