Environment

ရန်ကုန် ရေပေးဝေရေး အတွက် ဂျပန်က ကျပ် ၄ ဘီလီယံ ကျော် ချေးမည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း ဒေသကြီး ရေပေးဝေရေး စနစ် အတွက် ဂျပန်နိုင်ငံမှ ကျပ်ငွေ ၄.၂၁၀ ဘီလီယံနှင့် ညီမျှသည့် ငွေကြေးကို ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ် အတွင်း ချေးယူရန် စီစဉ်ထားကြောင်း သိရသည်။

“ချေးငွေတွေ အတွက် ဂျပန်နိုင်ငံနဲ့ လက်မှတ်ထိုးဖို့ လုပ်ဆောင် နေပါပြီ၊ ဒီငွေတွေကို ရေပေးဝေရေး စနစ်အတွက် အသုံးပြုသွားမှာပါ၊ သောက်သုံးရေ ရှားပါးမှုတွေ ဖြစ်ပေါ်နေတဲ့ ဒဂုံ အရှေ့အနောက်၊ တောင်ပိုင်း တို့ကို ပေးဝေရေး၊ သီလဝါ ဆိပ်ကမ်း အထိ ပို့နိုင် ရေး လုပ်ဆောင်မှာပါ”ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်းက ပြောသည်။

ဧပြီ ၂၃ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး ပထမအကြိမ် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ယင်းသို့ တင်ပြခြင်း အပေါ် ဒေါက်တာ မြင့်သိန်းက ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

ဂျပန်မှ ချေးငွေမှာ နှစ် ၄၀ ချေးငွေ ဖြစ်ပြီး အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းဖြင့် ချေးပေးမည် ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေ စတင်ရယူချိန် တွင် ၁၀ နှစ် ဆိုင်းငံ့ အတိုး မပေးရဘဲ ချေးငွေ ရရှိမည်ဖြစ်ပြီး ဆိုင်းငံ့ကာလ ကျော်လွန်မှသာ သတ်မှတ် အတိုးနှုန်း အတိုင်း ပေး ဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

“၂၀၁၄-၂၀၁၅ ကနေ ၂၀၂၁-၂၀၂၂ အထိ လုပ်ငန်းကာလ သတ်မှတ် ထားပါတယ်၊ ဒီ လုပ်ငန်းစဉ်ကြောင့် ရေပေးဝေမှုမှာ ရန်ကုန် တိုင်း ဒေသကြီး အနေနဲ့ တနေ့ကို ရေဂါလန် သန်း ၄၀ ကျော် ဖြန့်ပေးနိုင်မယ်၊ ဒဂုံ၊ သီလဝါ ဘက်မှာ တနေ့ကို ရေဂါလံ ၁၀ သန်း အထိ ပေးသွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းတို့တွင် ရေဖြန့်ဝေရေး စနစ် အတွက် ပိုက်လိုင်း သွယ်တန်းခြင်း၊ ရေဖြန့်ဝေရေး၊ ရေ ထိန်းချုပ်ရေး စခန်းများ တည်ဆောက်ခြင်း၊ ရေသန့်စင်ရေး လုပ်ငန်းစဉ် အတွက် ရေစုဆောင်းရေး စခန်း တို့ကို တည်ဆောက်မည် ဖြစ်သော်လည်း စခန်း အရေအတွက်နှင့် ရေထိန်းချုပ်နိုင်မူ ပမာဏကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

“ဒီဟာက အခုမှ စလုပ်နေတာ၊ ငွေကြေးကလည်း ရမလာသေးဘူး၊ နောက် ဘယ်လောက် ကုန်ကျမယ် ဆိုတာ အသေးစိတ် မတွက် ရသေးပါဘူး၊ ဒီတော့ လွှတ်တော်ထဲမှာ အသေးစိတ် မတင်ပြနိုင်တာပါ၊ နှစ်ကုန်ကျရင် ဒီအတွက် အသေးစိတ် သုံးတာကို ရှင်းပြပေးမှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

ဂျပန်နိုင်ငံက ရေပေးဝေရေး လုပ်ငန်းစဉ် လုပ်ဆောင်နိုင်ရန် အတွက် မြန်မာငွေ ကျပ် ၁၀.၂၀၀ ဘီလီယံ ထောက်ပံ့ ပေးရန် စီစဉ် ထားကြောင်း သိရသည်။

“ထောက်ပံ့တဲ့ ငွေတွေကို ငမိုးရိပ် ရေပေးဝေရေး စခန်းကနေ ပို့လွှတ်မယ့် နေရာတွေမှာ ရေထိန်းစခန်းတွေ ဆောက်ဖို့နဲ့ ပိုက်လိုင်း ပြင်ဆင်တာတွေ၊ ပျက်တာတွေ ပြင်ဖို့အတွက် သုံးပါမယ်၊ ကမ္ဘာအေးဘုရားနားမှာ ရှိတဲ့ ပိုက်လိုင်းတွေ အသစ် ပြောင်းမယ်၊ ရန် ကင်း ဘက်မှာကျတော့ မီတာတွေ ပြောင်းလဲပြီး တပ်သွားဖို့ အတွက် လုပ်ဆောင်မှာပါ”ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။

၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ် အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေပေးဝေရေး အပိုင်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ပြီး ရေပေးဝေရေး အတွက် ကျပ် ၁၄ ဘီလီယံ ကျော် သုံးစွဲမည် ဖြစ်ကြောင်း သိရသည်။

ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက“အခုအချိန်မှာက ရန်ကုန်တိုင်း ဒေသကြီးထဲမှာတင် ရေရှားတဲ့ နေရာတွေ ရှိတယ်၊ ဒီငွေတွေကို သုံးစွဲတာမှာလည်း မကုန်သင့်တာ မကုန်အောင် လွှတ်တော် အမတ်တွေက စောင့်ကြည့်ဖို့ လိုတယ်၊ အဲဒီလို ကြည့်တာကို အစိုးရပိုင်းက လက်ခံဖို့ လိုတယ်၊ ပြည်သူ အတွက် သုံးမယ် ဆို ဘယ်နေရာမှာ ဘယ်လောက်သုံးလည်း သေချာ တင်ပြပေါ့၊ အခုက ယူပြီးမှ သိတာတွေ ရှိတယ်၊ နောက် ဘာတွေသုံးတာလဲကို စနစ်တကျ မဖော်ပြတာတွေ ရှိနေသေးတယ်”ဟု ပြောဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခုနှစ် ဘဏ္ဍာနှစ်တွင် သုံးစွဲရန် ကျပ် ဘီလီယံ ၂၀၀ ကျော် လျာထားကြောင်း သိရသည်။

Loading