နိုင်ငံရေး သိပ္ပံပညာရှင် အီဂေါ ဗလာဇဗစ်နှင့် တွေ့ဆုံခြင်း

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သုံးနှစ် သက်တမ်း ရှိပြီဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့က ဒီမိုကရေစီ နည်းလမ်းတွေ အတိုင်း ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ် ဆိုပေမယ့်  တကယ်တမ်း ဖြစ်ဖြစ်မြောက်မြောက် ပြောင်းလဲတာမျိုးကို မတွေ့ရသေးဘူး လို့ နိုင်ငံရေး စောင့်ကြည့် လေ့လာသူတွေက ဆိုကြပါတယ်။ ဒီမိုကရေစီ စနစ်ကို လိုလိုလားလား သွားဖို့ ကြိုးစားနေတဲ့ အစိုးရ တရပ်လို့လည်း ပုံဖော်ဖို့ ခက်ခဲနေသေးတယ်လို့ ထောက်ပြ ဝေဖန်ကြပါတယ်။

ဒီအခြေအနေတွေ အပေါ် ရန်ကုန်မြို့မှာ Educational Initiative အမည်နဲ့ နိုင်ငံရေး သိပ္ပံကျောင်း လာရောက်ဖွင့်ထားတဲ့ ချက် သမ္မတ နိုင်ငံသား နိုင်ငံရေး သိပ္ပံပညာရှင် အီဂေါ ဗလာဇဗစ် (Igor Blazevic) က “ဦးသိန်းစိန် အစိုးရဟာ လက်တွေ့မှာ အာ ဏာ ချုပ်ကိုင်မှုတွေနဲ့ လုပ်ဆောင်နေတဲ့ ကပြား အစိုးရ လမ်းကြောင်းကို ဖော်ဆောင် နေတယ်လို့” ဝေဖန် သုံးသပ်ထားပါတယ်။

အီဂေါ ဗလာဇဗစ်ဟာ မြန်မာ့နိုင်ငံရေး လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ ရေးသားနေသလို လူမှုအဖွဲ့အစည်း တွေမှာ နိုင်ငံရေး သိပ္ပံ ဘာသာရပ်ကို လိုက်လံ သင်ကြားပို့ချ ပေးနေသူလည်း ဖြစ်ပါတယ်။

ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင် နေတယ်ဆိုတဲ့ လက်ရှိ အစိုးရ သက်တမ်း သုံးနှစ်ကာလ အတွင်း နိုင်ငံရေး လမ်းကြောင်း ပုံဖော်မှုနဲ့ ပတ်သက်ပြီး မစ္စတာ အီဂေါ ဗလာဇဗစ်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး။      ။ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး အရ ကြည့်မယ်ဆို ဘယ်လို လမ်းကြောင်းမျိုး သွားနေတယ်လို့ မြင်ပါသလဲ။

ဖြေ။       ။ အခု လက်ရှိနိုင်ငံရေး အနေအထားကို ကြည့်ပြီး ဘာဖြစ်မယ် ဆိုတာကို ပြတ်ပြတ်သားသား မပြောနိုင်ဘူး၊ အနေ အထားက စစ်တုရင် ကစားတဲ့ ခုံခြောက်ခုံလောက်ကို အလယ်မှာထား၊ လက်ရှိ အစိုးရဘက်က ကစားသမား ခြောက် ဦးနဲ့  အတိုက်အခံ နိုင်ငံရေးသမားတွေ ဘက်က ကစားသမား ၂၅ ဦးလောက်က ကစားနေသလိုမျိုးပေါ့။

တဘက် ကစားသမား ခြောက်ဦးက စည်းလုံးညီညွှတ်မှု ရှိနေပြီး ၂၅ ဦး ဘက်မှာတော့ စည်းလုံးမှု သိပ်မရှိဘဲ၊ ကစားကွက် မရှိ၊ “မင်းဘက် မင်းရွှေ့၊ ငါ့ဘက် ငါရွှေ့မယ် ဆိုတာမျိုး ထင်ရာလုပ် နေကြတဲ့ သဘောမျိုး” တွေ့ရတယ်။

