လတ်တလောတွင် အမျိုးသမီးများ၏ ဓာတ်ပုံများနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အင်တာနက် ညစ်ညမ်းဝက်ဘ်ဆိုက် စာမျက်နှာများတွင် တင်၍ အသရေပျက်အောင် ပြုလုပ်မှုများ များပြားလာနေသည်ကို တွေ့ရသည်။ ထိုသို့သော ကိစ္စများအပြင် အမျိုးသမီးများကို အကြမ်းဖက်မှုများ ပြုလုပ်သည့်ကိစ္စ တားဆီးခြင်းနှင့် အမျိုးသမီး အခွင့်အရေး အတွက် တက်ကြွလှုပ်ရှားနေသည့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ယက် (Gender Equality Network) မှ မမေစံပယ်ဖြူကို ဧရာဝတီသတင်းဌာနမှ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းထားပါသည်။ မမေစံပယ်ဖြူသည် ၂၀၀၉ ခုနစ်တွင် ထိုင်းနိုင်ငံမှ Gender and Development ဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာကာ Gender Equality Network တွင် အမျိုးသမီး အခွင့်အရေးကို စတင် လှုပ်ရှားခဲ့သူ တဦးလည်း ဖြစ်သည်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အမျိုးသမီးတွေရဲ့ မဖွယ်မရာ ဓာတ်ပုံတွေကို အွန်လိုင်းပေါ်တင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေဘက်က ဘယ်လို ကာကွယ်သင့်ပါသလဲ။
ဖြေ။ ။ ကျမအမြင်ကတော့ အမျိုးသမီးတွေ တဘက်သတ် ကာကွယ်ရမယ့် ကိစ္စမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ အမျိုးသားတွေ အပါအဝင် လူ့အဖွဲ့အစည်းရဲ့ စိတ်နေသဘောထားနဲ့ အများကြီး သက်ဆိုင်တယ်။ ဒီလို အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အသေရေဖျက်တဲ့ ပုံတွေ စာတွေ အွန်လိုင်းမှာ တင်တာတွေဟာ တကယ်တော့ အမျိုးသမီး တယောက်ကို အကြမ်းဖက်တာပဲ။ ဒါဟာ ပြစ်မှုမြောက်တယ်၊ ဥပဒေနဲ့ မညီဘူးဆိုတာ မသိတဲ့အတွက်၊ နားမလည်တဲ့ အတွက်ကြောင့် ဖြစ်နေတာ။ ပြီးတော့ အဲဒီလို ကိစ္စတွေကို ထိထိရောက်ရောက် တားဆီး ကာကွယ်နိုင်တဲ့ ဥပဒေမျိုး၊ တရားဥပဒေ စိုးမိုးမှုက ကျမတို့နိုင်ငံမှာ မရှိတဲ့အတွက်ကြောင့်၊ တဘက်မှာလည်း ဒီ IT နည်းပညာက အရမ်းကို တိုးတက် လာတဲ့အခါမှာ အဲဒီလို ကိစ္စတွေကို ကာကွယ်ရတာ နည်းနည်းခက်လာတယ်။ ကျမအမြင်ကတော့ အမျိုးသမီးတွေချည်း သက်သက် ကာကွယ်လို့ရတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ကျမတို့ရဲ့ ဓာတ်ပုံတွေ၊ အချက်အလက်တွေ၊ ဖုန်းနံပါတ်တွေ အဲဒါတွေကို