[irrawaddy_gallery]
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တည်ထောင်ခဲ့တဲ့ နေပြည်တော်အမည်ရတဲ့ မြို့တော်သစ်က အခုဆိုရင် မြို့တည် သက်တမ်း ၈ နှစ်ကျော် ရှိလာပါပြီ။ လူတဦးတယောက်ရဲ့စိတ်ကူးကို အကောင်အထည်ဖော်ခဲ့တဲ့မြို့၊ မြို့တည်နေတုန်းမှာ ပွဲတွေ ပေး၊ ယတြာတွေ ချေတည်ခဲ့ရတဲ့ မြို့လို့ ဆိုကြပါတယ်။
ဒီမြို့သစ်မှာ လွှတ်တော် အဆောက်အအုံတွေ၊ သမ္မတ အိမ်တော်တွေနဲ့ တခမ်းတနား တည်ဆောက် ခဲ့တာမို့ မြန်မာနိုင်ငံရဲ့ မဟာ ဗျူဟာမြောက် မြို့ပြ တခုအနေနဲ့ ရပ်တည်နေနိုင်ပါပြီ။ ညပိုင်း မီးရောင်စုံတွေ အမြဲလင်းနေတဲ့ အစိုးရမင်းတွေ ရုံးစိုက်ရာ အုပ်ချုပ် ရေးမြို့တော်အဖြစ် ပီပြင်လာပါပြီ။
ရန်ကုန်မြို့ရဲ့မြောက်ဘက် မိုင် ၂၀ဝ ကျော် ကွာဝေးတဲ့ ဒီမြို့ကို ၂၀ဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်မှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး မြို့တော်အနေနဲ့ တရားဝင် စတင်ရွှေ့ပြောင်းခဲ့တာပါ။ ပျဉ်းမနားမြို့ရဲ့ အနောက်ဘက် ၂ မိုင်ကွာဝေးတဲ့ ဒီမြို့တော်ကို ၂၀ဝ၆ ခုနှစ်၊ မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ တရားဝင် နေပြည်တော်မြို့အဖြစ် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ တကယ်တော့ နေပြည်တော် ကို အစိုးရက ၂၀ဝ၃ ခုနှစ် ကတည်းက တိတ်တဆိတ် လျှို့ဝှက် တည်ဆောက်ခဲ့တာပါ။
ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားဒေသ တွေမှာ ဆင်းရဲနွမ်းပါးပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အချိန် စစ်အစိုးရက နေပြည်တော်ကို ကျပ်သိန်းပေါင်း ထောင်သောင်းချီအကုန်ခံ၊ ပြည်သူပိုင် ဘဏ္ဍာငွေများစွာ ပုံအောပြီး တည်ဆောက်ခဲ့ပါ တယ်။
နေပြည်တော်ကို အစိုးရ ပုံမှန် အသုံးစရိတ် ဘတ်ဂျက်မှာ မပါဝင်တဲ့ ပြည်သူပိုင်ငွေ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း များစွာ သုံးစွဲ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရပ်ကွက် က သိရပါတယ်။
၂၀၁၃ – ၁၄ ဘဏ္ဍာရေးနှစ်မှာ နေပြည်တော် တည်ဆောက်ရေး စီမံကိန်းတွေအတွက် အစိုးရ အသုံးစရိတ်အဖြစ် ငွေကျပ် ၁၇၈ ဘီလီယံ အထိ အသုံးစရိတ် တောင်းခံတဲ့ နေပြည်တော် ကောင်စီကို လွှတ်တော်မှာ ဝေဖန်ဆွေးနွေးမှုတွေ ရှိခဲ့ပါသေးတယ်။
နေပြည်တော် ရွှေမြို့တော်ရယ်လို့ လူသိများတဲ့ ဒီမြို့ဟာ အုပ်ချုပ်သူ လူတန်းစားတွေရဲ့ စစ်ရေး ရည်ရွယ်ချက် တခုအနေနဲ့ တည်ဆောက်ခဲ့တာဖြစ် တယ်လို့ အများက ဝေဖန်ပြောဆိုကြပါတယ်။
အာဏာရှင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေရဲ့ စိတ်ကြိုက်ပုံဖော်ခဲ့တယ် ဆိုပေမယ့် မြေပေါ် အရုပ်ရေး သလို ဖြစ်ကတတ်ဆန်း တည်ဆောက်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒေသတခုစီကို စနစ်တကျ ပိုင်းခြား ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
ဘာကြောင့်၊ ဘယ်လို၊ ဘာရည်ရွယ်ချက်တွေနဲ့ ဒီမြို့ကို တည်ခဲ့သလဲ ဆိုတာတော့ တချိန်က စစ် အာဏာရှင်ဟောင်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေသာ သိပါလိမ့်မယ်။
နေပြည်တော် တည်တဲ့နေရာမှာ ဗိသုကာဒီဇိုင်း၊ မြေပြင်ဥယျာဉ် ရွေးချယ်ပြင်ဆင်မှုတွေကို အထူး စီမံခဲ့တယ်လို့ စစ်တပ် အသိုင်း အဝိုင်း က ပြောဆိုပါတယ်။
လူနေရပ်ကွက် အလွှာစုံကို အလယ်ဗဟိုမှာ ထားပြီး ဘေးပတ်လည်ကို အုပ်ချုပ်ရေးနဲ့သက်ဆိုင်ရာကို ဖြန့်ကြက်ထားတယ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာနတွေကို မြောက်ပိုင်းမှာ ထားရှိပါတယ်။ လိုအပ်ရင် နေရာချဲ့ထွင်နိုင်အောင် မြေဧက တော် တော်များများ ယူထားပြီး လူနေရပ်ကွက်တွေနဲ့ အလှမ်းဝေးရာမှာ တည်ဆောက်ထားတာကို တွေ့ နိုင်ပါတယ်။
ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) ရေးသားတဲ့ “နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်” ဆိုတဲ့ စာအုပ်မှာ “ဗေဒင်ယတြာ၊ ကက်ကင်းသဘောဆန်ဆန်၊ ဝန်ကြီး ဌာနရုံးတွေကို ကင်းမြီးကောက် လက်မထောင်နေတဲ့ ပုံစံ တည်ဆောက်ထားတယ်၊ ဒါဟာ နာမ်ပိုင်းဆိုင်ရာ သဘော ထည့်သွင်းတွက်ချက်မှုတွေနဲ့ တည်ထားတာ လို့ ဖော်ပြထားသလို မြန်မာတွေရဲ့ လောကအမြင်ကို ထင်ဟပ်နေတာလည်း ဖြစ်တယ်” လို့ ဖော်ပြ ထားပါတယ်။
ဒီလိုထူးခြားတဲ့ နေရာချထား ဆောက်လုပ်မှုက စစ်ရေးမဟာဗျူဟာကို ဖော်ပြနေသလို နေပြည်တော် စစ်ရေးပြကွင်းမှာ တည် ဆောက်ထားတဲ့ ရုပ်တုကြီး ၃ ခုကလည်း အာဏာရှင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ရဲ့စိတ်ကူးကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒီရုပ်တုတွေကတော့ တချိန်က မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အနော်ရထာ၊ ဘုရင့်နောင် နဲ့ အလောင်းမင်းတရားတို့ရဲ့ ရုပ်တု တွေပဲဖြစ်ပါတယ်။
အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းမင်း တရားတို့က ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော် ကို တည်ထောင်ကြသူတွေဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်ကလည်း သူတို့လိုပဲ နိုင်ငံတော်ကို ထူထောင်ခဲ့ သူလို့ စာရင်းဝင်ချင်တဲ့ စိတ်ကူးနဲ့ နေပြည် တော် မြို့သစ်တည်ရင်း စတုတ္ထ မြန်မာနိုင်ငံ တည်ထောင်သူ ဘုရင်တပါးအဖြစ် သူ့ကိုယ်သူ ပုံဖော်ချင်တဲ့ ရည်ရွယ်ချက်ရှိပုံရတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပင်လယ်ရေကြောင်းနဲ့ ဆက်စပ်မှုမရှိတဲ့ နေရာတခုကို ရွေးချယ်ထားတာက စစ်ရေးကို ပိုမိုထောက်ကူနိုင်သလို၊ ဘယ်လိုကျူးကျော်သူမှ မဝင်နိုင်အောင် အဆင့်ဆင့် ကာထားပြီး အရေးပေါ်ထိန်းချုပ်နိုင်အောင် တြိဂံမြို့ကွက်သဏ္ဌာန်ယူ ဖော်ဆောင်ထားတာ ဖြစ် တယ် လို့ နေပြည်တော်မှာ တာဝန်ထမ်း ဆောင်နေတဲ့ အကြီးတန်း စစ်အင်ဂျင်နီယာတဦးက ဆိုပါတယ်။
နေပြည်တော်မှာ အရေးပေါ် ရေပြတ်လပ်မှု မဖြစ်အောင်လည်း မြို့မြောက်ပိုင်းမှာ ရေထောက်ပံ့ ပေးနိုင်ဖို့ ချောင်းကြီးလို့ ခေါ်တဲ့ ဆည်တခု တည်ဆောက်ထားတာကို တွေ့ရပါတယ်။
နေပြည်တော်ကို ခရိုင်အနေနဲ့ ဖွဲ့စည်းထားပြီး ဇေယျာသီရိ၊ ဇမ္မူသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း စတဲ့ မြို့နယ် ၈ မြို့နယ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ၂၀ဝ၉ ခုနှစ် စာရင်းအရ လူဦးရေ ၉၂၅၀ဝ၀ ရှိတယ်လို့ သိရပါတယ်။
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ စံမြန်းရာ မင်းနေပြည်တော်လို့ သတင်းကြီးနေတဲ့ ဒီမြို့ကို နိုင်ငံတကာနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့နှစ်စဉ် လေယာဉ်ပေါင်း ၅၀ဝဝဝ မှ ၆၅ဝဝဝ အထိ အတက်အဆင်း ပြုလုပ်နိုင်တဲ့ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ် (ခေါ်) ဧလာ လေဆိပ်ကို တည်ဆောက်ခဲ့ပါတယ်။
လေဆိပ်ကို ဆောက်လုပ်ဖို့အတွက် တရုတ်နိုင်ငံက ငွေထုတ်ပေး၊ အကုန်ကျခံ ဆောက်လုပ်ပေးတယ်လို့ သိရပေမယ့် ဘယ်လောက် အတိုင်းအတာ အထိ ကုန်ကျခဲ့တယ် ဆိုတာကို တရားဝင်ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပါဘူး။
ပြည်တွင်း အေးရှားဝေါလ် ကုမ္ပဏီက စင်ကာပူ ကုမ္ပဏီတခုနဲ့ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပြီး မြန်မာစစ် အင်ဂျင်နီယာတပ်က ပညာရှင်တွေ လက်စွမ်း ပြတည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ဝန်ထမ်းတွေသာ အများဆုံး နေထိုင်တာမို့ နေ့လယ်ခင်းနဲ့ ရုံးဖွင့်ရက်တွေမှာ တိတ်ဆိတ်လျက်ရှိပါတယ်။ တချိန် ကတော့ အင်တိုင်း တောကြီးဖြစ်ခဲ့ဖူးတဲ့ ဒီဒေသမှာ တောတောင်ကို အမှီပြုပြီး ခိုးဆိုးလုယက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“ပြောင်းခါစတုန်းက တကယ်ကို လွင်တီးခေါင်၊ ကိုယ်တွေက အမြဲအလုပ်သွားနေရတာလေ၊ လူမရှိမှန်းသိတော့ တက်ခိုးတာ ကုန်ရော၊ စပြောင်းခါစဆိုတော့ ဒုက္ခရောက်ချက်၊ အခုတော့နောက်ပိုင်း လူ စည်လာတာက တကြောင်း၊ ဖမ်းဆီးတာတွေ ရှိလာ တော့ ခိုးတာဝှက်တာ မရှိတော့ပါဘူး”လို့ ပုဗ္ဗသီရိ မြို့နေ အစိုးရ ဝန်ထမ်းတဦးက ဆိုပါတယ်။
လူသွားလူလာနည်းတဲ့ ဒီမြို့ရဲ့ အဆောက်အအုံ ထက်ဝက် နီးပါးလောက်က ဟိုတယ်တွေဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေအတွက် ရည်ရွယ်ဆောက် လုပ်ထားတယ်ဆိုတဲ့ ဟိုတယ်တွေရဲ့ ဈေးနှုန်းတွေက သာမန်ပြည်သူတွေ အနားတောင်မကပ်နိုင်တဲ့ ဈေးနှုန်း တွေဖြစ်ပါတယ်။
ဒါပေမယ့် ဒီဟိုတယ်တွေမှာ အစိုးရကိစ္စနဲ့ လာရောက်ကြတဲ့ ကုမ္ပဏီပိုင်ရှင်တွေနဲ့ နိုင်ငံတကာ လုပ်ငန်းရှင်တွေကြောင့် ဟိုတယ် လုပ်ငန်းက အတော်ကို အလုပ်ဖြစ်ပါတယ်။
“အလုပ်ကိစ္စနဲ့ လာတာများတယ်၊ အများဆုံး တပတ်၊ ၁၀ ရက် လောက်ပဲနေတာ၊ အဲဒီထက် ပိုပြီး နေကြတာ ရှားတယ်၊ ကုမ္ပဏီ လုပ်ငန်းရှင်တွေ၊ နိုင်ငံတကာ လုပ်ငန်းရှင်တွေ လာတာများတယ်၊ အလည်အပတ်က ရှားတယ်၊ အလုပ်နဲ့လာသူတွေလည်း လာပြီးပြန်တာများတယ်”လို့ ဟိုတယ် ဝန်ထမ်းတဦးက ဆိုပါတယ်။
ကျော်ကြားလှတဲ့ မင်းနေပြည်တော်ရဲ့ ညချမ်းဟာ နာမည်ကျော် အနှိပ်ခန်းတွေနဲ့ စင်တင်တေးဂီတ ဆိုင်တွေ ပြည့်နှက်နေပါတယ်။
“နေ့ခင်း ပင်ပန်းမှုတွေ၊ ပျင်းရိခြောက်ကပ်မှုတွေကို ဒီနေရာလေးမှာ ဖျော်ဖြေကြတာများတယ်ဗျ”လို့ အစိုးရ ဝန်ထမ်းတဦးက ဆိုပါတယ်။
နေပြည်တော်၊ ပျဉ်းမနား၊ ပေါင်းလောင်းနဲ့ မျက်နှာချင်းဆိုင် နေပြည်တော်မြို့အပိုင်ထဲ ရောက်နေတဲ့ အမည်နာမ မရှိသေးတဲ့ နေရာ တွေကိုပေါင်းပြီး မင်းမနိုင်လို့ ခေါ်ဝေါ်ကြပါတယ်၊ ဒီနေရာလေးမှာ ဝမ်းရေးအတွက် မာဆတ်၊ ကေတီဗီနဲ့ အဆိုတော် နာမည်ခံ လုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေရဲ့အိပ်ရာ ထက်က တေးသံသာ၊ အခန်းတွင်း တေးတံသာနဲ့ စင်မြင့်ထက်က တေးသံသာတွေကို နားဆင်ခံစားနိုင်တဲ့ အစုစုသော နေရာတွေရှိပြီး ဒီအထဲမှာ အလွှာစုံ ရာထူးကြီးငယ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နားသောတ ဆင် အနားယူ၊ အကြောဖြေကြတယ်လို့ သိရပါတယ်။
အုပ်ချုပ်သူ လူတန်းစားတွေအတွက် ဗဟိုချက်မ ခံစစ်သဖွယ် တည်ဆောက်ထားတဲ့ ဒီနေရာလေးက မဟာဗျူဟာမြောက် ပေါ်ထွက် လာတာ ၈ နှစ်ကြာ ရှိသေးပေမယ့် တခြားသော ခေတ်မီမြို့တွေနဲ့ အပြိုင်တည်ရှိနေနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ။