မဟာကြယ်ကြီးတပွင့် ကြွေလွင့်ရှာပြီ
This article has been converted from Zawgyi One to Unicode
ဟံသာဝတီ ဦးဝင်းတင် ဟူသော အမည်ဖြင့် မြန်မာ့နိုင်ငံရေး လောကတွင် ထင်ရှားကျော်ကြားသည့် ဦးဝင်းတင် တယောက် ဧပြီလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားရှာပြီ ဖြစ်သည်။
ကျနော်တို့က ဦးဝင်းတင်ကို ဒီမိုကရေစီ တိုက်ပွဲဝင် နိုင်ငံရေးသမား ဘဝထက် သတင်းစာဆရာဘဝကို ပိုမိုလေးစားသည်။ သတင်းစာသမား ဘဝထဲတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဘဝကို ပိုမို၍ လေးစား ကြည်ညိုသည်။
လမ်းစဉ်ပါတီ အမည်ခံ စစ်အာဏာရှင်အစိုးရ လက်ထက် သတင်းသမားများ ကြားတွင် “APC” ဟူသည့် စကားဝှက်တလုံး ထွက် ပေါ်ခဲ့ဖူးသည်။
A ဟူသည်မှာ Army စစ်တပ်၊ P က Party ပါတီ (မဆလပါတီ)၊ C က Council ကောင်စီ (ပြည်သူ့ကောင်စီ) ဖြစ်သည်။ လမ်းစဉ်ပါတီ ခေတ်တွင် မြန်မာနိုင်ငံကို Army, Party နှင့် Council တို့က ကိုယ့် သဘောနှင့်ကိုယ် စီမံအုပ်ချုပ်ကြသည်။ ဌာနဆိုင်ရာ အစိုးရ ဝန်ထမ်းများသည် ယင်းအဖွဲ့သုံးဖွဲ့၏ ထားရာနေ၊ စေရာသွားကြရသည့် ရုပ်သေးရုပ် ကလေးများသာ ဖြစ်နေကြသည်။
ထိုစဉ်က ပြည်သူပိုင် သတင်းစာများကလည်း APC ကို တို့ခွင့် မရကြပါ။ မတို့ရဲကြ၍ မဟုတ်ပါ။ သို့ရာတွင် သွယ်ဝိုက်သော နည်းဖြင့် အတားဆီး ခံထားကြရသည်။
သတင်းဆိုသည်မှာ သတင်းထောက်များက ရေးသားကြမှ သက်ဆိုင်ရာ သတင်းစာတိုက်များသို့ ပေးပို့ကြမှသာ သတင်းစာများတွင် သတင်းပါနိုင်သည်။ သို့ဖြစ်ရာ APC များက နယ်သတင်းထောက်များကို ခြောက်ချည်တလှည့်၊ ချော့ချည်တလှည့်ဖြင့် ထိန်းချုပ် ထား ကြသည်။
ထိုအခြေအနေတွင် သတင်းတော်လှန်ရေးကြီး တရပ် ပေါ်ပေါက်ခဲ့သည်။ သတင်း တော်လှန်ရေး ခေါင်းဆောင်မှာ ဟံသာဝတီ အယ်ဒီတာချုပ် ဦးဝင်းတင်ဖြစ်သည်။ တော်လှန်ရေး တပ်သားများမှာ ဟံသာဝတီ သတင်းစာတိုက်မှ သတင်းထောက်မှ စကာ အယ်ဒီတာ တဖွဲ့လုံးပင် ဖြစ်သည်။
လမ်းစဉ်ပါတီ ခေတ်တွင် အထက်မြန်မာပြည်မှ သတင်းစာ တစောင်ထုတ်ဝေရေး စီမံချက်ဖြင့် ရန်ကုန်မှ ဟံသာဝတီ သတင်းစာ တိုက် ကို မန္တလေးသို့ ပြောင်းပြီးဖွင့်လှစ် စေခဲ့သည်။ မန္တလေး ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် ဦးဝင်းတင်က တာဝန် ယူရသည်။ အယ်ဒီတာနှင့် သတင်းထောက် အများစုမှာ ရန်ကုန်တွင် ထုတ်ဝေနေသည့် သတင်းစာတိုက်များမှ ဖြစ်သည်။
