“တခါတည်း သေသွားဖို့ ဆုတောင်းတာ မရဘူး၊ ပြန်ကောင်းလာတယ်”
ခြေတုတပ်ထားရသည့် ညာဘက်ခြေထောက်ကို မြင်သာစေရန် လုံချည်အနားစအား လှစ်ပြရင်း ဒေါ်စိုးစိုးတယောက် အတိတ်ကို ပြန်ပြောင်း ပြောပြရန် အားယူလိုက်သည်။
“လွင့်ထွက်သွားတာလား ဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် မမှတ်မိဘူး၊ ခြေထောက်တဘက် ပြတ်နေတယ်ဆိုတာ ဆေးရုံရောက်မှ သိတယ်” ဟု သူက ပြောသည်။
၁၄ နှစ်အရွယ် အကြီးဆုံး သမီးလေးနှင့်အတူ သူနေထိုင်ကြီးပြင်းရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့မှ ၁ မိုင် ကျော်ကျော် သာ အကွာအဝေးရှိသော တောအစပ်သို့ မိသားစု ဟင်းစားရရန် မျှစ်များ သွားချိုးသည့်နေ့ကို သူကောင်းကောင်း မှတ်မိနေသေးသည်။
ထိုနေ့က သူ မြေမြှုပ်မိုင်း တလုံးကို တက်နင်းခဲ့မိလေသည်။ ခြေထောက်တွင် ဒဏ်ရာရ၍ ပစ်လဲကျသွားသည့် အချိန် သွေးရူး သွေးတန်း ဒယဥ့်တိုက်ဆွဲကာ ထိုနေရာမှ ရွှေ့နိုင်ရန် ကြိုးစားလိုက်သည်။
“မိုင်းထိတယ်ဆိုပြီး ရွှေ့ထိုင်လိုက်တော့ နောက်ထပ် မိုင်းတလုံးပေါ်ကို ထပ်ပြီး လက်ထောက်မိတယ်၊ လက်မနဲ့သာ ဖိမိလိုက်ရင် အဒေါ် အဲဒီနေရာမှာ ပွဲချင်းပြီးပဲ” ဟု ဒေါ်စိုးစိုးက အသက်ဘေးက လွတ်ခဲ့ပုံကို အနည်းငယ် စိတ်လှုပ်ရှားသည့် အမူအယာဖြင့် ပြန် ပြောပြသည်။
မြေမြှုပ်မိုင်း ပေါက်ကွဲသဖြင့် ဒဏ်ရာရသွားသော မိခင်အား အချိန်မီ ကယ်တင်နိုင်ရေးအတွက် အိမ်နီးချင်းများကို အကူအညီ တောင်း ရန် တောစပ်မှ ဆင်းပြေးသွားသည့် သမီးဖြစ်သူအား ဘေးမသီ ရန်မခစေရန် သူ ဆုတောင်း ကျန်ခဲ့သည်။ သူ့ကို လာကူညီ မည့် သူများအတွက်လည်း အန္တရာယ်ကင်းစေရန် သူထပ်တလဲလဲ ဆုတောင်းနေမိသည်။
သို့သော် သူ၏ ဆုတောင်းကား မပြည့်ဝခဲ့။ ကူညီရန် လိုက်လာ သူများအနက် တဦးက ထိုတောစပ်၌ပင် မြေမြှုပ်မိုင်း ထိ၍ ညာ ဘက် ခြေထောက် ဆုံးရှုံးလိုက်ရသည်။ နာရီပိုင်းအတွင်း ပြည်တွင်းစစ် လက်ကျန် မြေမြှုပ်မိုင်း များကြောင့် သာမန်အရပ်သား ၂ ဦး ဓားစာခံ ဖြစ်ခဲ့ရသည်။
၂၀၀၇ ခုနှစ် မိုးဦးကျ ကာလ၏ နေ့တနေ့အကြောင်းကို ဒေါ်စိုးစိုးတယောက် အသံဝဲဝဲကလေးဖြင့် စီကာပတ်ကုံး ပြောပြသည်။ သူ သည် ဗမာအမျိုးသမီးတဦး ဖြစ်သော်လည်း ရေမြေကို လိုက်၍ထင်သည် သူ့အသံက ကရင်တိုင်းရင်းသူ တယောက်ကဲ့သို့ ခပ်ဝဲဝဲ ဖြစ်နေ၏။
“မိုင်းထိသွားပြီဆိုရင် အသည်းအသန် ခြံပေါင်၊ အိမ်ပေါင်နဲ့ ငွေပါမှ ကုလို့ရတယ်၊ ငွေမပါရင် ကုလို့မရဘူး၊ သွေးကတော့ အလကား ရတယ်၊ ကျန်တာတွေ ဘာမှ အလကား မရဘူး” ဟု စစ်ဘေးဒဏ်ခံ ပြည်သူများအတွက် အစိုးရ ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက် မှု အခြေအနေကို ဒေါ်စိုးစိုးက ပြောပြသည်။
မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကြေ ဒဏ်ရာရသူ စုစုပေါင်း ၃၂၄၂ ဦး ရှိကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီး ကာကွယ်ရေး အဖွဲ့(ICBL) ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့အပြင် လွန်ခဲ့သည့် ၇ နှစ်တာအတွင်း ကောက်ယူထားသည့် စာရင်းများအရ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် သေကြေပျက်စီး မှု အများဆုံး နိုင်ငံများမှာ အာဖကန်နစ္စတန်၊ ကိုလံဘီယာ၊ မြန်မာ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီယား နိုင်ငံများဖြစ်ကြောင်း ယင်းအစီရင် ခံစာ က ဆိုသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက မြေမြှုပ်မိုင်း အသုံးပြုမှု ကျဆင်းလျက် ရှိသော်လည်း အစိုးရ စစ်တပ်၏ မြေမြှုပ်မိုင်း အသုံးပြုမှုမှာမူ မြင့်တက်လာကြောင်း ICBL ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဒေါ်စိုးစိုးနှင့် သူ၏ ခင်ပွန်းတို့သည် ထိုကိန်းဂဏန်းများတွင် ပါဝင်သော စစ်၏ သားကောင်များ ဖြစ်လေသည်။
“အဒေါ့် ယောက်ျားလည်း သူများကို သွားကူညီရင်း မိုင်းထိထားတာလေ၊ ဒါပေမယ့် ပြတ်မသွားဘူး၊ ခြေထောက်ကြီးက နဲ့ပြီး နာနေ တယ်၊ တောတွေ တောင်တွေတက်ပြီး အလုပ်မလုပ် နိုင်တော့ဘူး” ဟု ဒေါ်စိုးစိုးက ပြောပြသည်။
သို့သော် သူတို့ နင်းမိခဲ့သည့် မိုင်းသည် မည်သူထောင်သည့် မိုင်းဖြစ်သည်ကို ဒေါ်စိုးစိုး စိတ်မဝင်စား။ အစိုးရ စစ်တပ်ကြောင့်ဖြစ် စေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြောင့်ဖြစ်စေ လက်တွေ့ဘဝတွင် သူ၏ခြေတဘက် ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်သည်။ လက်ရှိ တပ်ဆင်ထားသည့် ပလတ်စတစ်ခြေတု တဘက်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့မှ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ထိုခြေတုတဘက်ရရန်ပင် ကရင်ပြည်နယ် ဘားအံမြို့သို့ သွားခဲ့ရသည်။
မြေမြှုပ်မိုင်းသည် ဒေါ်စိုးစိုး၏ ညာခြေတဘက် ဆုံးရံှူးခဲ့ရရုံ သာမက အရွယ်မရောက်သေးသည့် ကလေးငယ်များကိုလည်း ကျောင်း ပညာရေးနှင့် ဝေးစေခဲ့သည်။ စီးပွားရေး အဆင်မပြေသဖြင့် သားသမီး ၅ ဦးအနက် ၃ ဦးကို အိမ်အတွက် ကူဖော်လောင်ဖက် ရစေ ရန် ကျောင်းထုတ်ခဲ့ရသည်။ လက်ရှိတွင် ၆ တန်းကျောင်းသား တယောက်နှင့် ပထမတန်း ကျောင်းသားများဖြစ်သည့် သားအငယ် လေး ၂ ဦးကိုသာ ကျောင်းထားနိုင်သည်။