လာမယ့် ၂၀၁၅ အခြေအနေကို ကြည့်မယ်ဆိုရင် အတိုက်အခံဘက်က NLD တခုတည်းနဲ့တော့ မလုံလောက်ဘူး၊ တခြား အတိုက်အခံ တိုင်းရင်းသား အဖွဲ့တွေ၊ ပါတီငယ်တွေ၊ စည်းလုံး ညီညွှတ်မှု သဘောတူညီမှုတွေ ယူပြီး ရွေးကောက်ပွဲ ဝင်သင့် တယ်၊ ဒါမှလည်း အတိုက်အခံတွေ လွှတ်တော်ထဲမှာ အမတ်နေရာတွေ အတော်များများ ရပြီး အားကောင်းလာမယ်။

အစိုးရဘက်မှာလည်း သူတို့ လက်ဝါးကြီးအုပ်ထားခဲ့တဲ့ စီးပွားရေးက အစ တခြားသော အခြေအနေတွေ ရှိနေသေးတဲ့ အတွက် သမ္မတ ဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ စစ်တပ်ကပဲ ဖြစ်ဖြစ် အာဏာကို ဆက်ပြီး ချူပ်ကိုင် ထားဦးမယ်လို့ ထင်တယ်။

ဒီလို အတိုက်အခံဘက်က အဖွဲ့အစည်း၊ ပါတီတွေ စည်းစည်းလုံးလုံး လုပ်နိုင်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ နှစ် ဘက် အင်အား တောင့်တောင့်တင်းတင်း ရှိနေနိုင်တယ်လို့ ခန့်မှန်းရတယ်။

မေး။      ။ လက်ရှိ အစိုးရက ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေပါတယ်လို့ ပြောနေတာဟာ တကယ်ပဲ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်နေပြီ ပြောလို့ရမလား။

ဖြေ။       ။ နောက်ထပ် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်တဲ့ နယ်ပယ်တခု ရှိသေးတယ်၊ ဒါက ဖက်ဒရယ် ပြည်ထောင်စု စနစ်ပေးရေးပဲ၊  ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို လိုချင်တယ်လို့ပြောတဲ့ နိုင်ငံရေး အင်အားစုတွေလည်း အထင်အရှား ရှိတယ်၊ တိုင်းရင်းသားတွေကို ဖက်ဒရယ် စနစ်ကို အကောင်အထည် ဖော်မပေးဘဲ စိတ်ကျေနပ်မှုရအောင် အစိုးရအနေနဲ့ လုပ် ပေးတာတွေ ရှိနိုင်ပါတယ်။

တိုင်းရင်းသား နယ်မြေတွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေတွေ၊ ပြည်နယ်နဲ့ တိုင်းနယ်မြေတွေကို အုပ်ချုပ်မယ့် အုပ်ချုပ်ရေးမှူးတွေ၊ ပြည်နယ်ဝန်ကြီးတွေကို သူတို့ကိုယ်တိုင် ရွေးကောက်ပွဲက တဆင့် ရွေးချယ် တင်မြှောက်တဲ့ စနစ်တွေ လုပ်ပေးနိုင် တယ်၊ ခွင့်ပြုနိုင်တယ်။

နောက်ထပ် ပြည်နယ်နဲ့တိုင်း အုပ်ချုပ်ရေး အဖွဲ့တွေကို သူတို့ကိုယ်တိုင် ထိရောက်တဲ့၊ ဆုံးဖြတ်ချက် ချနိုင်တဲ့ အခွင့်အရေးတွေ ပေးနိုင်တယ်၊ ငွေကြေး သုံးစွဲခွင့်တွေ၊ အခွန်ကောက်တာမျိုးကို လုပ်ခွင့်ပေးနိုင်သလို၊ ပြည်နယ် ရွေးကောက်ပွဲတွေကိုလည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်မယ် ဆိုရင် တိုင်းရင်းသားတွေ အနေနဲ့ တောင်းဆိုတာတွေ မရပေမယ့် ကျေနပ်မှုတွေတော့ ရသွားနိုင်တယ်။