ထိန်းချုပ်နိုင်ဖို့မရှိဘူး။ အထူးသဖြင့် facebook လို Social media တွေ အရမ်း ကျယ်ပြန့် လာတဲ့ အခါမှာ လူတိုင်းက ကိုယ့်ရဲ့ အချက်အလက်တွေကို Share ကြတယ်လေ။ အဲဒီမှာ သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်းလောက်ပဲ Share မယ်ပေါ့။ အဲဒီမှာ Privacy လုပ်နိုင်မယ်။ ကျမတို့သူငယ်ချင်း၊ မိတ်ဆွေတွေကနေ တဆင့်လည်း ပျံ့နှံ့နိုင်တယ်။ ဒါကြောင့် အမျိုးသမီးတွေချည်း တဘက်သတ် ကာကွယ်ဖို့ခက်တဲ့၊ မလုပ်သင့် မလုပ်အပ်တဲ့ အရာလည်းဖြစ်တယ်။ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်လို့ ပိုပြီး အရေးကြီးတယ်။
မေး။ ။ အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး ရေးဆွဲထားတာတွေရှိလား။
ဖြေ။ ။ ရှိပါတယ်။ ကျမတို့ အခုလက်ရှိမှာ ဒီ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက အတူပူးပေါင်းပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်းရေးဆွဲနေတာ ရှိပါတယ်။ ဥပဒေကြမ်းထဲမှာ ဒီလို သတင်းမီဒီယာတွေက တဆင့် အွန်လိုင်းကို အသုံးပြုပြီးတော့ အခွင့်အရေးကို ချိုးဖောက်တာ၊ အကြမ်းဖက်တာတွေကို ဥပဒေတွေနဲ့ တားဆီးနိုင်ဖို့၊ အရေးယူနိုင်ဖို့အတွက် ကျမတို့ ထည့်သွင်းရေးဆွဲသွားဖို့ စီစဉ်ထား ပါတယ်။
မေး။ ။ အမျိုးသမီးတွေ အနေနဲ့ အွန်လိုင်းပေါ်မှာ အသေရေဖျက် ခံရမှုတွေအပေါ် ဘယ်လို တုန့်ပြန်သင့်လဲ။
ဖြေ။ ။ လက်ရှိမှာလည်း ကျမကိုယ်တိုင် အဲဒီလို အလုပ်ခံနေရတယ်။ ခံနေရတဲ့အခါမှာ အမျိုးသမီးတယောက် ဖြစ်ပြီး
တုန့်ပြန်ရတဲ့ အခါမှာ တော်တော်ခက်ခဲတယ်။ ဘာလို့လဲဆိုတော့ ညစ်ညမ်းတဲ့ Message ပို့တဲ့အခါမှာ ကျမတို့ပြန်ပြီး ညစ်ညစ်ပတ်ပတ်တွေ ပြန်ပြောလို့ မရဘူးလေ။ ကျမတို့က ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ကြီးပြင်းတဲ့သူ ဖြစ်တဲ့ အခါကျတော့ ကိုယ့်ကို ညစ်ပတ်တာတွေ ပြောတော့လည်း ပြန်ပြောလို့မရဘူး။ တုန့်ပြန်ရတာ ခက်တယ်။ ကျမ ကတော့ လာချင်တဲ့ဖုန်းတွေလာ၊ Message တွေ ဝင်ချင်သလောက်ဝင်၊ ကျမ လုံးဝမတုန့်ပြန်ဘူး။ အဲဒီတော့ ကျမ အဲဒီလို ကြုံတွေ့တာတွေကို မိတ်ဆွေ သူငယ်ချင်းတွေကို ပြောတဲ့အခါမှာ သူတို့ကတော့ ကျမဆီ ဝင်လာတဲ့ ဖုန်းနံပါတ် တွေကို ဓာတ်ပုံရိုက်ပြီးတော့ facebook ပေါ် တင်တယ်။ အဲဒီလို လုပ်တဲ့သူတွေက ကိုယ့်မြန်မာအချင်းချင်းပဲ။ မိုက်မိုက်ရိုင်းရိုင်း လုပ်တာကို တန်ပြန်တာတော့ ပြန်လုပ်ကြတယ်။ ဒါပေမယ့် အဲဒါက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းအစစ်တော့ မဟုတ်ဘူး။ တကယ်တော့ အဲဒီလို ကြုံတွေ့ရတဲ့အခါမှာ ဥပဒေနဲ့ တိတိကျကျ ထိထိရောက်ရောက် ကာကွယ်ပေးတာ မဟုတ်ဘူးဆိုရင် ကျမတို့တွေက ကာကွယ်ဖို့တော့ နည်းနည်းခက်တယ်။ ကြုံရတဲ့ သူတွေအတွက်လည်း တော်တော် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ လက်ရှိမှာ ကျမကတော့ လုံးဝကိုမတုန့်ပြန်ဘူး။ အမှန်တကယ်တော့ နိုင်ငံတကာမှာဆိုရင် လုပ်လို့ရတာတွေ အများကြီးရှိတယ်။ အထူးသဖြင့် ကျမတို့ နိုင်ငံမှာ ဥပဒေသာ စိုးမိုးမယ်ဆိုရင် ကျမတို့ လုပ်လို့ရတဲ့ အရာတွေ အများကြီးပါ။ ဘာကြောင့်လဲဆိုတော့ တခြားနိုင်ငံတွေနဲ့ စာရင် ကျမတို့ နိုင်ငံက မိုဘိုင်းဖုန်းကို တွင်တွင်ကျယ်ကျယ် သုံးလာတာ ဆယ်စုနှစ်တခု မရှိသေးပါဘူး။ ပြီးတော့ ဘာပဲဖြစ်ဖြစ် အစိုးရက ဒီ မိုဘိုင်းဖုန်းတွေကို စာချုပ်နဲ့ ချထားပေးတာလေ။ ဆက်သွယ်ရေးကနေ ကျမတို့ ငှားသုံးနေကြတာလေ။ တကယ်လို့ ကျမတို့ ဥပဒေနဲ့ တိတိကျကျ အရေးယူချင်တယ်၊ ဆောင်ရွက်ချင်တယ်ဆိုရင် အဲဒီဖုန်းတွေကို အကုန်လုံး လိုက်လို့ရတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကျမကိုယ်တိုင်လည်း မလုပ်ဖြစ်ဘူး။ အားလုံးက အလုပ်များကြတယ်လေ။ ဘာမှမဟုတ်တဲ့ ကိစ္စတွေအတွက် အချိန်တွေ၊ အင်အားတွေ မသုံးချင်ဘူး။ သိပ်ဆိုးဆိုးရွားရွား မဖြစ်လာသေးလို့လည်း ပါပါတယ်။ အရမ်း ဆိုးဆိုးရွားရွား ဖြစ်မယ်ဆိုရင်တော့ ဥပဒေအတိုင်း အရေးယူနိုင်အောင် ကြိုးစားလို့ရမယ့် နည်းလမ်းတော့ရှိပါတယ်။ ကျမ အထင်တော့ အဲဒီ ဖုန်းနံပါတ်တွေကို လိုက်လို့မရဘူးလို့ မထင်ဘူး။ လိုက်လို ရလောက်တယ်။ ဘာမှ အဲဒီလောက် မခက်ဘူး။ ဖုန်းတွေက မြန်မာ့ ဆက်သွယ်ရေးကနေ အငှားချထားတဲ့ ဖုန်းတွေလေ။ နာမည်နဲ့ လိုက်မယ်ဆိုရင် အလွယ်လေး ပါပဲ။ ဥပဒေသာ စိုးမိုးမယ်ဆိုရင်ပေါ့။
မေး။ ။ အင်တာနက်ပေါ်က ကိစ္စတွေကျတော့ရော။
ဖြေ။ ။ လိုင်းပေါ်မှာ ဆိုရင်တော့ ကျမရဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း လိုင်းပေါ်မှာ Attack လုပ်ခံရတာ ရှိပါတယ်။ များသောအားဖြင့် ကျမတို့ အသုံးများတာ ကတော့ Google တို့ facebook တို့ ဆိုတာ ကမ္ဘာက အသိအမှတ်ပြုတဲ့ ကုမ္ပဏီတွေ ပါပဲ။ ကျမတို့ အဲဒါတွေကို Report လုပ်လို့ရပါတယ်။ ကျမတို့ကို Personally ပေါ့၊ Personal အချက်တွေကို ခိုးယူတယ်၊ တိုက်ခိုက်တယ်ပေါ့။ နာမည်ပျက်အောင်၊ သိက္ခာတွေပျက်အောင် ဘယ်ဝက်ဘ်ဆိုက်မှာ ကျမတို့ အလုပ်ခံရတယ် ဆိုပြီး အဲဒါတွေကို ကျမတို့ စာရေး အကြောင်းကြားလို့ ရပါတယ်။ ပြီးတော့ ကိုယ်ပိုင် Blog လုပ်ထားတယ် ဆိုရင်လည်း Blog တွေပိတ်လို့ရတဲ့အထိ လုပ်လို့ရပါတယ်။ လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိတယ်လို့ ကျမ ယုံကြည်တယ်။
မေး။ ။ လိုင်းပေါ်မှာ အတင်ခံရတဲ့ အမျိုးသမီးတွေက သက်ဆိုင်ရာကို တိုင်ကြားဖို့ ကြောက်ရွံ့မှုတွေ ရှိနေတဲ့အပေါ်ရော မမေစံပယ်ဖြူ အနေနဲ့ ဘာထပ်ပြောချင်လဲ။
ဖြေ။ ။ ဒါကတော့ ကြောက်ရွံ့မှုထက် အယုံအကြည် မရှိတာလို့ ထင်ပါတယ်။ တိုင်လိုက်လို့ ဘယ်လောက် အကူအညီ ရမှာလဲ ဆိုတဲ့ ယုံကြည်မှုကြောင့် လူတွေက နောက်တွန့်နေတယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဒီလိုကိစ္စတွေ ကြုံတွေ့ရတဲ့ အခါမှာ ကျမတို့က စံနမူနာပြတဲ့ အနေနဲ့ ဒီလိုပြဿနာ တခု၊ နှစ်ခုလောက်ကို ထိထိရောက်ရောက် အရေးယူ ပြလိုက်တာမျိုး ရှိလာတယ် ဆိုရင်တော့ နောက်ထပ် ဒီလို ပြဿနာတွေဖြစ်လာရင် ကျူးလွန်ခံရတဲ့သူတွေ တိုင်ကြားဖို့ သတ္တိ ရှိလာမယ်။ လက်တလော မှာတော့ ဒီလိုမျိုး ဖြစ်လာရင် ဘယ်သူမှ ရှာဖွေ ဖော်ထုတ်တာတို့၊ အရေးယူတာတို့ မရှိဘူး။ မြန်မာနိုင်ငံ တခုတည်း မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ကျမကတော့ Personal Information Leak ဖြစ်တာထက် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက် ဖြစ်အောင် ထိပါး စော်ကားခြင်းကိုသာ ဆိုလိုပါတယ်။ လူတယောက်ရဲ့ Personal information ဟာ ဘယ်လောက်အထိ Private လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာ ငြင်းခုံတဲ့ ခေါင်းစဉ် တခုပေါ့။ ဒါပေမယ့် အမျိုးသမီးတယောက်ကို သူ့ရဲ့ ဓာတ်ပုံတွေကို ညစ်ညမ်းတဲ့ ဝက်ဘ်ဆိုက်တွေ ပေါ်မှာ အသုံးပြုတာကတော့ အမျိုးသမီးကို တိုက်ရိုက် စော်ကားတာပဲ။ အဲဒီအပိုင်းကိုတော့ ကျမတို့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ထင်ပါတယ်။
မေး။ ။ အွန်လိုင်းပေါ်မှာ အဲဒီလို ပြဿနာကြုံခဲ့ရတဲ့ အမျိုးသမီးတွေအကြောင်း ဘယ်လောက်အထိ ကြားဖူးလဲ။
ဖြေ။ ။ အများကြီး ကြားဖူးပါတယ်။ ဥပမာ – ကမ်းခြေမှာ အပျော်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ညစ်ညမ်းတဲ့ ဝက်ဘ်ဆိုက်တွေပေါ်မှာ နာမည်တွေ၊ ဖုန်းနံပါတ်တွေနဲ့ ဈေးနှုန်း ဘယ်လောက်ဆိုတာ တင်ထားတဲ့ ကိစ္စတွေ ကျမ ပတ်ဝန်းကျင်မှာ တော်တော် ကြားရတယ်။ အခုနောက်ပိုင်းဆိုရင် ခပ်စိပ်စိပ်ကို ကြားလာရတယ်။ ဒါ ဘာတွေကို ပြလဲဆိုတော့ အမိျိုးသမီးတွေကို ဦးတည်ပြီးတော့ မသမာတဲ့ စိတ်နဲ့ကို နာမည်ဖျက်ချင်တာ။ ဒီ နည်းပညာ ဖွ့ံ့ဖြိုး လာသည်နှင့်အမျှ ပိုပြီးတော့ရှိလာပြီ။ ကျမတို့ သတိပြုရမယ်ပေါ့။ ဒါကို တားဆီးနိုင်ဖို့ အတွက် ကြိုးစားရမယ်ဆိုတာ ပြနေတာပါပဲ။
မေး။ ။ နောက်ပြီး အမျိုးသားတချို့က ကိုယ့်ချစ်သူ ရည်းစားတွေရဲ့ ဓာတ်ပုံတွေ၊ အတူနေကြတဲ့ ပုံတွေကို လိုင်းပေါ်မှာ တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးရော ကြားဖူးလား၊ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ။ ။ တကယ်တော့ အမျိုးသားတွေကိုပဲ ပြောချင်တာ မဟုတ်ပါဘူး။ လူတယောက်ဆိုတာ ကိုယ့်ကို ယုံကြည်လို့ ချစ်ခင်တဲ့အတွက် ခွင့်ပြုထားသော၊ လိုက်လျောထားတဲ့ ကိစ္စတွေကို အများပြည်သူသိအောင် မတော်မလျော် အသုံးပြုတယ် ဆိုတော့ အဲဒါက လုပ်ကိုမလုပ်သင့်တဲ့ ကိစ္စပါ။ လူ့ကျင့်ဝတ်ကို ချိုးဖောက်တဲ့ လုပ်ရပ်ပါပဲ။ ဒါက မလုပ်သင့် မလုပ်ထိုက်သည့်အရာ၊ လူ့ကျင့်ဝတ်ကို ချိုးဖောက်တဲ့ အရာပါ။ ဒါ ဂုဏ်ယူရမယ့် ကိစ္စ မဟုတ်ဘူး၊ ရှက်ဖို့ အရမ်း ကောင်းပါတယ်။ ဒီလို အမျိုးသမီးတယောက်ကို ထိခိုက်နစ်နာစေချင်တဲ့ အတွက်ကြောင့် အရှက်ရပါစေတော့ ဆိုပြီး လုပ်လိုက်တဲ့အရာက တကယ်တော့ အမျိုးသားရဲ့ အကျင့်တန်ခြင်း၊ သူ့ရဲ့ စိတ်ထား ယုတ်ညံ့ခြင်းကို ပေါ်လွင်အောင် ဖော်ပြလိုက်တာပဲ။ သူ့စိတ်ထဲမှာတော့ သူ ဒီလိုလုပ်လိုက်ခြင်း အားဖြင့် အဲဒီ အမျိုးသမီးလေးမှာ အရှက်ရမယ်၊ မျက်နှာ မဖော်ဝံ့အောင် ဖြစ်တော့မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ကျမတို့ လူ့အဖွဲ့အစည်း မှာတော့ ဒီယောက်ျား ဘယ်လောက်အထိ ယုတ်မာတယ် ဘယ်လောက်အထိ ဆိုးကျိုးရှိတယ်ဆိုတာကို သူကိုယ်တိုင်က သဘော မပေါက်နိုင်အောင် သူ့စိတ်နေစိတ်ထား နိမ့်ကျနေတာပေါ့။
မေး။ ။ အစ်မတို့ တောင်းဆိုနေတဲ့ အမျိုးသမီး အခွင့်အရေးက ဘယ်အထိ ခရီးရောက်နေပြီလဲ။
