ရန်ကုန်မြို့ လမ်းသစ်ရိပ်သာမှ သတင်းစာ ဆရာကြီး ဦးဝင်းတင်၏ တိုက်ခန်းအား သက်ဆိုင်ရာက ပြန်လည်ပေးအပ်မည်ဆိုပါက ဆရာကြီး၏ ဆန္ဒအတိုင်း နယ်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများတွင် အသုံးပြုလို ကြောင်း သိရသည်။
ဆရာကြီး ဦးဝင်းတင် မကွယ်လွန်မီကတည်းက ထိုသို့ ဆန္ဒသဘောထား ရှိခြင်းဖြစ်ကြောင်း အနီးကပ်ပြုစုခဲ့သူ တဦးဖြစ် သည့် ဦးမောင်မောင်နိုင်က ဧရာဝတီကို ပြောသည်။
“သက်ဆိုင်သူ လူကြီးတွေကို သိစေချင်တာက သူ့ရဲ့ နောက်ဆုံး ဆန္ဒအရ လမ်းသစ်ရိပ်သာ တိုက်ခန်းလေးကို ပြန်ရလို့ ရှိရင် သူ့ရဲ့ ဖောင်ဒေးရှင်း၊ ဒါမှမဟုတ် ကျန်းမာရေး စောင့်ရှောက်တဲ့ ကိစ္စတွေမှာသုံးချင်တယ်လို့ ဘဘကြီးက ပြောသွားတာ”ဟု ၎င်းက ဆိုသည်။
ထိုဆန္ဒကို ဦးဝင်းတင် မကွယ်လွန်မီ မိသားစု ဆရာဝန် ဒေါက်တာ မြင့်သိန်းကို ပြောသွားခြင်းဖြစ်ကြောင်း ဦးမောင်မောင်နိုင် က ရှင်းပြသည်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းသစ်ရိပ်သာ တိုက်ခန်းများကို ၁၉၅၇ ခုနှစ် ဖဆပလ အစိုးရလက်ထက် ပြည်တော်သာ စီမံကိန်းဖြင့် တည်ဆောက်ခဲ့ပြီး ထိုစဉ်ကတည်းက ဆရာကြီး ဦးဝင်းတင် နေထိုင်ခဲ့ခြင်းဖြစ်သည်။
ထို တိုက်ခန်း၌ ဦးဝင်းတင်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် တလျှောက်လုံး နေထိုင်ခဲ့သော်လည်း နဝတ စစ် အစိုးရ လက်ထက် ဖမ်းဆီး ထောင်ချခံရစဉ် ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဋ္ဌာန က ၁၉၅၅ ခုနှစ် အစိုးရ ဥပစာ (နှင်ထုတ်ခြင်း) ဒုတိယ ပြင်ဆင်ချက် အက်ဥပဒေ အရ ဖယ်ရှားခံခဲ့ရသည်။
ထိုစဉ်က ဦးဝင်းတင် အပါအဝင် ၅ ဦးကို တိုက်ခန်း နေထိုင်ခွင့် စည်းကမ်း ဖောက်ဖျက်သည်ဟု အကြောင်းပြကာ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
ဆရာကြီး ဦးဝင်းတင် သည် ၁၉ နှစ်ခန့် စစ်အစိုးရ၏ မတရားဖမ်းဆီးထားရာမှ ၂၀၀၈ ခုနှစ် လွတ်မြောက်လာသည့် အခါ နေ ထိုင် စရာ အိမ်မရှိတော့သည့် အတွက် မိတ်ဆွေဖြစ်သူ ဦးမောင်မောင်ခင်၏ အင်းစိန်မြို့နယ်က နေအိမ်၊ ဆွေမျိုး တော်စပ်သူ တို့၏ ရန်ကင်း မြို့နယ် ကျောက်ကုန်း နေအိမ်၊ တာမွေနေအိမ်တို့တွင် လှည့်လည်နေထိုင်ခဲ့ရသည်။
ဦးဝင်းတင် ဆေးရုံတက်နေစဉ် မြို့ရွာနှင့်အိုးအိမ်ဖံွ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ဦးဝင်းတင် အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးခံခဲ့ရသူများထံမှ အစိုးရက သိမ်းယူခဲ့သည့် နေအိမ်တိုက်ခန်းများကို ပြန်လည် စိစစ်ကာ ချထားပေးမည်ဖြစ်သည့် အတွက် လျှောက်လွှာတင်ရန် ပြောဆိုခဲ့သည်။
ထိုသို့ ကမ်းလှမ်းချိန်တွင် ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေ အလွန်စိုးရိမ်ရသည့် အခြေအနေရောက်ရှိ နေရာ ပြန်လည် လျှောက်ထားရန်အတွက် အခက်အခဲများစွာ ရှိခဲ့ကြောင်း သိရသည်။
“ပြန်ပေးမယ် ပြောတာတော့ ဟုတ်တယ်၊ ဒါပေမယ့် စိတ်မကောင်းစရာတခုက ဘဘ က (Sign) လက်မှတ် မထိုးလိုက် နိုင် ဘူး၊ ကျနော်တို့ကလည်း သူ့ကို လက်ဗွေနှိပ်ခိုင်းလိုက်လို့ရှိရင် သူ့ကိုယ်သူ သေတယ်လို့ သတ်မှတ်မှာ စိုးရိမ်ပြီး မလုပ်ရဲခဲ့ဘူး၊ ကျနော်တို့ အနေနဲ့ လုပ်ရတာ အရမ်းခက်ပါတယ်၊ သူက စိတ်နဲ့ အသက်ရှင်တဲ့ လူဆိုတော့ ဒါဟာ နောက်ဆုံးခရီးလို့ သူတွေးသွားမှာကို သိပ်စိုးရိမ်ပါတယ်”ဟု ဦးမောင်မောင်နိုင်က ရှင်းပြသည်။
လာမည့် တနင်္လာနေ့တွင် မြို့ရွာနှင့် အိုးအိမ်ဖံွ့ဖြိုးမှု ဦးစီးဌာနနှင့် သက်ဆိုင်ရာ လူကြီးများ သွားရောက်တွေ့ဆုံ၍ မေတ္တာရပ်ခံ မည်ဟုလည်း သိရသည်။