ဦးဝင်းတင် ဦးဆောင်သည့် မန္တလေးဟံသာဝတီ သတင်းစာက APC တို့၏ မဟုတ်သည့် လုပ်ရပ်များကို အပေးအယူ ညီညီ လုပ်ဆောင်နေကြသည်ကို သတင်းများဖြင့် ဖော်ပြသည်။ ဆောင်းပါးများဖြင့် အရှုပ်ထုပ်များကို ဖြည်ပြသည်။
လမ်းစဉ်ပါတီ ခေတ်တွင် မန္တလေး၌ ထုတ်ဝေခဲ့သည့် ဟံသာဝတီသတင်းစာမှာ အဖိနှိပ်ခံပြည်သူများဘက်မှ မားမားမတ်မတ် ရပ် တည်ခဲ့သည်။ ပြည်သူ့သတင်းစာ ဖြစ်ခဲ့ရသည်။ အကျိုးရလဒ်မှာ APC တို့၏ ငြိုငြင် မုန်းတီးမှုကို ခံရခြင်းပင် ဖြစ်သည်။ လမ်းစဉ်ပါတီ အစိုးရကလည်း အရေးယူခဲ့သည်။ ပြည်သူတို့၏ အကျိုးစီးပွားကို ဖျက်ဆီးနေကြသည့် သုံးဦးဂိုဏ်းကို မဟုတ်ပါ။ သုံးဦးဂိုဏ်း (APC) မဟုတ်တာလုပ်သမျှကို ဖော်ထုတ် ရေးသားနေသည့် ဟံသာဝတီ (မန္တလေး) သတင်းစာတိုက်ကို ပိတ်သည်။ အယ်ဒီတာချုပ် ဦးဝင်းတင်ကို အငြိမ်းစား ပေးသည်ဟု ယဉ်ယဉ်သုံးကာ အလုပ်မှ ထုတ်ပစ်လိုက်သည်။
လမ်းစဉ်ပါတီ အစိုးရခေတ်တွင် အစိုးရ၏ မျက်မုန်းအကျိုး ခံရသည့် အနုပညာရှင်များမှာ ဘဝကိုပါ အဖျက်ဆီးခံရသည်၊ ရုပ်ရှင် မရိုက်ရ၊ စာ မရေးရဟု တိုက်ရိုက်ပိတ်ပင်ခြင်း မခံရသော်လည်း သွယ်ဝိုက်၍ နည်းမျိုးစုံဖြင့် အနုပညာ လှုပ်ရှားမှုကို တားဆီးပိတ်ပင်ခြင်း ခံခဲ့ကြရသည့် အထဲတွင် ဦးဝင်းတင်လည်း ပါခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ဒီမိုကရေစီ အုံကြွလှုပ်ရှားမှုကြီးသည် ဦးဝင်းတင်၏ ဘဝလမ်းကြောင်းကို တဆစ်ချိုး ပြောင်းလဲ လိုက်သည်။ သတင်းစာသမား ဘဝမှ နိုင်ငံရေးသမား ဘဝသို့ ရောက်သွားခြင်း ဖြစ်သည်။ ၈၈ အရေးအခင်း အတွင်းမှာပင် ဦးဝင်းတင် တို့ ဦးဆောင်သည့် စာရေးဆရာသမဂ္ဂ ဖွဲ့စည်းခဲ့သည်။ ၈၈ အရေးအခင်းကို တတ်နိုင်သည့် ဘက်မှ ပါဝင် ဆင်နွှဲခဲ့ကြသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်း ရယူလိုက်ပြီးသည့်နောက်(ထိုစဉ် က တရားဝင်အသုံးအနှုန်း) ၌ ပါတီများ ဖွဲ့စည်းခဲ့ရာတွင် ဦးဝင်းတင်တို့ အပါအဝင် ဒီမိုကရေစီကို မြတ်နိုးသော တိုင်းပြည်နှင့် လူမျိုးကိုချစ်သော ပုဂ္ဂိုလ်များ စုပေါင်း၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ဖွဲ့စည်းသည့် ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ကြသည်။
