ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဈာပနကို သခင်ကိုယ်တော်မှိုင်းရဲ့ ဈာပန နှိုင်းယှဉ်ကြပါတယ်။ ခေတ်ချင်းမတူပေမယ့် ဆရာကြီး နှစ်ယောက်ရဲ့ သမိုင်းဖြတ်သန်းမှုကလည်း အတော်လေး တူညီတာကို စဉ်းစားမိပါတယ်။ နှစ်ယောက် စလုံးဟာ သတင်းစာဆရာဘဝကနေ နိုင်ငံရေးသမား ဖြစ်လာကြတာချင်း အတူတူပါပဲ။
စိတ်ဓာတ်ရေးရာ နှလုံးရည် ခေါင်းဆောင်တွေ ဖြစ်တာချင်းလည်း တူပါတယ်။ ဒီနေ့ မြန်မာပြည်မှာ လူရိုသေရှင်ရိုသေ သိက္ခာရှိတဲ့လူ ရှားပါးနေချိန်မှာ ဦးဝင်းတင် ကွယ်လွန်သွားတာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ် ပါတယ်။ ဒါပေမယ့် သခင်ကိုယ်တော်မှိုင်း မသေသလို ဟံသာဝတီ ဦးဝင်းတင် မသေပါဘူး။
ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဂုဏ်ရောင်ပြောင်မှုတွေထဲမှာ အရေးအကြီး ဂုဏ်ပုဒ်တခုက နိုင်ငံရေးသီလ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျင့်ဝတ်ပိုင်း ခေါင်းဆောင်မှု (Moral Leadership) ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ၂၀ ရာစု လွတ်လပ်ရေး တိုက်ပွဲမှာ သခင်ကိုယ်တော်မှိုင်းက ကျင့်ဝတ်သီလပိုင်းမှာ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်၊ ဒီလိုပဲ ဟံသာဝတီ ဦးဝင်းတင်ဟာလည်း ဒီနေ့ခေတ်လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲမှာ ကျင့်ဝတ်စံနှုန်းအရ စံပြတဦးအဖြစ် သမိုင်းဝင်သွားပါပြီ။
၂၀၁၄ ခုနှစ်ဟာ သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ် ၅၀ ပြည့်နဲ့ တိုက်ဆိုင်ပါတယ်။ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် လောက်က သခင်ကိုယ်တော်မှိုင်းနဲ့အကြောင်းကို ဟံသာဝတီ ဦးဝင်းတင်က ဆောင်းပါးတပုဒ် ရေးပါတယ်။ နယ်ချဲ့ ရန်သူနံပါတ်တစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီလှိုင်းစာစောင်မှာ ဖော်ပြခဲ့ပါတယ်။ သခင်ကိုယ်တော်မှိုင်းကို နယ်ချဲ့အစိုးရက ထိတ်လန့် ကြောက်ရွံ့ခဲ့ရတဲ့ ထင်ရှားတဲ့ အင်အားသုံးရပ်ကို ထုတ်ပြပါတယ်။
(၁) စာပေအင်အား
(၂) နိုင်ငံရေးအင်အား
(၃) လူငယ်မျိုးဆက်သစ်တွေနဲ့ လက်တွဲနိုင်တဲ့ အင်အားတို့ကို အတိုချုပ် ရှင်းပြထားပါတယ်။
ဒီရှုထောင့်က ကြည့်ရင်လည်း ဟံသာဝတီ ဦးဝင်းတင်နဲ့ သခင်ကိုယ်တော်မှိုင်းတို့ တူညီပါတယ်။ သခင်ကိုယ်တော်မှိုင်းလိုပဲ ဟံသာဝတီ ဦးဝင်းတင်ဟာလည်း အုပ်စိုးသူရဲ့ နံပါတ်တစ် ရန်သူဖြစ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ နေအိမ်အကျယ်ချုပ် ကျခံနေရချိန်မှာ ဦးဝင်းတင်ကိုတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲကို ထည့်ထားခဲ့ပါတယ်။ ပိုပြီး ဆိုးတာက နည်းမျိုးစုံနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ညှဉ်းပမ်း နှိပ်စက်ခဲ့ပါတယ်။
ဦးဝင်းတင်ကို စစ်အစိုးရက ညှဉ်းပမ်းသလိုမျိုး အင်္ဂလိပ်အစိုးရကတောင် သခင်ကိုယ်တော်မှိုင်းကို မညှဉ်းဆဲခဲ့ပါဘူး။ ပြောရမယ် ဆိုရင် တောင်အာဖရိက ခေါင်းဆောင် နယ်ဆင်မန်ဒဲလားရဲ့ ထောင်သက် ၂၇ နှစ်ဟာလည်း ဦးဝင်းတင်ရဲ့ ထောင်သက် နှစ် ၂၀ လောက် မကြမ်းတမ်းခဲ့ပါဘူး။ ထပ်ဖြည့်ရရင် ကိုယ်ကျင့်သီလ ခိုင်မာ ဖြူစင်တာ၊ အာဏာနိုင်ငံရေးနဲ့ ကင်းခဲ့တာ၊ လူထုမျက်နှာက လွဲလို့ တခြား ဘယ်မျက်နှာမှာ မကြည့်တာ စတဲ့ ဂုဏ်ပုဒ်တွေအရာမှာလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဟံသာဝတီ ဦးဝင်းတင်တို့ တူညီပါတယ်။
ဒီနေ့ခေတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုကို နှလုံးရည်တိုက်ပွဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ကင်ပွန်းတပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း နယ်ဆင်မန်ဒဲလား၊ မာတင်လူသာကင်းတို့လို ကျင့်ဝတ်ပိုင်း ခေါင်းဆောင်တယောက်လို အရေးတော်ပုံကို တလျှောက်လုံး ဦးဆောင်မှုပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာလူသားတွေကို နှိုင်းယှဉ်မှုတွေ လျှော့ပါလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်တွေ့နိုင်ငံရေးထဲမှာ ဆောင်ရွက်နေတာကြောင့် တချို့စံနှုန်းတွေ လျှော့ပါးသွားတဲ့ သဘောရှိပါတယ်။ နိုင်ငံရေးသမား ပိုဆန်သွားပါတယ်။
ဒါက သမိုင်းရဲ့ တောင်းဆိုမှု၊ သမိုင်းလိုအပ်ချက်နဲ့လည်း ဆိုင်ပါတယ်။ အရေးတော်ပုံ အောင်မြင်ဖို့ ဆိုရင် ခေတ်ကို ကိုင်လှုပ်နိုင်တဲ့ နိုင်ငံရေးသမားလိုအပ်သလိုပဲ ခေတ်ကို သြဇာလွှမ်းနိုင်တဲ့ ကျင့်ဝတ်ပိုင်း ခေါင်းဆောင် လိုအပ်ပါ တယ်။ ခေါင်းဆောင်မှု နှစ်မျိုးဟာ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ သဘော၊ အပြန်အလှန် ထိန်းညှိထားတဲ့ သဘော ဆောင်ပါတယ်။
ဥပမာအနေနဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးသမားကွက်လပ်ကို ဖြည့်ဆည်း ပေးခဲ့ပြီး သခင်ကိုယ်တော်မှိုင်းက ကျင့်ဝတ်ပိုင်း ခေါင်းဆောင် ကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူတို့ နှစ်ယောက်ထဲက တယောက်ယောက်ကို ဖယ်ထုတ်ပြီး မြန်မာပြည်လွတ်လပ်ရေးကို စဉ်းစားဖို့ အလွန်ခဲယဉ်း ပါတယ်။
အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့နောက်ပိုင်းမှာ သခင် ကိုယ်တောင်မှိုင်း အသက်ရှင် နေပေမယ့် မြန်မာပြည်ဟာ ငြိမ်ချမ်းရေး မရခဲ့ပါဘူး။ ငြိမ်းချမ်းရေးဝါဒီ ဆရာကြီး ကိုယ်တိုင် ငြိမ်းချမ်းရေးကို တမ်းတရင်းနဲ့ပဲ ခေါင်းချသွားရပါတယ်။ ငြိမ်းချမ်းရေးကို မမြင်ခဲ့ရရှာပါဘူး။ ခေါင်းဆောင်နှစ်မျိးစလုံးမရှိတဲ့ အချိန်ဟာ မြန်မာပြည်ရဲ့ အမှောင်ဆုံး ကာလတွေပါပဲ။
မျိုးဆက်ကွာဟချက်အရ ပြောရရင်လည်း သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း အတွဲအစပ်လိုပဲ ဟံသာဝတီ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အတွဲအစပ်က ဆင်တူပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဝေဖန်သူဟာ သခင်ကိုယ်တော်မှိုင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူက ဦးဝင်းတင်ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတမ်း သူကိုယ်သူ နှိမ့်ချတတ်တဲ့ ဦးဝင်းတင်က သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “နိုင်ငံရေးနောက်လိုက်” လို့ ပြောပါတယ်။ ဒါ နိုင်ငံရေးသမား နောက်လိုက်နဲ့ မတူပါဘူး။
“နိုင်ငံရေးနောက်လိုက်” ဆိုတာ ခေါင်းဆောင်ရဲ့ နိုင်ငံရေးအယူအဆ၊ အတွေးအခေါ်ကို အစဉ်မပြတ် ဝေဖန်ဆန်းစစ်ပြီးမှ နောက်က လိုက်သူဖြစ်ပြီး၊ နိုင်ငံရေးသမား နောက်လိုက်ဆိုတာက ရာထူး၊ နေရာအတွက် ခေါင်းဆောင်နောက်က လိုက်သူလို့ ဟံသာဝတီ ဦးဝင်းတင်က မကြာခဏရှင်းပြပါတယ်။ ဟံသာဝတီ ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နှလုံးရည်တိုက်ပွဲမှာ နိုင်ငံရေးနောက်လိုက်ဖြစ်သလို၊ အင်အားအကြီးမားဆုံး စစ်သူကြီးလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောသလို ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်သွားပေမယ့် ဆရာကြီးရဲ့ စိတ်ဓာတ်တွေ၊ စံနမူနာ၊ သြဝါဒတွေတော့ သေဆုံးသွားမှာမဟုတ်ပါဘူး။ ဒါပေမ့ယ် ဒီမိုကရေစီ အရေးတော်ပုံမှာ လက်တွေ့ နိုင်ငံရေးမှာရော၊ ကျင့်ဝတ်ပိုင်းရော ဟာကွက်တွေ အတော်များများ ပေါ်နေပါတယ်။ ဒါတွေကို အစားထိုးဖို့ အချိန်အတော်ယူရမယ့် သဘောရှိပါတယ်။ အထူးသဖြင့် ဦးဝင်းတင်လို သမိုင်းဖြတ်သန်းမှုမျိုးကို အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ပို တာဝန်ကြီးသွားပါပြီ။ လက်တွေ့နိုင်ငံရေး ဦးဆောင်မှုနဲ့ ကျင့်ဝတ် ခေါင်းဆောင်မှုကို တပြိုင်တည်း ထမ်းဆောင်ဖို့ ခက်ခဲပါတယ်။ ဆရာကြီး ဦးဝင်းတင်က နောက်ဆုံးအချိန်မှာ “ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တယ်၊ ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်မယ်လို့ ယုံကြည်တယ်”လို့ ပြောသွားပါတယ်။ ဒီမိုကရေစီအင်အားစုတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်မှာ စည်းစည်းလုံးလုံး လိုက်ဖို့လည်း မှာကြားသွားတယ်လို့ ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း တခြား ရွေးစရာလည်း မရှိလှပါဘူး။ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်လ်ဆင်မန်ဒဲလားလို ဒီတာဝန် နှစ်ရပ်ကို တပြိုင်တည်း ထမ်းဆောင်ရပါလိမ့်မယ်။