တိုင်းရင်းသားတွေ အနေနဲ့ ဘာသာစကား၊ ကိုယ်ပိုင် ယဉ်ကျေးမှုတွေကိုလည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်လို့လည်း ရတယ်၊ အဲဒါတွေကလည်း လက်ရှိ အစိုးရ အတွက် မခက်ပါဘူး။

ဒီလို ပြောင်းလဲမှု လုပ်နိုင်အောင်လည်း လွှတ်တော်ထဲမှာ သူတို့ရဲ့ အင်အားတွေက အပြည့်အ၀ ရှိနေတာပဲ၊ အဲဒါက ဥပဒေ တွေ ပြဌာန်းဖို့ လုပ်နိုင်တယ်၊ လုပ်ရင် သူတို့အတွက် အကျိုးရှိတယ်လို့ ပြောရမယ်၊ ဒီလို လုပ်ဆောင်ချက်တွေဟာ ပြုပြင် ပြောင်း လဲရေးကို အမှန်တကယ် သွားနေတဲ့ အစိုးရအနေနဲ့ ဒီမိုကရေစီကို သွားချင်တယ် ဆိုတာကို ပြောလိုက်တဲ့သဘောမျိုး အတိုက် အခံတွေကို ပြောပြနိုင်တာပဲ။

ဒီလိုမှမဟုတ်ဘဲ စစ်တပ်ရဲ့ အင်အားကိုလည်း လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ယူထားမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ဖို့လည်း မလျှော့ပေးဘူး၊ ပုဒ်မ ၅၉(စ) ကိုလည်း မပြင်ပေးဘူး၊ ဖက်ဒရယ် စနစ်ကိုလည်း အကောင်အထည် မဖော်ဘူး၊ ပြည် နယ်နဲ့ တိုင်းတွေမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ မလုပ်ဘူး၊ တိုင်းရင်းသားတွေ အတွက် ဘာသာစကား၊ ယဉ်ကျေးမှု စ တာ တွေကို ပိတ်ထားပြီးတော့ သဘာ၀ အရင်းအမြစ်ကနေ ရောင်းချလို့ရတဲ့ ငွေကြေး အနည်းငယ်လောက်ကိုပဲ ခွဲဝေသုံးစွဲခွင့် ပေးတာနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ်လို့ ပြောလို့ မရဘူး။

မေး။      ။ ဒါဆို အခု အစိုးရကို အာဏာရှင်လည်း မဟုတ်၊ ဒီမိုကရေစီ နည်းလည်း မကျတကျ၊ အာဏာလည်း လက်မလွှတ်ချင် တဲ့ ကပြားအစိုးရ လမ်းကြောင်းကို သွားနေတယ်လို့ ပြောနိုင်မလား။

ဖြေ။       ။ လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် ကပြား(စပ်ကြား)အစိုးရ ပုံစံမျိုးကိုပဲ သွားချင်နေတဲ့ သဘောပဲ။ သူတို့ သွားချင်တယ်လို့ စွပ်စွဲတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အဲဒီလို ပုံမျိုး ပေါ်နေတယ်၊ သူတို့ “ကပြားအစိုးရ လမ်းကြောင်း” ကို သွားဖို့ စိတ်ဆန္ဒ ရှိနေတယ်လို့ ယူဆတယ်။

ဘာဖြစ်လို့လဲ ဆိုရင် သူတို့က “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ” ဆိုတာကို ပြောတယ်၊ အခြား တဖက်မှာတော့ တကယ် လိုအပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို မလုပ်နိုင်သေးဘူး၊ ဥပမာ- စီးပွားရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှုတွေ၊ တရားစီရင်ရေး နဲ့  တခြား အရေးကြီးတဲ့ စနစ်တွေမှာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် ၊ ဘာမှလုပ်တာ မတွေ့ရဘူး။

