ထင်ရှားသူတို့ရဲ့ ဘ၀ ဖြတ်သန်းမှုတွေကို နှောင်းလူတွေ လေ့လာ သိရှိနိုင်ဖို့ သူတို့ ကွယ်လွန် သွားပြီးချိန်မှာ ပြတိုက် တွေ တည်ဆောက်ထားကြတဲ့ အစဉ်အလာက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိကြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ပြတိုက် အဖြစ် တည်ရှိနေတာကတော့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နဲ့ ဦးသန့် ပြတိုက် ဆိုတာတွေပဲ ရှိပါတယ်။
ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်ကို ဗိုလ်ချုပ် အောင်ဆန်း သက်ရှိ ထင်ရှား ရှိစဉ်က နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တာဝါလိန်းလမ်း(ယခု ဗိုလ်ချုပ် ပြတိုက်လမ်း) နေအိမ်မှာပင် ၁၉၆၀ ဝန်းကျင်က စတင် ဖွင့်လှစ်ထားရှိ ပါတယ်။ ဦးသန့် ပြ တိုက်ကိုလည်း ရန်ကုန်မြို့ ကမာရွတ် မြို့နယ် ပန်းဝါလမ်းမှာ ၂၀၁၃ ခုနှစ် ဧပြီလ အတွင်းက ဖွင့်လှစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကွယ်လွန်သွားတဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်တင် ပြတိုက် တည်ဆောက်ရေး အတွက် ကျန်ရစ်သူတွေက ဆန္ဒရှိနေကြတယ်လို့လည်း သိရပါတယ်။
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ အထူးသဖြင့် မြန်မာ့ သတင်းစာ လောကသမိုင်းမှာ သတင်းစာ ပညာကို မြတ်နိုး တန်ဖိုးထားသူ၊ သတင်းစာ လွတ်လပ်ခွင့် အတွက် အစဉ် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သလို ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့ အတွက် သံမဏိစိတ်ဓာတ်နဲ့ ပြတ်ပြတ် သားသား ရှေ့တန်းက ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ အရေးတော်ပုံ တပ်သားကောင်း တဦးလည်း ဖြစ်ပါတယ်။
ဟံသာဝတီ ဦးဝင်းတင်ဟာ ပါလီမန် ဒီမိုကရေစီခေတ်၊ တော်လှန်ရေး ကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အဆက်ဆက်တွေမှာ သတင်းသမား၊ စာရေးဆရာ အဖြစ် ထူးချွန်ပြောင်မြောက်စွာ ဖြတ်သန်းခဲ့သူ၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း န.ဝ.တ၊ န.အ.ဖ စစ်အစိုးရ အဆက်ဆက် လက်ထက်မှာ အကျဉ်းထောင်အတွင်း ၁၉ နှစ်ကြာ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖိနှိပ်မှုများ၊ မတရားမှုများကို ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့သူ တဦး ဖြစ်ပါတယ်။
ဦးဝင်းတင် အကျဉ်းထောင် အတွင်း ရှိနေစဉ်မှာလည်း ခက်ခဲကြမ်းတမ်းမှုများကြားက သူ ချစ်မြတ်နိုးတဲ့ သတင်းစာ ပညာနဲ့ အကျဉ်းထောင်တွင်း သတင်းစာတစောင် ထွက်ပေါ်ဖြစ်မြောက်အောင် ဦးဆောင် စီစဉ်ခဲ့သူ စတဲ့ ခရီးကြမ်းကို ဖြတ်သန်းခဲ့ ရ သူ ဖြစ်တာကြောင့် တခေတ်တခါမှာ သူလိုလူ သူ တဦးရယ်လို့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည်စုံသူ တဦးလည်း ဖြစ်ပါတယ်။
သတင်းစာသမားပဲ ဖြစ်လိုတဲ့ ဦးဝင်းတင်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားလာတဲ့ နိုင်ငံရေး အခြေအနေကြောင့် ၁၉၈၈ ခုနှစ်နောက် ပိုင်း အကြီးမားဆုံး အတိုက်အခံ ပါတီ တခု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီရဲ့ ဦးဆောင်သူ တဦး အဖြစ် အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဦးဝင်တင်ဟာ တဦးတည်း လက်ထောင်ကာ အခိုင်အမာ ရဲဝံ့ပြတ်သားစွာဖြင့် စစ်အစိုးရ ရေးဆွဲခဲ့တဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကန့်ကွက်ပြီး အသစ် ပြန်လည် ရေးဆွဲသင့်တယ်လို့ သူယုံကြည်သလို သူ့သဘောထား ဆန္ဒကို ပြတ်ပြတ်သားသား ဖော်ထုတ်ပြသခဲ့သူလည်း ဖြစ်ပါတယ်။
ယခုနှစ် ဧပြီလ ၂၁ ရက်မှာ ကွယ်လွန်သွားခဲ့ပြီး ဧပြီလ ၂၃ ရက်မှာ ကျင်းပခဲ့တဲ့ သူရဲ့ဈာပန အခမ်းအနားဟာ မြန်မာနိုင်ငံ သမိုင်းမှာ အစည်းကားဆုံး ဈာပန တခုလည်း ဖြစ်ခဲ့ပါတယ်။
ဒီလို ရဲဝံ့ထင်ရှားပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ ပတ်သက်လို့ ပြတိုက်တခု တည်ဆောက် ထားလိုတဲ့ ဆန္ဒရှိနေကြတာပါ။ ဒီလို ဆန္ဒရှိသူတွေထဲမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည် အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။
ဟံသာဝတီ ဦးဝင်းတင် မကွယ်လွန်မီ နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ် ကျောက်ကုန်းက ဆွေမျိုးတော်စပ်သူရဲ့ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၂ ရက်နေ့က သွားရောက်ခဲ့ပြီး ကျန်ရစ်သူ မိသားစုကို အားပေးစကားပြောကြားရာမှာ အခြေ အနေပေးတဲ့ တနေ့မှာ ဦးဝင်းတင် ပြတိုက် ဆိုပြီး လုပ်ဆောင် ချင်တယ်လို့ ပြောသွားခဲ့ပါတယ်။
“အန်တီက ပြောသွားတာတော့ ဒီမှာ အခြေအနေရယ်၊ အခွင့်အလမ်းရယ်၊ အချိန်အခါရယ် ပေးခဲ့လို့ ရှိရင် ဒီအတိုင်း နေအိမ် ကလေးကို အလုံးလိုက်ရွှေ့သွားပြီး ပြတိုက်တခု ဖြစ်စေချင်တယ်တဲ့၊ အခုနေမှာ ဟိုလူက လိုချင်တာ တခုပေးလိုက်၊ ဒီလူက လိုချင်တာ တခု ပေးလိုက် ဆိုရင် သူ့ပစ္စည်းတွေ တစစီ ပြန့်ကျဲကုန်ပြီး ပျောက်သွားမယ်တဲ့”လို့ ဦးဝင်းတင်ကို အနီးကပ် ပြုစုပေးခဲ့သူ တဦးဖြစ်တဲ့ ဦးမောင်မောင်နိုင်က ဧရာဝတီကို ပြောပါတယ်။
လတ်တလောမှာတော့ ဦးဝင်းတင် နေထိုင်ခဲ့တဲ့ နေအိမ်ကို သတင်းမီဒီယာတွေ အတွက်သာ မှတ်တမ်း လုပ်နိုင်ဖို့ တနေ့ ၂ နာရီကြာ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပြီး ဘယ်သတင်း မီဒီယာတွေမဆို မှတ်တမ်း ရိုက်ကူးခွင့် ပေးသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ဘဘ ဦးဝင်းတင် နေထိုင်သွားတဲ့ အခန်းလေးကို သတင်းမီဒီယာတွေ အတွက် မှတ်တမ်းရုပ်သံ ရိုက်ချင်တယ် ဆိုရင် ပေးရိုက် တဲ့ သဘောပါ” လို့ ဦးမောင်မောင်နိုင်က ပြောပါတယ်။
ဦးဝင်းတင်ဟာ၂၀၀၈ ခုနှစ် အကျဉ်းထောင်က ပြန်လွတ်လာတဲ့ အချိန်မှာ အကျဉ်းထောင် အတွင်း သူ အသုံးပြုခဲ့တဲ့ စာကြည့် မျက်မှန်လေးကို တမြတ်တနိုး အိမ်အထိတိုင် ပြန်ယူဆောင် လာခဲ့ပါတယ်။
အဲဒီ မျက်မှန်လေးဟာ အကျဉ်းထောင် အတွင်း ရှိစဉ်က ကိုင်းကျိူးနေလို့ မိသားစု ထောင်ဝင်စာတွေ့ရင် ဟင်းထုတ်လာတဲ့ ပလတ်စတစ်အိပ်ကို ကြိုးအဖြစ် ကျစ်ချီတုတ်နှောင် ထားရတဲ့ မျက်မှန်လေးပါ။ ဒီမျက်မှန်လေးဟာ ဦးဝင်းတင် အကျဉ်းထောင် ထဲ ဘယ်လို ဖြတ်သန်းခဲ့သလဲ ဆိုတာကို နှောင်းလူတွေ ခန့်မှန်း ခံစားသိမြင်နိုင်ပါလိမ့်မယ်။
ဦးဝင်းတင်ဟာ အကျဉ်းထောင်က လွတ်မြောက် လာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ အကျဉ်းထောင် တခုအသွင်ပဲ ရှိနေသေးပြီး အကျဉ်း ထောင်တွေထဲမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက် ကျန်ရှိနေတဲ့ အတွက် ထောင်ဝတ်စုံ အပြာရောင်ကို ကွယ်လွန်ချိန် အထိ ဝတ်ဆင်ခဲ့ပါတယ်။
ဦးဝင်းတင်ဟာ အကျဉ်းထောင်ထဲ ဆယ်စုနှစ် ၂ ခုနီးပါး စိတ်ပိုင်း၊ ရုပ်ပိုင်း ဖိနှိပ်ညှဉ်းပန်း နှိပ်စက်ခံရမှုများကို ရင်ဆိုင် ဖြတ် သန်း ကျော်လွှားခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က ပြန်လည် လွတ်မြောက်ပြီး နောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အတိုင်းအတာ တခုအထိ အကူအညီ ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ဦးဝင်းတင်ဖောင်ဒေးရှင်းကို တည်ထောင် လုပ်ဆောင်ခဲ့ပါတယ်။
ဒါကြောင့် ကျန်ရစ်သူ မိတ်ဆွေတွေအနေနဲ့ ဦးဝင်းတင် ဖောင်ဒေးရှင်း ဆက်လက် ရှင်သန်ရေးကို ပထမ ဦးစားပေး လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့လည်း ဦးမောင်မောင်နိုင်က ပြောပါတယ်။
“လတ်တလောမှာတော့ ပြတိုက်လုပ်ဖို့ မရှိသေးပါဘူး၊ ဒါပေမယ့် ဦးဝင်းတင် ဖောင်ဒေးရှင်းကို ဆက်ပြီး လည်ပတ်နိုင် အောင်လို့ ကျနော်တို့ ဦးစားပေး လုပ်သွားမှာပါ၊ ပြတိုက် ဖြစ်ရေးကတော့ အန်တီ ပြောသွားသလို အခြေအနေ၊ အခွင့်အလမ်း၊ အချိန်အခါ ပေးတဲ့ တနေ့ဖြစ်ဖို့ ကြိုးစားသွားမှာပါ”လို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့် ဦးဝင်းတင် ပြတိုက် ဖြစ်ပေါ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို နေထိုင်ရာ အိမ်၊ အခန်းတို့ကို နေရာ တခုမှာ ပြောင်းရွှေ့ ပြသသွားလို့ ရပါတယ်။
အလှူရှင်တွေရဲ့ အကူအညီနဲ့ မြေတကွက် ရခဲ့ရင် အဲဒီ မြေကွက်ပေါ်မှာ ခေတ်မီနည်းစနစ်တွေနဲ့ အိမ်၊ အခန်းတွေနဲ့ အသုံး အဆောင်တွေကို မူလလက်ရာမပျက် ပြောင်းရွှေ့ကာ ပြတိုက် တခုအဖြစ် ဦးဝင်းတင် မကွယ်လွန်မီ ဘယ်လို ဖြတ်သန်းခဲ့ သလဲ ဆိုတာကို ပြသသွားနိုင်မှာပါ။
တကယ်တမ်း ခေတ်ကောင်းခဲ့မယ် ဆိုရင် နာမည်ကြီး အင်းစိန် အကျဉ်းထောင်ထဲက ဦးဝင်းတင် နေထိုင်ခဲ့ရာ ကြိုးတိုက်၊ တိုက်အမှတ် ၅၊ တိုက်အမှတ် ၃ နဲ့ အထူး တိုက်ဝင်းတွေထဲက အခန်းတွေကိုလည်း ပြတိုက်အဖြစ် အသုံး ပြုနိုင်ပါသေးတယ် လို့ ဆိုကြပါတယ်။
ဦးဝင်းတင် ဖောင်ဒေးရှင်း ဆက်လက် တည်တံ့ရေး အတွက် ဦးဝင်တင်ကို ချစ်ခင် လေးစားကြသူတွေက ကြိုးစားကြမှာ ယုံကြည်သလို ဦးဝင်းတင် ပြတိုက် ပေါ်ပေါက်ရေး ဆိုတာကလည်း တနေ့ ဖြစ်မြောက် လာမယ်လို့ မျှော်လင့် မိပါတယ်။ ကျနော့် ဆန္ဒ အနေနဲ့လည်း ဦးဝင်းတင် ပြတိုက် တခု ပေါ်ပေါက်စေချင်လှ ပါတယ်။ ။