ရခိုင်ပြည်နယ် အတွင်းရှိ HIV ပိုးရှိသူများ အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ARV စင်တာများတွင် ဆေးကု သ မှု ခံယူရန်နှင့် ဆေးဝါးများ ထုတ်ယူရာတွင် လူနာများမှာ အခက်အခဲများ ရှိနေကြောင်း သိရသည်။
“အစိုးရ ဆေးရုံတွေက အထွေထွေ ဆေးရုံဖြစ်တော့ Privacy မရှိဘူး၊ လူတွေသိမှာ စိုးရိမ်တာရယ်၊ ခွဲခြားဆက်ဆံ ခံရမှာ ကြောက် တာတွေကြောင့် မလာရဲကြဘူး၊ ပြီးတော့ နယ်ကနေ ဆေးလာယူတဲ့သူတွေ အတွက် ခရီးစရိတ် အခက်အခဲ၊ တည်းခိုစရာ အခက် အခဲတွေ ရှိနေတယ်၊ တာဝန် ယူရမယ့်သူက ဘယ်သူလဲ ဆိုတာ သီးသန့် တာဝန် ခွဲဝေမှု လိုအပ် နေတယ်”ဟု Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင် က ဧရာဝတီသို့ ပြောပြသည်။
ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောရှိ အစိုးရ ဆေးရုံများတွင် ARV စင်တာများ ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အစိုးရ ဆေးရုံများတွင် ARV ဆေးဝါး ထုတ်ပေးရန် ဆေးဝါး လုံလောက်မှုရှိသော်လည်း လုပ်ငန်းဝန်ဆောင်မှု အပိုင်းတွင် လူနာ အင်အားနှင့် ဝန်ထမ်း အချိုးမညီမျှသောကြောင့် ဝန်ဆောင်မှုပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းတွင် အားနည်းချက်များ ရှိနေကြာင်း ဒေသခံ တချိူ့က ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် HIV/AIDS ကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်နေသည့် MSF ဟော်လန်အား လူမျိုးရေးခွဲခြား ဘက် လိုက်မှု ရှိသည်ဟုဆိုကာ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒ ထုတ်ဖော်မှုများကြောင့် MSF ၏ လုပ်ငန်းများကို ယခုနှစ် ဖေဖော် ဝါရီ လကုန်ပိုင်း က ရပ်နားခဲ့ရသည်။
ယင်းနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း MSF က စောင့်ရှောက်မှု ပေးနေသည့် လူနာ ၇၀၀ အား ကုသရေးနှင့် ဆေးပေးဝေရန် ကျန်းမာရေး ဝန်ကြီးဌာနက ဆက်လက် တာဝန်ယူပြီး ဆေးဝါး အလုံအလောက် ရှိသည်ဟု အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက် ရောဂါ တိုက်ဖျက်ရေး စီမံချက်မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဧရာဝတီသို့ ပြောသည်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF-ဟော်လန်)၏ ကူညီထောက်ပံ့ရေး လုပ်ငန်းများ ရပ်ဆိုင်းထားစဉ် ကာလအတွင်း ၎င်းတို့ထံမှ ဆေးဝါးထောက်ပံ့မှု ရယူနေသည့် လူပေါင်း ၇၀၀ အတွက် စစ်တွေ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ရှိ ဒေသန္တရ ဆေးပေးခန်း၊ ဘူးသီးတောင် ပြည်သူ့ဆေးရုံနှင့် မောင်တော ပြည်သူ့ဆေးရုံများတွင် ARV ဆေးဝါးများ ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်တွေ MSF မှာ ဆေးယူနေတဲ့ လူနာတွေကို စစ်တွေ ဆေးရုံနဲ့ ဒေသန္တရ ဆေးခန်းတွေမှာ လက်ခံ နေပါတယ်၊ Second Line လူနာတွေ အတွက်လည်း ဆေးမှာထားပြီ၊ ဆေးဝါး လုံလောက်ပါတယ်”ဟု ဒေါက်တာ ထွန်းညွန့်ဦးက ဆိုသည်။
