ပြည်မြို့ နဝဒေး တံတားအောက် သမီးရည်းစား စုံတွဲကို ပစ္စည်းလု အကြမ်းဖက် သတ်ဖြတ်ခံရသည်မှာ တနှစ်ပြည့်ပြီ ဖြစ်သော် လည်း အမှုမှန် မပေါ်ပေါက်သေး၍ ဖော်ထုတ်ပေးရန် ကျန်ရစ်သူ မိသားစုက ယနေ့ တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့်နှစ် ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ကိုဇော်မင်းဦးနှင့် မအိဇင်မိုး တို့ စုံတွဲ သမီးရည်းစား ဘာသာဘာဝ ဆင်စုရပ်ကွက် နဝဒေး တံတားအောက် ဧရာဝတီ မြစ်သောင်ပြင်ပေါ်တွင် ချိန်းတွေ့နေစဉ် ကိုဇော်မင်းဦးကို လူ ၃ ဦးက ပစ္စည်းယူ၍ သတ်ဖြတ်မှု ဖြစ် ပွား ခဲ့သည်။
အခင်း ဖြစ်ပွားသည်မှာ တနှစ်ပြည့်ပြီ ဖြစ်သော်လည်း ယနေ့တိုင် အမှုမှန် မပေါ်ပေါက်သေးသည့်အတွက် ကျန်ရစ်သူ မိသားစုနှင့် အသက်မသေဘဲ လွတ်မြောက်လာသည့် ရည်းစားဖြစ်သူ မအိဇင်မိုးတို့က တရားခံ အမြန်ဆုံးဖော်ထုတ်ပေးရေး တောင်းဆို လိုက်ခြင်းဖြစ်သည်။
“အဲ့ဒီတုန်းက တရားခံအစစ်ကို အမြန်ဆုံး ဖော်ထုတ်ပေးပါ့မယ်ဆိုပြီး ကတိပေးခဲ့တဲ့ ဒု ဗိုလ်မှူးကြီး နေဝင်း၊ ဒု ဗိုလ်မှူးကြီး ကျော်စွာမောင်ရော၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ရော သူတို့မှာ တာဝန်အရှိဆုံးပါ၊ သူတို့ ကတိပေးတဲ့အတိုင်း လုပ်မပေးတဲ့ အတွက် ဝမ်းနည်းမိတယ်”လို့ မအိဇင်မိုးက ဧရာဝတီကို ပြောသည်။
ထို့အတွက် တာဝန်ရှိသူများ အနေဖြင့် ပေးထားသည့် နှုတ်ကတိအတိုင်း တာဝန်ယူဖော်ဆောင်ပေးရန် လာမည့် ဧပြီ ၂၇ ရက် နေ့တွင် ပြည်မြို့ အခြေစိုက် သံလွင်ခက် Human Rights Initiative ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။
ကိုဇော်မင်းဦး၏ အစ်မဖြစ်သူ မသီတာဦးကလည်း တရားခံ အစစ်အမှန် ပေါ်ပေါက်လာစေရန် မိသားစုဝင်များအနေနှင့် နည်းလမ်း ပေါင်းစုံ အသုံးပြုခဲ့ရကြောင်းနှင့် တရားခံမပေါ်ပေါက်မခြင်း မိသားစုဝင်များအနေနှင့် တာဝန်မကျေသလို ခံစားနေရကြောင်းပြော သည်။
“ကျမတို့မောင်လေးကို ဘာကြောင့် ရက်ရက်စက်စက် ဘယ်သူတွေက သတ်သွားသလဲ၊ ဘာလို့သတ်သွားသလဲ ဆိုတာ ကျမတို့ အသိချင်ဆုံး အကြောင်းအရာပါ၊ CID ကိုလည်း ဖုန်းဆက်မေးသလို စစ်တပ်ကိုလည်း ဆက်မေးတယ်၊ အရင်ကတော့ ဖုန်းဆက် ရင် ပြန်ဖြေသေးတယ်၊ အခုဆို ဖုန်းတောင် မကိုင်တော့ဘူး”ဟု မသီတာဦးက ပြောဆိုသည်။
သေဆုံးသူ ကိုဇော်မင်းဦးသည် ပြည်မြို့ မဟာဇေယျုံကျောင်းတိုက်ရှိ ဘုန်းတော်ကြီး စာသင်ကျောင်းတွင် ၇ နှစ်သားအရွယ်မှ စတင်ကာ ကျောင်းထိုင်ဆရာတော်မှ သားတပည့်အဖြစ် မွေးစားခံခဲ့ရပြီး ထိုဘုန်းတော်ကြီး ကျောင်းတွင်ပင် ကျောင်းဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်သည်။
ထိုလူသတ်မှု ဖြစ်ပွားစဉ်က အနီးတွင် တွေ့ရှိရသည့် မသင်္ကာသူ ပြည်မြို့ မိကျောင်းရဲ အခြေစိုက် ခြေလျင် တပ်ရင်း(ခလရ) ၇၅ မှ တပ်သား ရဲကိုဦး၊ သန်းထိုက်အောင်၊ သန်းဝင်းအောင် တို့ကို ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီးနောက် တပ် မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းဘိုရှိန်နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး မြင့်အောင် တို့က အဆိုပါ လူသတ်မှုတွင် မိမိတို့ စစ်သားများ နှင့် မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များ ထုတ်ပြန်ခဲ့သည်။