သို့သော် အတန်းပညာ မြင့်လာ၍ ပညာရေး ကုန်ကျစရိတ် မြင့်လာပါက ထိုကလေးများအား ကျောင်းဆက် ထားနိုင်၊ မထားနိုင် ဆိုသည်က မသေချာသေးပေ။
“ကျောင်းလည်း အများကြီး မထားနိုင်ပါဘူး၊ မိန်းကလေးတွေကျတော့ အိမ်မှာ ကူဖော်လောင်ဖက်လုပ်တယ်၊ ပညာမတတ်တော့ သူများဆီမှာ နေ့စားလုပ်ရတယ်၊ ကျောင်းပေးမတက်နိုင်ဘူး”ဟု ဒေါ်စိုးစိုးက ပြောပြသည်။
ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အစိုးရစစ်တပ်တို့ တိုက်ခိုက်နေစဉ် ရိက္ခာများသယ်ရန် အစိုးရ စစ်တပ်၏ ပေါ်တာ ဆွဲခြင်း ခံခဲ့ရသည့် ကာလများကို ဒေါ်စိုးစိုး ဘယ်တော့မှ မေ့မည်မထင်။ ပြည်တွင်းစစ်၏ သဘော သဘာဝအတိုင်း အစိုးရ စစ်တပ် ၏ ဒဏ်ကို ခံစားခဲ့ရသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် တပ်များ၏ ဒဏ်ကိုလည်း ခံစားခဲ့ရသည်။
စစ်ကြောင့် ခံစားရသည့် စိတ်မလုံခြုံမှုများသည်လည်း ဒေါ်စိုးစိုးတို့၏ ဘဝများကို နှစ်ပေါင်းများစွာ ရိုက်ခတ်ခဲ့သည်။
ပြည်တွင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ၏ အောင်မြင်မှုလေလား၊ ဒေါ်စိုးစိုး တယောက် မသေချာလှသော်လည်း ယခုနောက်ပိုင်း ကာလများတွင် ပစ်ခတ်သံများ မရှိတော့ဟု ပြောနိုင်နေပြီဖြစ်သည်။ နှစ်ဘက်တပ်များမှ စစ်သားများကလည်း နယ်မြေတခုတည်းတွင် လွတ်လွတ်လပ်ပင် သွားလာလျက် ရှိကြသည်ကို မြင်လာရသည်။ ယခင်က နှစ်ဘက်တပ်များထံ အခွန် အခ များ ပေးဆောင်ရသော်လည်း ယခုနောက်ပိုင်းတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ အခွန်ကောက်ခံခြင်း မရှိတော့ကြောင်း ဒေါ်စိုးစိုးက ပြောသည်။
“အရင်ကဆို ပြည်သူ့စစ်လည်း ပေးရတယ်” ဟု သူက ဆိုသည်။
“ဒညင်းသီး မခူးရဘူးဆိုတာ သွားခူးရင် ရိုက်ထုတ်တာလောက်ပဲ ရှိတယ်၊ ဟိုတုန်းကလို မသတ်တော့ဘူး၊ ဟိုတုန်းက တအား သတ်တယ်၊ ကျောက်ကြီးမြို့မှာ ရပ်ကွက် တခုတည်းတင် အယောက် ၅၀ လောက် သေသွားဖူးတယ်၊ ၁၀ ယောက် တဖွဲ့၊ ၁၂ ယောက် ၁၆ ယောက် တဖွဲ့၊ အဲဒီလို အသတ်ခံရတာ၊ သူတို့နယ်မြေထဲမှာ ခူးလို့ဆိုပြီး အသတ်ခံရတာ” ဟု အတိတ်က အတွေ့အကြုံများကို ဒေါ်စိုးစိုးက လေသံခပ်တိုးတိုးဖြင့် ပြောပြသည်။
အလားတူ သစ်ဥသစ်ဖုနှင့် ဟင်းစားရှာဖွေရန် တောထဲတောင်ထဲသို့ သွားလာမှုများ ရှိကြသော်လည်း ယခင်ကာလများကလောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှု မကြုံကြရတော့သည်က ဒေါ်စိုးစိုးတို့အတွက် အပြောင်းအလဲ တခုဟု ဆိုရမည်။
သို့သော် လူထိခိုက်မှု နည်းပါးသည့် ပေါက်ကွဲမှုများကတော့ ရှိမြဲ၊ ရှိနေဆဲပင် ဖြစ်သည်။
သူက “အခုနောက်ပိုင်း မိုင်း လျော့သွားတယ်၊ ဒါပေမယ့် အကြွင်းအကျန် တွေကတော့ ပေါက်တုန်းပဲ၊ မိုင်းထိတာက အမျိုးသား တွေ များတယ်၊ ဆေးရုံတွေမှာ မရောက်ဘူး ဆိုရင်တောင် ၁ နှစ်ကို ၁ ယောက် ၂ ယောက်လောက် ရောက်တယ်၊ အရင်တုန်းက လောက်တော့ မရောက်ဘူး၊ အရင်တုန်းက ဆိုရင်တော့ အများကြီးပဲ”ဟု နှိုင်းယှဉ် ပြောသည်။
ထိုအပြောင်းအလဲ ကာလသည် ဒေါ်စိုးစိုးတို့ ဘဝအတွက် ပြန်လည်ထူထောင်ရေး ကာလအခြေအနေသို့ အခုတိုင် မတိုးတက်နိုင် သေးသည်ကို သူ့စိတ်ထဲတွင် အားမလိုအားမရ ဖြစ်နေသည်။
“စစ်ဘေးစစ်ဒဏ်ကို ခံစားခဲ့ရတယ်၊ အခုချိန်အထိ ဘာမှ မပြောင်းလဲသေးဘူး၊ ကျန်းမာရေးနဲ့ ပတ်သက်လို့လည်း ငွေရှိမှ ဆေးရုံသွား၊ ငွေမရှိရင် မရဘူး၊ ကျောင်းပညာရေးကလည်း ငွေရှိမှ ကျောင်းထား၊ ငွေမရှိလို့ ကျောင်းမထားနိုင်တဲ့ ဆင်းရဲသား ကလေးတွေ အများကြီးပဲ၊ ၇ နှစ် ၈ နှစ် အရွယ်တောင် ကျောင်းမတက်တာ အများကြီးရှိတယ်” ဟုလည်း သူက ပြောဆိုသည်။
ပြည်တွင်းစစ် ဒဏ်ကို နှစ်ကာလ ကြာရှည်စွာ ခံစားခဲ့ရသည့် သူတို့အတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများနှင့် ပညာရေး ပံ့ပိုးမှုများ လိုအပ်နေသော်လည်း လက်ရှိ အချိန်တွင် မည်သည့် အဖွဲ့အစည်း ထံကမျှ အကူအညီ မရရှိသေးပေ။
“ငြိမ်းချမ်းရေးပဲ လိုချင်တယ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးစေချင်တယ်၊ အသက်မွေးဝမ်းကျောင်း ပညာလေးတွေ သင် ပေးစေချင်တယ်၊ စာမတတ်တော့လည်း စာမတတ်တဲ့လူအတွက် အလုပ်တခုခုပေါ့” ဟု ဒေါ်စိုးစိုးက ဆက်ပြောသည်။
အလားတူ အရေးတကြီး လိုအပ်နေသော အခြားအရာတခုမှာ စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှု ဖြစ်သည်ဟုလည်း သူက ထင်မြင် သည်။
“ဒီလိုဖြစ်နေတာတွေကို ဖွံ့ဖြိုးရေးတွေ လုပ်ဖို့က အစိုးရတင် မဟုတ်ဘူး၊ KNU(ကရင်အမျိုးသား အစည်းအရုံး)မှာလည်း လုပ်ပေးဖို့ တာဝန်ရှိ တယ်လို့ ထင်ပါတယ်၊ သူတို့တွေ လုပ်ခဲ့လို့ ဖြစ်ခဲ့ရတာတွေလေ၊ အစိုးရဘက်ကလုပ်လို့ ထိခိုက်တာတွေလည်း ရှိတော့ အားလုံး ပါဝင်သင့်တယ်လို့ ထင်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။
တတိယတန်း အထိသာ တက်ဖူးပြီး ရေးတတ်၊ ဖတ်တတ်လောက်သာ ပညာတတ်သည့် ဒေါ်စိုးစိုးက ရေဒီယို အသံလွှင့် အစီအစဉ် များကို ပုံမှန်နားထောင်သည်ဟုလည်း ဆိုသည်။
နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ပြီး လက်ရှိအချိန်ထိ ငြိမ်းချမ်းရေး ဆိုသည်မှာလည်း မရေရာသေးသည့် အချိန် တွင် သူစိတ်ဝင်တစား နားစွင့်မိသည်မှာ စားပွဲဝိုင်းများပေါ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကြောင်းပင် ဖြစ်သည်။
“အစိုးရနဲ့ လက်နက်ကိုင်တွေ ဆွေးနွေးနေတယ် ဆိုတာကို ရေဒီယိုမှာ ကြားပါတယ်၊ အဖွဲ့အစည်းတွေက လာပြောတာတွေ မရှိဘူး။ ရေဒီယိုနားထောင်လို့ သိလို့ ပြန်ပြောပြရင်တောင်မှပဲ အဲဒီစကားတွေ မပြောနဲ့၊ ရေဒီယို အကျယ်ကြီး နားမထောင်နဲ့ဆိုပြီး အချင်းချင်း ပြောကြတယ်၊ မသက်ဆိုင်ဘဲ နားထောင်တယ်၊ ပြဿနာတက်မယ် ဆိုတာမျိုးပေါ့”ဟု ဒေါ်စိုးစိုးက ပြောပြသည်။
ပြည်တွင်းစစ် ဖြစ်နေချိန်၊ တိုက်ပွဲများ၊ ပစ်ခတ်သံများကြားတွင် အသက်ရှင် နေထိုင်ခဲ့ရသည့် ကာလ ကျော်လွန်ခဲ့ပြီး ယခု အပစ် အခတ် ရပ်စဲထားသည့် ကာလ၊ ခေါင်းဆောင်များ ဆွေးနွေးနေဆဲ ကာလပင်လျှင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
တချို့ တိုင်းရင်းသား လက်နက်ကိုင် တပ်များဆိုလျှင် အပစ်အခတ် ရပ်စဲရုံသာမက နယ်ခြားစောင့်တပ် အဖြစ်ပင် အသွင်ပြောင်း ၍ စီးပွားရေး လုပ်ငန်းကောင်းများဖြင့် ဝင်ငွေကောင်းနေကြပြီ ဖြစ်သည်။ ယခင်က တိုက်ပွဲနယ်မြေ တချို့တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ၊ သဘာဝ သယံဇာတ တူးဖော်မည့် လုပ်ငန်းများက လုပ်ငန်းစတင် လုပ်ကိုင်ရန် တာစူလျက် ရှိသည်။
သို့သော် မုန်တိုင်း ပြီးဆုံးသွားချိန်တွင် လေပြေလေအေးများ တိုက်ခတ်မြဲဆိုသည့် စကားသည် ဒေါ်စိုးစိုးတို့လို စစ်ဘေးဒဏ်ခံ သာမန် အရပ်သားများ အတွက်မူ လက်တွေ့မကျသေး ဟုပင် ဆိုနိုင်သည်။
ကျောက်ကြီးမြို့ပေါ်နှင့် အလှမ်းဝေးလှသော ကျေးရွာများရှိ ဆွေမျိုးသားချင်းများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးခိုလှုံ နေကြသည်မှာလည်း ယနေ့တိုင်ပင် ဖြစ်သည်။ စစ်အသုံးစရိတ်များ၊ ငြိမ်းချမ်းရေး အသုံးစရိတ်များက ဗုံးပေါလအောဖြစ်နေသလောက် စစ်အတွင်း နစ်နာခဲ့ရသူများ၊ အသက်အိုးအိမ် စည်းစိမ် ထိခိုက်နစ်နာခဲ့သူများကို မည်သူက ပြန်လည် ထူထောင်ပေးမည် ဆိုသည်ကလည်း အခုအချိန်အထိ မသေချာလှသေး။
စစ်၏ ဘေးထွက်ဆိုးကျိုးများ ဒဏ်ကို ထုသားပေသား ကျနေပုံပေါ်သည့် ဒေါ်စိုးစိုး တယောက် ခြေနှစ်ဘက်လုံး အကောင်းပကတိ မရှိတော့သည့်နောက်တွင် မူလက လုပ်ကိုင်ခဲ့သည့် ကျပန်း အလုပ်များကို မလုပ်နိုင်တော့ဘဲ ကလေးများနှင့် အိမ်မွေး တိရစ္ဆာန် ကလေးများကို ပြုစုစောင့်ရှောက်ရင်း စိတ်ဒုံးဒုံးချနိုင်သော ငြိမ်းချမ်းရေးကိုသာ တောင့်တ နေမိလေသည်။ ။