ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဖြစ်ပွားခဲ့သည့် မြေယာအမှုပေါင်း ၈၀၀ ကျော်ကို ဖြေရှင်းပေးရန် ပြည်ထောင်စု လွှတ်တော် က ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ပြန်လည် လွှဲအပ်ရာတွင် အမှု ၇၀ သာ ဖြေရှင်းနိုင်ခဲ့သည့်အပေါ် တရား ဥပဒေစိုးမိုးရေး အားနည်းနေခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ်များက ဝေဖန် ပြောဆိုသည်။
ထိုသို့ တရား ဥပဒေ စိုးမိုးရေး ထိရောက်စွာ အကောင်အထည် ဖော်ရန် အားနည်းနေသည့်အပေါ် လက်ရှိကျင်းပသည့် ပထမ အကြိမ် အဌမ ပုံမှန် အစည်းအဝေး ဒုတိယမြောက်နေ့ ဧပြီ ၂၄ ရက်က ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက အရေးကြီးအဆို တင်သွင်းခဲ့ပြီး လာမည့် ဧပြီ ၂၈ ရက်တွင် လွှတ်တော်၌ ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးကျော်က“မြေယာ ပြဿနာတွေရော၊ အခြား ပြဿနာတွေရော ရှိနေတယ်၊ ပြည်ထောင်စု အဆင့်ကနေ အခုလို ပြောလာပြီ ဆိုတော့ အစိုးရ အဖွဲ့အနေနဲ့ မေးခွန်း ထုတ် စရာတွေ ဖြစ်လာပြီ၊ လွှတ်တော်က လူတွေကလည်း အလုပ် မလုပ်ဘူးလားလို့ မေးစရာ ရှိလာပြီ”ဟု ပြောသည်။
၂၀၁၃ ခုနှစ် အတွင်း ကျင်းပခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး ပထမအကြိမ် သတ္တမ ပုံမှန်အစည်းအဝေးတွင် လှိုင်သာယာ မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း လယ်ယာမြေ ပြဿနာ များကို ဥပဒေနှင့် အညီ ဖြေရှင်းနိုင်ရေး အတွက် လိုအပ်သော အဖွဲ့များ အမြန်ဆုံး ဖွဲ့စည်းရန် လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့သော်လည်း အဆိုပါ အဖွဲ့ကို ယခု ၄ လကျော် ကြာသည်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။
တာမွေ မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက “ကျနော်တို့ဆီမှာက အစိုးရ ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး ပြန်စိစစ်တဲ့ ကော်မတီ မရှိသေးတော့ အခုအချိန်ထိ အားနည်းနေတာတွေ ရှိနေ တယ်၊ ဒါတွေကြောင့် အခုထိ အစိုးရ အဖွဲ့ လုပ်ဆောင်တာကို ထိရောက်စွာ မစိစစ် နိုင်သေးဘူး”ဟု ပြောသည်။
လယ်ယာမြေ ပြဿနာများနှင့် ပတ်သက်ပြီး အစိုးရ အဖွဲ့အနေဖြင့် အဖွဲ့ ဖွဲ့စည်း၍ ဖြေရှင်း ဆောင်ရွက်ရန် သမ္မတက လွှတ် တော် သို့ သဝဏ်လွှာ ပေးပို့ထားသော်လည်း ယခုအချိန် အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆက်ပြော သည်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ကမ္ဘာက အသိအမှတ် ပြုသော်လည်း အပြောင်းအလဲ အကျိုးကျေးဇူးအား အောက်ခြေ ပြည်သူလူထုက ခံစားခွင့်မရရှိသေးသဖြင့် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်ရန် အတွက် လွှတ် တော်နှင့် အစိုးရ ပေါင်းစပ် ညှိနှိုင်းပြီး စီမံချက်များ ချမှတ် အကောင်အထည် ဖော်ရန် အရေးကြီးအဆို တင်သွင်းရခြင်း ဖြစ်ကြောင်း အဆို တင်သွင်းသူ ဒေါက်တာ ဒေါ်ညိုညိုသင်းကလည်း ပြောသည်။
ပြည်ထောင်စု လွှတ်တော် မြေယာ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထုတ်ပြန်ချက် အရ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဖြစ် ပေါ်ခဲ့သည့် အမှုပေါင်း ၈၀၀ ကျော်ကို ပြန်လည် စိစစ်ရန် လွှဲအပ်မှုတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ မြေယာအမှု ၇၀ သာ ပြန် လည် ဖြေရှင်းနိုင်ခဲ့ပြီး အမှုပေါင်း ၇၈၀ မှာ ဖြေရှင်းနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ အမှုပေါင်း ၈၀၀ ကျော်မှာ ယခင်အစိုးရ လက်ထက်တွင် ဖြစ်ပွားခဲ့သည့် အမှုများ ဖြစ်ပြီး ယခုအခါ ဖြေရှင်းရ ခက်ခဲနေ ကြောင်း၊ ယင်းအတွက် မည်သို့ ဖြေရှင်းရမည်ကို အဖြေရှာရန် လိုအပ်နေကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက ပြောသည်။