ဖြေ။ ။ အဓိက အလုပ်လုပ်နေတဲ့ ကွန်ရက်အနေနဲ့ ကတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှု ပုံသဏ္ဍန်အမျိုးမျိုး ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ ဥပဒေတရပ် ပေါ်လာရေးအတွက် အင်တိုက်အားတိုက် ကြိုးစားနေတယ်၊ ရေးဆွဲ နေတယ်။ အဲဒီလိုပဲ တဘက်မှာ သူတို့တတွေကို ကဏ္ဍစုံ၊ ဘက်ပေါင်းစုံမှာ ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် နိုင်ငံတော်အဆင့် အစိုးရဝန်ကြီးဌာန အားလုံးနဲ့ ပူးပေါင်းပြီးတော့ ကျမတို့ အမျိုးသမီးတွေ ဖွံ့ဖြိုးရေးအတွက် National plan တခုချပြီးတော့ စီမံကိန်းတခု ရေးဆွဲပြီး ဆောင်ရွက်နေတာရှိပါတယ်။ ဒါတွေက ပြောရရင်တော့ မူဝါဒရေးရာနဲ့ ဥပဒေပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေပေါ့။ တဘက်မှာ ကျမတို့ အမျိုးသမီးတွေက ကိုယ့်အခွင့်အရေးကိုယ် ပိုမိုသိလာအောင် ကိုယ့်ရဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်အောင်၊ အသုံးပြုလာအောင် အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်တဲ့ လုပ်ငန်းအများကြီး လုပ်ပါတယ်။ အမျိုးသမီးတွေပဲ သီးသန့် လုပ်နေတာတော့ မဟုတ်ပါဘူး။ တဘက်မှာ အမျိုးသားတွေကိုလည်း ကျမတို့က အသိပညာမြှင့်တင်ရေး လုပ်ငန်းတွေ အများကြီး ဆက်လက် လုပ်ဆောင်သွားမှာပါ။ တဘက်က တိုင်းရင်းသား လူမျိုးစုအနေနဲ့ပဲဖြစ်ဖြစ်၊ ဘာသာတရား အနေနဲ့ပဲဖြစ်ဖြစ် ကျမတို့ တတွေက ကိုးကွယ် ယုံကြည်မှု ကွဲပြားတာတွေ အများကြီး ရှိပါတယ်။ ဒီလိုကွဲပြားတဲ့ ဓလေ့ထုံးစံတွေ ကိုးကွယ် ယုံကြည်မှုတွေဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအပေါ်မှာ ဘယ်လို ထိရောက်မှုတွေရှိလဲ ဆိုတာ သုတေသန စာတမ်း ပြုစုမှုတွေ ရှိပါတယ်။ အမျိုးသမီးတွေရဲ့ ဘဝကို ခွဲခြားဆက်ဆံမယ့် ဓလေ့ထုံးစံတွေကို ပပျောက်သွားအောင် တဘက် ကလည်း အမျိုးသားတွေနဲ့ တွဲပြီး လုပ်ဆောင်နေပါတယ်။ အဲဒါကတော့ ရေရှည်လုပ်သွားရမယ့် ကိစ္စပါ။
မေး။ ။ ကမ္ဘာနဲ့ယှဉ်ရင် မြန်မာအမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ဘယ်လောက်ရှိလဲ။
ဖြေ။ ။ ပြောဖို့ခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျမတို့နိုင်ငံမှာ တိတိကျကျပြောဖို့ သုတေသန စာတမ်းတွေမရှိလို့ပါပဲ။ ဒါကြောင့် ကျမတို့ သုတေသန စာတမ်းပြုစုနိုင်အောင် ကြိုးစားနေတာပေါ့။ အဲဒီတော့ တခြားနိုင်ငံမှာတော့ အမျိုးသမီးတွေ အကြမ်းဖက် ခံရတဲ့အခြေအနေ၊ အကြမ်းဖက်ခံရတဲ့ အမျိုးအစားတွေ၊ ဘာကြောင့် အကြမ်းဖက်ခံရတာလဲ ဆိုတာကို တိတိကျကျ လေ့လာထားတဲ့ သုတေသန စာတမ်းတွေရှိတယ်။ ဒါကြောင့် ကျမတို့တွေက တိတိကျကျ ကာကွယ် နိုင်တယ်။ အမျိုးသမီးတွေကို ထိထိရောက်ရောက် ကာကွယ်မှုပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုးကိုလည်း ဖန်တီးပေးနိုင်တယ်။ ဒါပေမယ့် ကျမတို့နိုင်ငံက ကိစ္စတခုတည်း မဟုတ်ပါဘူး။ ကိစ္စ တော်တော်များများမှာက သုတေသန အားနည်းတယ်။ လိုအပ်နေတာလည်း သိပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက် အတိုင်းအတာအထိ လိုအပ်တယ်၊ ဘာတွေ လိုအပ်တယ်၊ ဘယ်နေရာမှာ လိုအပ်သလဲ ဆိုတာကို၊ ကျမတို့ ဖြည့်ဆည်းပေးရမှာကို သုတေသန အများကြီး လိုအပ်တယ်။ ကျမတို့အဖွဲ့ အနေနဲ့ကလည်း လက်ရှိတော့ အမျိုးသမီး အကြမ်းဖက်ခံရတဲ့ အခြေအနေကို သုတေသန စာတမ်းတစောင် ပြုစုနေတာ ရှိပါတယ်။ ဒီနှစ်ကုန်ရင်တော့ ထုတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရလဒ်တွေ ထွက်လာရင်တော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေဟာ ဘယ်လိုအကြမ်းဖက်မှုမျိုးကို ကြုံတွေ့နေရလဲ၊ အဲဒီ အကြမ်းဖက်မှုတွေကြောင့် သူတို့ဘဝ ဘယ်လောက် ထိခိုက်နစ်နာတယ်၊ ဘယ်လိုဝန်ဆောင်မှုမျိုးကို ရနိုင်ပြီး ဘယ်လို ဝန်ဆောင်မှုမျိုးကို ပေးနိုင်လဲဆိုတာ တိတိကျကျ ဖော်ထုတ်နိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးကဏ္ဍ ဘယ်လောက်အထိ အရေးပါလာပြီလို့ ထင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီး ကဏ္ဍအရေးပါလာဖို့ ကျမတို့တတွေ အလုပ်လုပ်နေကြတာပါ။ အမျိုးသမီး ကဏ္ဍတွေ အရေးပါ ပြီးသား ဖြစ်နေမယ်ဆိုရင် ကျမတို့ လုပ်စရာ အလုပ်ရှိမှာ မဟုတ်ဘူး။ အမျိုးသမီးတွေဟာ နှစ်ပေါင်းများစွာ ဒုတိယ နေရာသာ မဟုတ်၊ နောက်ကွယ်က ပံ့ပိုးသူတွေအဖြစ်ပဲ နေကြတယ်။ အမျိုးသမီးတွေ ရှေ့တန်းကို ရောက်လာဖို့အတွက် သူတို့မှာရှိတဲ့ စွမ်းရည်တွေ၊ အရည်အသွေးတွေ အားလုံးကို အသုံးပြုပြီးတော့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် တည်ဆောက် နိုင်ဖို့ ရှေ့တန်းကနေ ပါဝင်လို့ရအောင် ကျမတို့ လုပ်ဆောင်နေတာပါ။ ဘယ်တော့ ပါဝင်ခွင့် ရမယ် ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကျမတို့ ကြိုးစားနေပါတယ်။ ။