ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန်၌ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်များ အတွင်း အစိုးရ စစ်တပ်က စစ်ရေးအရ မဟာဗျူဟာမြောက် စစ်ဆင်ရေးအသွင် ပြုလုပ်နေခြင်းကို တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ပြင်းထန်စွာ ကန့်ကွက် ကြောင်း သိရသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တို့ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ကြီးမားသော မဟာဗျူဟာမြောက် စစ်ဆင်ရေးကြီး အသွင်ဆောင်နေကြောင်း UNFC ၏ ဧပြီ ၂၃ ရက်က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
အစိုးရ စစ်တပ်၏ လုပ်ရပ်သည် မလုပ်သင့်၊ မလုပ်ထိုက်သော ကိစ္စဖြစ်ရုံမက လက်ရှိ ရရှိထားသည့် ယုံကြည်မှု၊ နားလည်မှု နှင့် နှစ်ဘက် သဘောတူညီထားသည့် အဆင့်တိုင်းကို တစစီ ပြန်လည် ချေဖျက်သကဲ့သို့ ဖြစ်သွားမည်ကိုလည်း သတိပေး လိုကြောင်းလည်း UNFC ကြေညာချက်တွင် ပါရှိသည်။
ရှမ်းပြည်နယ် နမ့်ခမ်း၊ ကျောက်မဲ စသည့် ဒေသများ၌ TNLA နှင့် အစိုးရ စစ်တပ်များသည် ဧပြီ ၂၀၊ ၂၁၊ ၂၃ ရက်တို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော် က ဧရာဝတီကို ပြောသည်။
“မနေ့က ၂၃ ရက်နေ့မှာ နှစ်ကြိမ်ဖြစ်တယ်၊ ဒီရက်ပိုင်း တိုက်ပွဲတွေမှာ ကျနော်တို့ဘက်က အသေအပျောက် မရှိပေမယ့် ဒဏ်ရာ ရသူ ၂ ယောက်တော့ ရှိတယ်”ဟု ၎င်း က ဆိုသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေချိန်တွင် အစိုးရ စစ်တပ် အနေဖြင့် စစ်ဆင်ရေး မလုပ်သင့် ကြောင်း၊ စစ်ဆင်ရေးကြောင့် ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်နိုင်ကြောင်း၊ ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကိုလည်း စောင့်ကြည့် ရမည်ဖြစ်ပြီး ဆွေးနွေး အဖြေရှာရန် လိုအပ်ကြောင်း UNFC ပြောခွင့်ရသူနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ က ဧရာဝတီ ကို ပြောသည်။
အစိုးရ စစ်တပ်အနေဖြင့် ထိုးစစ်များ ရပ်တန့်ပြီး ဖြန့်ကျက် နေရာယူထားသည့် တပ်များ ရုပ်သိမ်း ပေးရန်လည်း UNFC က တောင်းဆိုထားသည်။
အစိုးရ စစ်တပ်က KIA နှင့် TNLA တို့အား ထိုးစစ်ဆင်ခြင်းသည် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ဖိအားပေး လိုသည့် သဘောဟု ၎င်းတို့က ဆိုသည်။
လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ အနက် KIA နှင့် TNLA တို့သည် လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ဖြစ်သည်။
KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် ကမူ စစ်ရေး အရ ဖိအားပေးလာပါက လက်မှတ်ထိုးမည် မဟုတ်ကြောင်း ၎င်း၏ အ မေရိကန် ခရီးစဉ် အတွင်း ကချင် တိုင်းရင်းသားများနှင့် တွေ့ဆုံရာ၌ ပြောဆိုထားသည်။
မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက လက်ရှိ တိုက်ပွဲများသည် အခိုက်အတန့် ကာလ တခု အတွင်း ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ထိုတိုက်ပွဲများကြောင့် လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မထိခိုက်ကြောင်း၊ မူလ သတ်မှတ်ထားသည့် အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ရာ ဒေသများ၌ နေရာ ဖြန့်ကျက်ယူထားသည့် တပ်ရင်း၊ တပ်ဖွဲ့များ အားလုံးကို ပြန်လည် ခေါ်ယူ ရုပ်သိမ်း ရေး၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရယူ၍ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန်၊ ထိုဆွေးနွေးပွဲများမှ နိုင်ငံရေး သဘောတူညီချက်များ ရယူပြီး ရေရှည် တည်တံ့၍ ဂုဏ်သိက္ခာ ရှိသော အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် UNFC က တိုက်တွန်း ထားသည်။
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် နယ်စပ် ရှိ KIA ထိန်းချုပ်ရာ ဒေသများ၌ ဧပြီ ၁၀ ရက်မှစတင်၍ သီတင်းပတ် တပတ်ကြာ တိုက်ပွဲများကြောင့် အစိုးရ စစ်တပ်နှင့် KIA နှစ်ဘက်စလုံး၌ ထိခိုက်မှု ရှိခဲ့ကြပြီး ၂၂ ဦး သေဆုံးခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။
KIA ၊ TNLA ၊ SSA-N တပ်များကို ချေမှုန်းရန် ဦးတည် တိုက်ပွဲများကြောင့် စစ်ပြေး ဒုက္ခသည်များစွာ နေရပ်စွန့်ခွာ ထွက်ပြေး နေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် “စစ်ရာဇဝတ်မှု” ကျူးလွန်မှုများအား နေ့စဉ်ကြားသိ နေရကြောင်း၊ ထိုအခြေအနေများကို UNFC က စိုးရိမ်မကင်း ဖြစ်ရပြီး စိတ်မချမ်းမသာလည်း ဖြစ်ရကြောင်း ကြေညာချက်တွင် ပြောဆိုထားသည်။