တရုတ်-မြန်မာ နယ်စပ်ဂိတ်၌ အစားအသောက်နှင့် ဆေးဝါးများ စစ်ဆေးရန် ဓာတ်ခွဲခန်း ဖွင့်မည်
This article has been converted from Zawgyi One to Unicode
တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင်ဂိတ်တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အစားအသောက်၊ ဆေးဝါး ပစ္စည်းများ စစ် ဆေးရန် လာမည့် ရက်ပိုင်းအတွင်း အသေးစား ဓာတ်ခွဲခန်းတခု ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေး ဦးစီးဌာန(FDA)မှ သိရသည်။ ပြီးခဲ့သည့် လက အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့တွင် ဓာတ်ခွဲခန်း တခု ဖွင့်လှစ်ပြီးကြောင်း၊ အခြားသော တာချီလိတ်၊ မြဝတီ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း စသည့် နယ်စပ် စခန်းများတွင်လည်း ဆက်တိုက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း FDA လက်အောက်ရှိ ဓာတ်ခွဲခန်းဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ချစ်က ပြောသည်။ အဓိက ဓာတ်ခွဲခန်းများသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များတွင် ရှိပြီး မကြာခင် အလတ်စား ဓာတ်ခွဲခန်းများကို နေပြည်တော်နှင့် မန္တလေး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတွင်လည်း ဖွင့်လှစ်သွားရန် ရှိကြောင်း သိရသည်။