ထိုစဉ်မှာပင် NLD လူငယ် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့၏ လူမှုရေး ဖောက်ဖျက်မှုကြောင့် ရဲက အမျိုးသားကို တရားခံ အဖြစ် စွပ်စွဲအရေးယူသည်။ သို့ရာတွင် ဖမ်းမိခြင်း မရှိပါ။ ထိုသို့ ဖမ်းမိခြင်း မရှိသေးသည်မှာ တရားခံကို ဦးဝင်းတင်က အကာအကွယ် ပေးထားသောကြောင့်ဟု ဆိုကာ တရားရုံးက ဦးဝင်းတင်ကို ထောင်ဒဏ် အပြစ်ပေးသည်။ ၂ နှစ်လား မမှတ်မိပါ။ သို့သော် ဦးဝင်းတင်သည် ထောင်ထဲတွင် နှစ်ပေါင်း ၂၀ နီးပါး နေခဲ့ရသည်။ ထောင်ထဲတွင် လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခြင်း ခံခဲ့ရသည်။ နားတွေကန်း၍ သွားတွေ အားလုံး ကျိုးသည်အထိ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ကြသည်။ အနှစ် ၂၀ လုံးလုံး အဖော်မပါ တယောက် တည်း တိုက်ပိတ်ခံခဲ့ရသည်။ အသက်အရွယ်ကို မငဲ့ညှာ၊ ဂုဏ်သိက္ခာကို မထောက်ထားဘဲ စစ်ငရဲသားတို့က ထင်တိုင်း ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ကြသည့် ဒဏ်ကို ဦးဝင်းတင် ခံခဲ့ရသည်။
ရက်စက်မှု အပေါင်းသရဖူ နှစ်ထပ်ဆောင်းခြင်း ခံရသော်လည်း ဦးဝင်းတင်၏ စိတ်ဓာတ်က ခိုင်မာခဲ့သည်။ မဖောက်ပြန်ပါ။ သို့သော် ခန္ဓာကိုယ်ကမူ အနှစ် ၂၀ လုံးလုံး ထင်တိုင်းကြဲ နှိပ်စက်သမျှကို မခံနိုင်တော့ပါ။ ဧပြီလ ၂၁ ရက် နံနက် ၆း၃၀ အချိန်တွင် ရန်ကုန် ဆေးရုံကြီး၌ ဘဝတပါး ပြောင်းသွားခဲ့ပြီ ဖြစ်ပါသည်။
သတင်းစာဆရာ တဦး၊ စာရေးဆရာတယောက်ကို နှစ်ပေါင်း ၂၀ မျှ အကျဉ်းချထားသည်မျိုးက ကမ္ဘာပေါ်တွင် ရှိကောင်းရှိမည်။ ရှားသည်ကတော့ အမှန်ပင် ဖြစ်သည်။
ပညာရှိများကိုညှဉ်းပန်း နှိပ်စက်ခြင်းသည် တိုင်းပြည်၏ မျက်လုံးကို ဖောက်ခြင်းပင် ဖြစ်သည်ဟု ရှေးစကားရှိခဲ့သည်။ ဦးဝင်းတင် ကတော့ မျက်လုံးအဖောက်ခံရ ရုံမျှမက ရှိသမျှ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးကို ရိုက်ချိုးခံခဲ့ ရသည်။ မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှား ကျော်ကြားသော သတင်းစာဆရာ တဦး ကွယ်လွန် အနိစ္စရောက်သွားပြီ ဖြစ်သည်။
မြန်မာသတင်းစာ လောကအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးပင် ဖြစ်ပါသည်။ တိုက်ပွဲဝင် ဒီမိုကရေစီ လိုလားသူများ အတွက်လည်း အစားထိုး မရလောက်သည့် ဆုံးရှုံးနစ်နာမှုကြီးပင် ဖြစ်ပါသည်။ ။
ဦးဝင်းတင် ကောင်းရာသုဂတိ လားပါစေ။