အဲဒါတွေကို ကြည့်ရင် “တကယ် စစ်မှန်တဲ့ ဒီမိုကရေစီကို သွားနေတာမှ ဟုတ်ပါရဲ့လား”လို့ သံသယ ဖြစ်စရာ ကောင်းတယ်၊ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း သွားမယ် ဆိုရင်တော့ အားရ ကျေနပ်စရာကောင်းတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပြရမယ်။

အခုလက်ရှိ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကလည်း “ရှေ့ တလှမ်းတိုး၊ နောက် တလှမ်းပြန်ဆုတ်” ပဲ၊ ပြီးရင် ဘာမှမလုပ်ဘဲ ခဏ စောင့်နေတယ်၊ ပြီးမှ တောင်းဆိုတာတွေ၊ ဆန္ဒပြတာတွေ၊ ဖိအားပေးတာတွေက အသံကျယ်လာပြီဆိုရင် နောက်ထပ် ခြေ တလှမ်းတိုး၊ ဘာမှမလုပ်ဘဲ နောက်တလှမ်း ပြန်ဆုတ်၊ ရှေ့တိုး၊ နောက်ဆုတ် လုပ်နေတာမျိုးပဲ တွေ့နေရတယ်။ ကျနော့် အမြင် အရ ဆိုရင် ပြုပြင် ပြောင်းလဲမှုလုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။

ဥပမာ – ပြုပြင် ပြောင်းလဲမှု ဆိုတာထက် နိုင်ငံရေး အပေးအယူပေါ့၊ တပ်မတော်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ယူထားတယ်၊ အဲဒီ ၂၅ ရာခိုင်နှုန်းကလည်း လက်ရှိ ပြောင်းလဲဖို့ မဖြစ်နိုင်သေးဘူး၊ ဒါပေမယ့် အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ နေရာမှာ အနည်း ဆုံး ၇၅ ရာခိုင်နှုန်း ကျော်ရမှ ပြင်ဆင်လို့ ရတာကို ၇၀ ရာခိုင်နှုန်းလောက် လျှော့ပေး လိုက်မယ်ဆိုရင် အတိုက်အခံတွေ အပေါ်မှာ စေ့စပ် ညှိနှိုင်းချင်ပါတယ်ဆိုတဲ့ သဘောမျိုး ပြသရာ ရောက်တယ်။

ဒီလို လျှော့ပေးလိုက်ရင်တောင် NLD တဖွဲ့တည်းနဲ့ ဖွ့ဲစည်းပုံကို ပြင်လို့ရတာ မဟုတ်သေးဘူး၊ ကြံ့ခိုင်ရေး ပါတီနဲ့ တပ်မတော် ပါဝင် လာရင်တောင်မှ ၇၀ ရာခိုင်နှုန်းလောက် ရဖို့ ခက်ခဲနေဦးမယ်။

နောက်ပြီး လက်ရှိ တပ်မတော်နဲ့ ကြံ့ခိုင်ရေး အင်အားအရ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ပေးရင်တောင် သူတို့အတွက် လုံခြုံမှု ရှိနေပါသေးတယ်။

ဆိုလိုချင်တာက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်နိုင်အောင် ပုဒ်မ ၅၉ (စ) လုံးကို ပြင်ပေးနိုင်တယ်၊ ပြင်ပေးလိုက်လို့ သမ္မတ ဖြစ်လာရင်လည်း စစ်တပ်နဲ့ ကြံ့ခိုင်ရေး ပါတီကို ခြိမ်းခြောက်မှု မရှိနိုင်ဘူး။

ဘာလို့လဲဆို စစ်တပ်က ၂၅ ရာခိုင်နှုန်းကိုလည်း ယူထားပြီးပြီပဲ၊ နောက်ထပ်လည်း သူတို့ရဲ့ အစွမ်းအစတွေ၊ အရင်းအမြစ်တွေကို သုံးပြီး နောင်မှာလည်း နိုင်ငံရေး နယ်ပယ်မှာ ထင်ထင်ရှားရှား ရှိနေဦးမယ်။

မေး။      ။ ဒါဆို ၂၀၁၅ ရွေးကောက်ပွဲ ပြီးရင်လည်း အစိုးရနဲ့ စစ်တပ်ဆီမှာ အာဏာ အပြည့်အ၀ ရရှိနေမယ်လို့ ဆိုလိုတဲ့ သဘောလား။