ယခုနှစ်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက HIV/AIDS အတွက် သုံးစွဲရမည့် အသုံးစရိတ် ပိုမိုချထား ပေးသဖြင့် လာမည့် ၂၀၁၆ ခုနှစ်အထိ ဆေးဝါး လုံလောက်စွာ ရှိနေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ARV ဆေးဝါး သောက်သုံးရန် လိုအပ်နေသည့် HIV Positive ၃၉၄ ဦး ရှိပြီး ကလေးငယ် ၂၃ ဦးနှင့် Second Line အဆင့် ဆေးဝါးများ သောက်သုံး နေရသည့် လူနာများလည်း ပါဝင်ကြောင်း MPG ၏ စာရင်းဇယားများ အရ သိရ သည်။
MPG ဥက္ကဌ ဦးမျိုးသန့်အောင်က အစိုးရက ဆေးပဲ ပေးနိုင်ကြောင်း၊ လူနာများအနေနှင့် သွားရေးလာရေး အခက်အခဲ ရှိကြောင်းနှင့် ဝန်ထမ်းများ ဘက်ကလည်း လူနာများကို ဆက်သွယ်ရန် ကုန်ကျစရိတ် အခက်အခဲ ရှိကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့စဉ် ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေကို ဧရာဝတီသို့ ပြောပြသည်။
စစ်တွေ MPG မှ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးဘဆွေကလည်း“ဝန်ထမ်းတွေကလည်း သင်တန်းကောင်းကောင်း မရထားသေး တော့ လူနာတွေကို နှစ်သိမ့်ဆွေးနွေး ပညာပေးမှုပိုင်းမှာ အားနည်း နေသေးတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လူနာများအား ကျန်းမာရေး ဝန်ကြီးဌာနက ဆေးဝါး ဆက်လက်ထောက်ပံ့မည့် အစီအစဉ်တွင် လူနာများအား နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ ဆေးသောက်မှန်စေရန် စောင့်ရှောက် ပေးခြင်းနှင့် ဆေးဝါး ထုတ်ယူစဉ်တွင် အခက်အခဲ မရှိရန် လုပ်ဆောင်ပေးခြင်း စသည်တို့ကို ကူညီ ဝန်ဆောင်ပေးသွားမည်ဟု ဦးမျိုးသန့်အောင်က ပြောဆိုသည်။
“NGO တွေနဲ့ INGO တွေက အချိန်တန်ရင် အိမ်ပြန်ကြမှာ၊ ပြည်တွင်းမှာ ပြည်တွင်း အဖွဲ့အစည်းတွေပဲ ကျန်ခဲ့မယ်၊ အရင်တုန်းက HIV/ AIDS တားဆီးရေး လုပ်ငန်းတွေမှာ ကျနော်တို့က အစိုးရကိုပဲ လက်ညှိုးထိုးနေတယ်လို့ အပြောခံခဲ့ရတယ်၊ အားမရလို့ ပြောနေရတာ၊ အခုအစိုးရက တာဝန်ယူမယ် ဆိုတော့ ကျနော်တို့ ဝိုင်းကူရမှာပေါ့”ဟုလည်း ၎င်းက ဆိုသည်။
စစ်တွေမြို့တွင် CD4 စစ်ဆေးသည့် စက်ကိရိယာ ၁ လုံး ရှိပြီး လိုအပ်ချက် ရှိပါက နောက် ၁ လုံး ထောက်ပံ့ရန် စီစဉ်ထားကြောင်း၊ MSF – ဟော်လန် အဖွဲ့ပိုင် စက်ကိရိယာများ လက်လွှဲ ပေးမည်၊ မပေးမည်ကို အသေးစိတ် မဆွေးနွေးရသေးကြောင်း ဒေါက်တာ ထွန်းညွန့်ဦးက ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင်နှင့် မောင်တော ဆေးရုံများ၌ ဆေးဝါး ထုတ်ယူရမည့် လူနာများ၏ လက်ထဲတွင် လာမည့် အောက်တိုဘာလ အထိ လက်ကျန် ဆေးဝါးများ ရှိနေသေးပြီး စစ်တွေ ဆေးရုံတွင် ယခုလ ဆေးထုတ်ယူရမည့် လူနာ စုစုပေါင်း ၆၂ ဦး ရှိကြောင်း MPG က ဆိုသည်။
ရခိုင်ပြည်နယ်ရှိ HIV/AIDS လူနာများအား စောင့်ရှောက် ဆေးကုသပေးနိုင်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က နည်းပညာနှင့် ရန်ပုံငွေ၊ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund)က ဆေးဝါးများကို အသီးသီး ပံ့ပိုးပေးထားပြီး National AIDS Program က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။