ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ဘဏ္ဍာငွေ အသုံးစရိတ်များ သုံးစွဲမှုသည် ဥပဒေနှင့် ညီညွှတ်ခြင်း မရှိဟု တိုင်းဒေသကြီး လွှတ်တော် အမတ်များက ဆိုသည်။
“ဘတ်ဂျက်ကို စသုံးတာက ဧပြီ ၁ ရက် ကတည်းက ဒါကို ဧပြီ ၂၃ ရက်မှာ တင်မှာဆိုတော့ ဒီကာလ အတွင်းမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဘယ်လို ဥပဒေမျိုးတွေနဲ့ သုံးသလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက တိုင်းဒေသကြီး နည်းဥပဒေ ပြဌာန်းချက် အရ ပြည်ထောင်စု လွှတ်တော်မှ တိုင်းဒေသကြီး သုံးစွဲမည့် ဘတ်ဂျက်ကို အတည်ပြုခြင်း မရှိပါက သာမန် အသုံးစရိတ်များကို ယခင်နှစ်များ အတိုင်း သုံးစွဲနိုင်ကြောင်း ဖော်ပြထားသည့် အတွက် ယခု သုံးစွဲမှုမှာ ဥပဒေနှင့် ညီညွှတ်ကြောင်း ပြောသည်။
“ဥပဒေတွေက ရှိပြီးသားပါ၊ ဥပဒေချုပ် အကြံပြုချက် ရှိတယ်၊ အချိန်မရွေး မေးလို့ ရတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
တိုင်းဒေသကြီး နည်းဥပဒေ အရ ပြည်ထောင်စု လွှတ်တော်မှ တိုင်းဒေသကြီး သုံးစွဲမည့် ဘတ်ဂျက်ကို အတည်ပြုခြင်း မရှိပါက သာမန် အသုံးစရိတ်များကို တိုင်းဒေသကြီး အစိုးရက ယခင်နှစ်အတိုင်း သုံးစွဲနိုင်ပြီး အကြီးစား သုံးစွဲမှု ငွေလုံးငွေရင်း အသုံးစရိတ် ကို သုံးစွဲခွင့် မရှိကြောင်း သိရသည်။
ယင်းသို့ အကြီးစား သုံးစွဲမှု ငွေလုံးငွေရင်း အသုံးစရိတ်ကို သုံးစွဲခွင့် မရှိသော်လည်း ယခုနှစ် သင်္ကြန်ကာလ သုံးစွဲငွေများမှာ ငွေလုံး ငွေရင်း သုံးစွဲမှု အနေဖြင့် သုံးစွဲထားပြီး ဖြစ်ကြောင်း၊ အဆိုပါ အသုံးပြုမှုသည် ဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း လွှတ်တော် အမတ် များက ထောက်ပြ ပြောဆိုသည်။
“ဒါကတော့ တိုင်းဒေသကြီး အစိုးရကို မေးရမှာပေါ့၊ သူတို့ ဘယ်လိုသုံးလဲ သူတို့ သိမှာပါ၊ ဘာမှ မပြောနိုင်သေးပါဘူး”ဟု တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက ဆိုသည်။
တိုင်းဒေသကြီး အသုံးစရိတ်ကို ပြည်ထောင်စု လွှတ်တော်မှ မတ်လ ၂၆ ရက်က စတင် သုံးစွဲခွင့် ချပေးထားပြီး ဖြစ်သောကြောင့် တိုင်းဒေသကြီး လွှတ်တော်က လွှတ်တော် အစည်းအဝေးကို အချိန်မီ ခေါ်ယူနိုင်ကြောင်း၊ ယခင် အစည်းအဝေးများတွင် ယင်းသို့ ခေါ်ယူကာ ဘတ်ဂျက်သုံးငွေကို အတည်ပြုလေ့ ရှိကြောင်းလည်း လွှတ်တော် အမတ်များက ပြောဆိုကြသည်။
“ဧပြီ ၁ ရက် သုံးရမယ့်ငွေကြေးကို ဧပြီလကုန် သတ်မှတ်ရက် ကျော်လွန်ပြီးမှ အစ်မတို့က အတည်ပြုရတယ်၊ ပြောရရင် လွှတ်တော် က အရုပ် သဘောပေါ့၊ အစိုးရ အဖွဲ့က ဒါက ပထမဆုံး နောက်ကျတာပေါ့၊ အရင်က မတ်လထဲ အမြဲ အတည်ပြု ရတယ်၊ ဥပဒေကြမ်းကလည်း နှစ်ဆန်း ၁ ရက်မှ ရောက်တယ်၊ သူတို့က ပေးတဲ့ရက်ကိုကျတော့ ၉ ရက် တပ်ထားတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ဘတ်ဂျက် သုံးစွဲငွေ တင်ပြမှုများမှာ တိုင်းဒေသကြီး၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သုံးစွဲမှုပိုင်းတွင် သံသယဖြစ်ဖွယ် အငြင်းပွားဖွယ် သုံးစွဲမှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
“အစိုးရက တိုင်းဒေကြီး သုံးစွဲငွေတွေက တနှစ်ထက် တနှစ် ရှင်းလင်းမှု မရှိတာတော့ မပြောင်းလဲဘူး၊ ခေါင်းစဉ်ပြောင်း သုံးစွဲတာတွေ ရှိတယ်၊ စည်ပင်သာယာရေး အဖွဲ့(နယ်စပ်စည်ပင်)က ရဖို့ငွေတွေ မရတာတွေ ရှိတယ်၊ ဒါတွေက အခုထိ မရှင်းဘူး၊ နောက်မြေ ငှားရမ်းခတွေလည်း အရမ်း နည်းနေတယ်၊ ဒီလောက် မြေဈေးတက်တာမှာ လုံလောက်တဲ့ ငှားရမ်းခတွေ မရတာ ဖြစ် နေ တယ်၊ ဒါတွေက အမြဲ ထောက်ပြနေရဆဲပဲ”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက် သုံးစွဲမှုမှာ လွှတ်တော်အတွင်း ငြင်းခုံစရာ ရှိနေသေးကြောင်း၊ ယင်းအပြင် တိုင်းဒေသကြီး အစိုးရက လွှတ်တော်ကို လွှမ်းမိုးမှုများကြောင်း လွှတ်တော်အမတ်များအကြား မကြာခဏ ဆိုသကဲ့သို့ ဝေဖန်မှုများ ရှိနေသည်။
“အခုဘတ်ဂျက်က ရှင်းရှင်း ပြောရရင် ဥပဒေနဲ့ မညီဘူး၊ ဘယ်နိုင်ငံမှလည်း မရှိဘူး၊ ဒီလို မညီတဲ့ ဘတ်ဂျက်ကရော အသက်ဝင်ပါ့ မလားပေါ့၊ နောက်ကြောင်းပြန် သက်ရောက်မှု ဖြစ်နေတယ်၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတာပေါ့၊ ဝန်ကြီးချုပ် အနေနဲ့က အခုချိန်အထိ သူ့ကိုယ်သူ တိုင်းမှူးလို့ မြင်နေပုံ ရတယ်၊ ဘတ်ဂျက် ဥပဒေကို အချိန်မီ မတင်နိုင်တာက ဒီမိုကရေစီ လမ်းကြောင်းမှာမရှိဘဲ အာ ဏာ ရှင်ဆန်ဆန် သုံးနေတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးကျော်က ပြောသည်။
ဘဏ္ဍာနှစ်မှာ ဧပြီ ၁ ရက်တွင် စတင် သက်ရောက်မည် ဖြစ်သော်လည်း ဘတ်ဂျက် သုံးငွေမှာ အတည်ပြုနိုင်ခြင်း မရှိသေးသည့် အတွက် လက်ရှိတွင် တိုင်းဒေသကြီး အစိုးရ အနေဖြင့် သာမန် အသေးစား သုံးစွဲငွေတွင် သုံးစွဲနေခြင်းများကို ဥပဒေအတိုင်း သုံးစွဲနေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် တဦးက ပြောသည်။
ယခု ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးကို ဧပြီ ၂၃ ရက်တွင် ပထမနေ့ အဖြစ် စတင်မည် ဖြစ်ပြီး ဘတ်ဂျက် သုံးစွဲမှုကို ပထမဆုံးနေ့တွင် ရှင်လင်းမည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် လိုငွေမှာ ၆၁ ဘီလီယံ အထိ ရှိလာကြောင်း သိရပြီး တနှစ်လုံး သုံးစွဲငွေအပေါ် ဧပြီ ၂၃ ရက် ကျင်းပမည့် အဋ္ဌမ ပုံမှန် အစည်းအဝေးမှသာ ရှင်းလင်း ပြောကြား အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။
သတ္တမ ပုံမှန်အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ ပြုလုပ်ခဲ့ပြီး လွှတ်တော် အစည်းအဝေး မပြုလုပ်နိုင် သည်မှာ လေးလခန့် ကြာမြင့်နေပြီ ဖြစ်သည်။