ဖြေ။       ။ အာဏာ အပြည့်အ၀ ရှိနေဦးမယ်လို့ဆိုတာထက် သူတို့တွေနိုင်ငံရေးမှာ လုံးဝအရှုံးကြီး မရှုံးနိုင်သေးဘူးလို့ ဆိုလိုချင် တာပါ။

မေး။      ။ မြန်မာ အစိုးရ ကျင့်သုံး နေတယ်လို့ ပြောလို့ရမယ့် ကပြားအစိုးရ စနစ်ပုံစံမျိုး ဘယ်နိုင်ငံတွေမှာရော ကျင့်သုံး နေပါသလဲ၊ ဘယ်နိုင်ငံတွေနဲ့ အနီးစပ်ဆုံး တူမလဲ။

ဖြေ။       ။ ပထမဆုံး အနေနဲ့ ပြောရရင် ကပြားအစိုးရ စနစ်နဲ့ နှစ်ရှည် လုပ်ဆောင်ပြီး အာဏာ သိမ်းထားတဲ့ နိုင်ငံကို ပြောပါဆို ရင် ရုရှားနိုင်ငံကို ပြောရမယ်၊ နောက်ပြီး အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတွေလည်း ကပြားအစိုးရ စနစ် ကျင့်သုံးတာကို တွေ့ရ တယ်၊ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ယှဉ်ကြည့်မယ် ဆိုရင် လုံး၀ တူတာမျိုးတော့ မရှိဘူး။

ရုရှားနဲ့ ကမ္ဘောဒီးယား နိုင်ငံနှစ်ခုက ပေါင်းထားတဲ့ လုပ်ဆောင်မှုမျိုးတွေလည်း တွေ့ရတယ်၊ တချို့တော်တော်များများ တူတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက သူတို့ထက် ပိုပြီး ရှုပ်ထွေးသွားစေတာက ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ မြန်မာနိုင်ငံလောက် တိုင်းရင်းသား လူမျိုး များပြားပြီး ရှုပ်ထွေး စေတာမျိုး မရှိဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုး များပြားတဲ့ ကိစ္စကြောင့်ပဲ လုပ် ရမယ့် တာဝန် ကြီးမားနေပြီးတော့ နိုင်ငံရေး သဘောတူညီချက် အဖြေရှာတာမျိုးတွေ ပိုပြီး လိုအပ်နေတာကို မြင်ရတယ်။

မေး။      ။ ဘယ်လို အချက်တွေကြောင့် ကပြားအစိုးရ လမ်းကြောင်းကို သွားနေပါတယ်လို့ ဆိုနိုင်ပါသလဲ။

ဖြေ။       ။ ပထမဆုံး အနေနဲ့ ကပြားနိုင်ငံတွေမှာ ဘာတွေ့ရသလဲ ဆိုရင် ဥပဒေကို ထုတ်ပြန်တဲ့ အခါမှာ ရေးဆွဲထားတဲ့ အချက် တွေဟာ မရှင်းမလင်း ဖြစ်နေတာ တွေ့ရတယ်။

ဥပမာ – စီတန်း လှည့်လည်ခွင့် ဥပဒေလိုမျိုး ဆိုရင်  မြန်မာနိုင်ငံသားတွေကို ဆန္ဒဖော်ထုတ်ခွင့်တော့ ပေးထားတယ်၊ ဒါပေမယ့် ဥပဒေက မရှင်းလင်းတဲ့ အတွက် အစိုးရဘက်က သူလုပ်ချင်သလို လုပ်လို့ ရနေတယ်၊ အာဏာပိုင်တွေက လိုသလို သူတို့စိတ်ကြိုက် အဓိပ္ပာယ် ဖွင့်လို့ရတယ်။

တဘက်မှာလည်း အစိုးရဘက်က ဘာပြောခွင့် သာနေသလဲဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ရှိတယ် ဆို ပေမယ့်၊ တဘက်မှာကျတော့ တကယ့် အရေးကြီးတဲ့ ကိစ္စတွေကို ဖော်ထုတ်မယ့် အဖွဲ့ကိုတော့ ခွင့်ပြုချက် မပေးဘူး၊ တနည်း အားဖြင့် မရှင်းလင်းတဲ့ ဥပဒေကို ထုတ်ထားပြီးတော့ ဥပဒေကို အာဏာပိုင်က လိုသလို အဓိပ္ပာယ် ဖွင့်ဆိုအသုံးချတဲ့ ကိစ္စတွေ တွေ့နေရတယ်။

နောက်တခု နိုင်ငံရေး ယှဉ်ပြိုင်မှု ဖြစ်တဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကို ကြည့်မယ်ဆိုရင် တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲတွေကို တွေ့ ရတယ်၊ ဆိုလိုတာက နိုင်ငံရေး ပါတီတိုင်း ရွေးကောက်ပွဲ ဝင်လို့ရတယ်၊ လွတ်လပ်တယ် ဆိုပေမယ့် မမျှတဘူး။ တချို့အုပ်စု ပါတီတွေက မတရား အခွင့်အရေး လုပ်ပိုင်ခွင့်တွေ ရနေတဲ့အတွက် တော်တော်လေးကို နိုင်ခြေ ရှိနေတယ်။

တကယ်တမ်း အတိုက်အခံ ပါတီအနေနဲ့ကတော့ ရတဲ့ အခွင့်အရေးတွေက မမျှမတ ဖြစ်နေတဲ့ အတွက် နိုင်ဖို့ မလွယ်ဘူး။

နောက်တမျိုးက နိုင်ငံရေးမှာ ဘယ်လို ကစားသလဲဆိုရင် အာဏာရ ပါတီက အဓိက တဖွဲ့တည်း ဖြစ်တဲ့အပြင် နိုင်ငံတော် အရင်း အမြစ်တွေ၊ ဘဏ္ဍာငွေတွေကို သူတို့ပိုင် အနေနဲ့ ပါတီဝင်တွေက သုံးစွဲနေတယ်။

အခြားတဘက်မှာ ကျတော့ အတိုက်အခံတွေကို အုပ်စုတွေ အများကြီး ကွဲအောင်၊ သွေးကွဲနေအောင်၊ နိုင်ငံရေး အင်အားစု တွေ အများကြီးပေါ်အောင် ဖန်တီးထားမယ်၊ အားပေးထားမယ်။

အဲဒီလို လုပ်ထားတော့ ယှဉ်ပြိုင်ရာမှာ တယောက်နဲ့ အများ ပြိုင်ဆိုင်ရတာ ဖြစ်တဲ့အတွက် စည်းလုံးမှု မရှိအောင်၊ တဘက်က ဖန်တီးထားပြီးတော့ အသာစီးယူထားတာကိုလည်း တွေ့ရတယ်။

လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာပိုင်တွေ အနေနဲ့ လုပ်ပိုင်ခွင့်တွေနဲ့ စီးပွားရှာတဲ့ အတွက် ချမ်းသာကြတယ်၊ စီးပွားရေး နယ်ပယ်က ရ လာတဲ့ ငွေတွေကို ထပ်အသုံးချပြီး မီဒီယာ အထိပါ ဆက်ပြီး တိုးချဲ့တယ်၊ ရုပ်မြင်သံကြား လုပ်ငန်းမျိုးတွေကို အဓိက တိုးချဲ့တာ တွေ့ရတယ်။

ဒီလို မီဒီယာတွေကို အာဏာပိုင်တွေက စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ တဘက်မှာ လုပ်ကိုင်ပြီး သူတို့ရဲ့ အာဏာ တည်မြဲ ရေး၊ ရွေးကောက်ပွဲ အောင်မြင်ရေး တို့ကို ဆက်ပြီး ကြိုးစားကြတယ်။

တရားဥပဒေ စိုးမိုးရေးဆိုတာ လုံးဝနီးပါး မရှိသလောက်ဘဲ၊ နောက်ပြီး အကျင့်ပျက် ခြစားမှုတွေကလည်း တဦးတယောက် ဆို တာထက် စနစ်တခုလုံးမှာ တွေ့ရတယ်၊ ဒါတွေက ကပြားအစိုးရ နိုင်ငံတွေမှာ တွေ့ရတဲ့ လက္ခဏာတွေပါပဲ။

မေး။      ။ ဒါဆို ကပြားအစိုးရ စနစ်ကနေ တကယ့် ဒီမိုကရေစီ စနစ်ကို ကူးပြောင်းသွားဖို့ ဘာတွေလုပ်ဖို့ လိုသလဲ။

ဖြေ။       ။ အရေးကြီးဆုံးက အတိုက်အခံတွေ အချင်းချင်းကြားမှာ စည်းလုံး ညီညွှတ်မှုပဲ၊ ဘာကြောင့်လဲ ဆိုရင် လက်ရှိ အာဏာ ရ ဒီမိုကရေစီကို သိပ်ပြီး အားမပေးတဲ့ အစိုးရကို အနိုင်ရဖို့ လိုတယ်။

အနိုင်ရရင်လည်း အရင် အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဖော်ထုတ် အရေးယူ၊ ထောင်ချ လုပ်တာမျိုး လုပ်ဖို့ မဟုတ်ဘဲ၊ အစိုးရနဲ့ အတိုက်အခံကြား ညှိနှိုင်း လုပ်ဆောင်မှုတွေနဲ့ ဘယ်လို ဆောင်ရွက် ရမယ်ဆိုတာမျိုး အဖြေရှာဖို့ လိုပါတယ်။

လက်ရှိ အာဏာရသူတွေက နေရာ တော်တော်များများမှာ “မိုနိုပိုလီ” ကစားသလို အားလုံးကို လက်ဝါးကြီး အုပ်ထားတယ်၊  အဲဒါတွေကို ဖြေလျှော့ပေးဖို့ လုပ်ရမယ်။

နောက်ထပ် အရေးကြီးတာက ဒီမိုကရေစီ သမားတွေ အနေနဲ့ လက်ရှိမှာ အတိုက်အခံပဲ ရှိသေးတယ် ဆိုပေမယ့်၊ နောက်ပိုင်း အနိုင်ရတဲ့ အခါမှာ ဒီမိုကရေစီ အကြောင်းကို သေသေချာချာ ဂဃနဏ နားလည်ဖို့တော့ လိုတယ်။

ဆိုလိုတာက ကိုယ်အနိုင် ရသွားလို့  လွှတ်တော်ထဲ ရောက်တဲ့အခါ ဒီမိုကရေစီကို အထောက်အကူပြုတဲ့၊ ဒီမိုကရေစီကို အကျိုးကျေးဇူးပြုတဲ့၊ တကယ် ရှင်သန် နိုင်စေတဲ့ ဥပဒေ ပြဌာန်းချက်တွေကို လုပ်ပေးဖို့ လိုတယ်။ အဲဒါမှသာ တိုင်းပြည်မှာ တကယ့် ဒီမိုကရေစီ ဆိုတာ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

မေး။      ။ အစိုးရအနေနဲ့ ပြည်သူတွေ ယုံကြည်အောင် ဘယ်လို အချက်တွေကို ဖြေလျှော့ပေးဖို့ ကြိုးစား လာနိုင်မလဲ။

ဖြေ။       ။ အစိုးရက ဘာကို မဖြစ်မနေ အလျှော့ပေးမလဲ ဆိုရင် လက်ရှိ အနေအထားမှာ သူတို့က အာဏာ၊ လုပ်ပိုင်ခွင့်တွေ ရထားတော့ ဘာကိုမှ အလျှော့ မပေးချင်ဘူး၊ အခုက ၂၅ ရာခိုင်နှုန်း ရထားတယ်၊ ဖွဲ့စည်းပုံ ပြင်ဖို့လည်း ၇၅ ရာခိုင်နှုန်းမှ ဖြစ် မယ်၊ နောက်ပြီး လက်နက်ကိုင် အဖွဲ့တွေနဲ့ရော၊ စီးပွားရေး လုပ်ငန်းတွေမှာပါ သူတို့က အခိုင်အမာ ရရှိနေပြီးသားပဲ။

ဒီမိုကရေစီကို သွားနေပါတယ်၊ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေပါတယ်ဆိုပြီး အသံကောင်း ဟစ်ချင်လို့ တချို့ကို ဟန်ဆောင် အလျှော့ပေးရမယ် ဆိုရင် အခုအချိန်မှာ ဘယ်ဟာမှ ရှင်းရှင်းလင်းလင်း မရှိဘူး။

ဘာဖြစ်လို့လဲ ဆိုရင် စောစောက တင်စားပြောတဲ့ စစ်တုရင် ကစားနေသလိုမျိုး ဘယ်အကွက်ကို ရွေ့မလဲဆိုတာ မသိဘူး၊  ၂၅ ရာခိုင်နှုန်းကိုပဲ လျှော့ပေးမလား၊ ပုဒ်မ ၅၉ ကိုပဲ ပြင်ဆင်ခွင့် ပေးမလား ဆိုတာ စောင့်ကြည့်ရမှာ၊ ကြိုပြောဖို့တော့ ခက်တယ်။

ဒါပေမယ့် သဘာ၀ သယံဇာတတွေကို ရောင်းတဲ့အပေါ်မှာ တိုင်းရင်းသားတွေနဲ့ ခွဲဝေယူမယ့် ကိစ္စကိုတော့ တော်တော်များများ လျှော့ပေး နိုင်ပါတယ်။

အခုလက်ရှိ ဘယ်လောက် ခွဲဝေယူလဲတော့ မသိဘူး၊ နောင်ဆိုရင်တော့ အစိုးရက ၆၀ ရာခိုင်နှုန်းယူ၊ တဘက်ကို ၄၀ ရာခိုင်နှုန်း ပေးဆိုပြီး လျှော့လာနိုင်တယ်၊ အဲဒီလိုယူပြီး တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှ နိုင်ငံရေး ဖော်ဆောင်တယ်ဆိုပြီး ပြောလာနိုင် တယ်။

ဒီလောက်နဲ့တော့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင် နေပါတယ်လို့ ပြောဖို့ မလုံလောက်ဘူး၊ သဘာ၀ သယံဇာတ ခွဲဝေတယ် ဆို တာက ကျနော်တို့ အတွက် အရေးမကြီးဘူး ဆိုပေမယ့် တိုင်းရင်းသားတွေ အတွက် တော်တော်လေးကို အရေးကြီးတဲ့ ကိစ္စလို့တော့ ဆိုရမယ်။

တိုင်းရင်းသားတွေကို လေးဆယ် ရာခိုင်နှုန်းလောက် ပေးပြီဆို သူတို့အတွက်က မက်လောက်စရာကို ဖြစ်နေလိမ့်မယ်၊ တိုင်း ရင်းသား ပါတီတွေ အနေနဲ့ ဒီကိစ္စကို စဉ်းစား လာရလိမ့်မယ်၊ အစိုးရ ကမ်းလှမ်းချက်ကို သဘောတူပြီးတော့တောင် ယူသွားနိုင် တယ်။

ဒါကြောင့် အစိုးရက မက်လုံးပေး ဘန်းပြပြီးတော့ ကမ်းလှမ်းတာတွေ လုပ်တာပေါ့၊ ဒီမဟာဗျူဟာသာ အောင်မြင်သွားမယ် ဆိုရင် အတိုက်အခံဘက်တွေမှာ ရှိနေတဲ့ တိုင်းရင်းသား ပါတီငယ်လေးတွေလည်း ပါသွားမယ် ဆိုရင် အတိုက်အခံဘက်မှာ အားနည်းသွားမယ်၊ ရွေးကောက်ပွဲ ဝင်တဲ့အခါမှာ လူထုထောက်ခံမှုပါ သိသိသာသာ လျော့ကျသွားနိုင်တယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading