သတင်း

အတိုက်ခံရသည့် MAI လေယာဉ် ဆုံးရှုံးမှု တန်ဖိုး တွက်ချက်နေဆဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြီးခဲ့သည့် အပတ်အတွင်း ရွှေမြန်မာ လေကြောင်းလိုင်းပိုင် လေယာဉ် တစီး က အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) ပိုင် လေယာဉ် တစီးကို မတော်တဆ ထိခိုက်မှုနှင့် ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုး တွက် ချက်နေဆဲ ဖြစ်ကြောင်း သိရသည်။

“လေယာဉ်ရပ်နားတဲ့ ပါကင် မလွတ်လို့ ဝင်တိုက်တာ မဟုတ်ဘူး၊ လေယာဉ် ပြောင်းရွှေ့ရာမှာ စနစ်တကျ မလုပ်လို့ ဖြစ်ရတဲ့ ပြဿနာ၊ တကယ်လို့သာ လေယာဉ်ရွှေ့တုန်း ဘရိတ်တုံး ခံထားခဲ့မယ်ဆိုရင် ဒီလို ဖြစ်စရာ အကြောင်း မရှိဘူး၊ ဆုံးရှုံးမှု စရိတ် ကတော့ တွက်ချက် နေဆဲပဲ”ဟု MAI ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ယမန်နေ့ MAI ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။

ဧပြီ ၁၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်က ရွှေမြန်မာ လေကြောင်းလိုင်းမှ ထိုင်းနိုင်ငံ ဘန်ကောက် ခရီးစဉ်တွင် အသုံးပြုမည့် XY-AGT လေယာဉ်ကို ပါကင် အမှတ် Bay-1 မှ လေယာဉ် ထွက်ခွာရာ နေရာသို့ ဆွဲလာပြီး လေယာဉ်ဆွဲယာဉ်မှ ဖြုတ်လိုက်စဉ် လေ ယာဉ် သည် ပေ ၁၆၀၀ ခန့် အကွာအဝေးသို့ ဆက်လက် ရွေ့လျားသွားပြီး ညအိပ် ရပ်နားထားသည့် MAI လေကြောင်းက ပိုင် ဆိုင် သည့် XY-AGR လေယာဉ် နောက်ပိုင်းသို့ အရှိန် မထိန်းနိုင်ဘဲ တည့်တည့် ဝင်တိုက်မိခြင်း ဖြစ်ကြောင်း MAI ၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လေယာဉ် ရွှေ့ပြောင်းရာတွင် ရွှေမြန်မာ လေယာဉ်ကြောင်းလိုင်းပိုင် XY-AGT လေယာဉ်၏ စက်ခန်းထဲတွင် လေယာဉ် အင်ဂျင်နီယာ ၂ ဦး ပါရှိကြောင်း သိရသည်။

အဆိုပါ လေယာဉ် ရွှေ့ပြောင်းမှုကို ဆောင်ရွက်ခဲ့သူများက SOP (Standard Operation Procedure) ကို လိုက်နာခြင်း မရှိခဲ့သည့် အတွက် ယခုကဲ့သို့ မတော်တဆ ထိခိုက်မှုမျိုး ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ဦးခင်မောင်လတ်က ဆိုသည်။

မတော်တဆ ထိခိုက်မှုကြောင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း( MAI) ပိုင်ဆိုင်သည့် XY-AGR လေယာဉ်၏ ညာ ဘက် နောက်ပိုင်း Frame 62 မှ Frame 71 ညာဘက်ခြမ်း ညာဘက် တံခါးပေါက်၊ Nose Landing Gear ၊ Main Landing Gear နှင့် Toilet No-2 တို့ ပျက်စီးခဲ့ကြောင်း၊ ရွှေမြန်မာ လေကြောင်းလိုင်းပိုင် XY-AGT လေယာဉ်မှ Radome မှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျပြီး Nose Section ပျက်စီးခဲ့ကြောင်း သိရသည်။

“ရွှေ့တဲ့ လူတွေမှာ စနစ်တကျ မရှိလို့ ဖြစ်ရတာပဲ၊ တကယ်တော့ လေယာဉ် နေရာ ရွှေ့တာတောင်မှ ရွှေ့ခွင့်လိုင်စင် ဆိုတာ ရှိရ မယ်၊ ရပ်နားကွင်းက အကျယ်ကြီးပါ၊ နေရာ လုံလုံလောက်လောက် ရှိနေတာပဲ”ဟု လေသူရဲ ဦးလှဝင်းက ဧရာဝတီသို့ ပြောသည်။

ထိခိုက်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်၏ အာမခံကြေးမှာ ၁၉ ဒသမ ၅ ဘီလီယံ ရှိကြောင်း၊ ပျက်စီး ဆုံးရှုံးမှု ကိစ္စများအတွက် တဖက် ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ မပြုလုပ်ရသေးသော်လည်း သက်ဆိုင်ရာက ခုံရုံးဖွဲ့စည်းကာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရွှေမြန်မာ လေကြောင်း (GMA) မှ ဘန်ကောက် ခရီးစဉ်တွင် အသုံးပြုမည့် Air Bus (A320) XY-AGT လေယာဉ်အား ခရီးသည် တင်ဆောင်ရန် Parking နေရာသို့ မြန်မာ့လေကြောင်း မြေပြင် ဝန်ဆောင်မှုဌာန (Ground Handling Department)မှ Towing ပြုလုပ်ပြီး ရပ်နားရန် နေရာချထားစဉ် ရပ်နားထားသော Myanmar Airways International (MAI) မှ Air Bus (A319) လေယာဉ်၏ အမြီးပိုင်းအား မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း ရွှေမြန်မာ လေကြောင်း လိုင်းပိုင် ဖေ့စ်ဘုတ် စာမျက်နှာတွင်လည်း ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading