၂၀၁၁ ခုနှစ် မတ်လက စတင် အငြိမ်းစား ယူသွားခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ပင်စင် လစာငွေ တလ ကျပ်သိန်း ၁၀၀ ခံစား နေရတယ်လို့ ဧပြီလ ၂၆ ရက်ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်ကဖော်ပြခဲ့လို့ သူ ပင်စင်ကြေး ကျပ်သိန်း ၁၀၀ ယူသလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် လာပါတယ်။
ဒါပေမယ့် ဒီသတင်းတွေက မမှန်ကန်ဘူး ဆိုပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ရာထူး တာဝန်နဲ့ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်နေတဲ့ ဦးရဲထွဋ်က ပြောဆို ပယ်ချ ခဲ့ပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အငြိမ်းစား ယူတဲ့ အခါမှာ အခြား စစ်မှုထမ်းတွေ အငြိမ်းစား ယူသလိုပဲ စစ်မှုထမ်းသက် အပေါ် မူတည်ပြီး သတ်မှတ်ပုံစံ အတိုင်း တွက်ချက်ပြီး ရသင့်တဲ့ အငြိမ်းစား လစာနဲ့ လုပ်သက် ဆုကြေးကိုပဲ ခံစားပါတယ်” လို့ ဦးရဲထွဋ်က ဧရာဝတီကို အီးမေးလ်က တဆင့် ဖြေကြား ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်က စတင် ပြီးတော့ ပင်စင်ဦးစီး ဌာနက ခံစားခွင့် ပြုခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပင်စင် လစာဟာ တလ သိန်း ၁၀၀ ရှိတယ်လို့ သံတော်ဆင့် ဂျာနယ်က ဖော်ပြခဲ့တဲ့ အတွက် ဧရာဝတီ သတင်းဌာနက အဲဒီ သတင်းကို အတည်ပြုနိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
အနားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တလကို သိန်း ၁၀၀ ခံစားရတဲ့ အပြင် နိုင်ငံရေး ဆုကြေး အဖြစ် ကျပ်သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ သံတော်ဆင့် ဂျာနယ်ရဲ့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ရေးသားဖော်ပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က “ ခင်ဗျားပြောတဲ့ ငွေပမာဏ မဟုတ်ပါဘူး။ အတိအကျကတော့ ပုဂ္ဂိုလ်ရေး ကိစ္စဖြစ်တဲ့ အတွက် ကျနော် မပြောနိုင်ပါဘူး ” လို့ ဧရာဝတီက မေးမြန်းတာကို အခိုင်အမာ ငြင်းပါတယ်။
ဦးရဲထွဋ် ပြောသလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြား စစ်မှုထမ်းတွေ အငြိမ်းစား ယူခဲ့သလိုပဲ ပင်စင်လစာငွေ ခံစားတယ် ဆိုရင် သူ စစ်တပ်ထဲကို ဝင်ခဲ့တဲ့ ၁၉၅၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ တပ်ထဲမှာ နှစ်ပေါင်း ၅၄ နှစ် ကြာ တာဝန် ယူခဲ့ပါတယ်။
ဧရာဝတီက စုံစမ်းသိရှိရတဲ့ သတင်းတွေ အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နောက်ဆုံး လစာက ကျပ် ၁၄ သိန်း လို့ သိရတဲ့ အတွက် သူ့လုပ်သက် ၅၄ နှစ်နဲ့ တွက်ကြည့်ရင် နိုင်ငံရေး ဆုကြေးငွေက ကျပ်သိန်း ၇၅၆ သိန်း ဝန်းကျင် ရှိပါတယ်။
စစ်တပ်က အငြိမ်းစား ယူခဲ့တဲ့ ဒု-ဗိုလ်မှူးကြီး တဦးရဲ့ အဆိုအရ သူရဲ့နောက်ဆုံး လစာငွေ ၂ သိန်း ၈ သောင်း ရရှိချိန်မှာ ပင်စင် ယူလိုက်တဲ့အခါ လုပ်သက် ဆုကြေး သိန်း ၇၀ ရပြီး ပင်စင်လစာ တစ်သိန်းခွဲ ရရှိနေတဲ့ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နိုင်ငံရေး ဆုကြေးဟာ အနည်းဆုံး သိန်း ရာဂဏန်းတော့ ရှိနိုင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
သံတော်ဆင့် ဂျာနယ်က ဆောင်းပါးရှင် အောင်ထွန်းလင်းရဲ့ ရေးသားချက်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ကျပ်သိန်း ၈၀၊ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကတော့ သိန်း ၅၀ စီ ပင်စင်ခံစားခွင့် ရနေတယ်လို့ ပါရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် နိုင်ငံတော် အကြီးအကဲဟောင်း ၇၀ နီးပါးရဲ့ အိမ်တွေမှာ အိမ်အကူ၊ ထမင်းချက်နဲ့ ခြံလုပ်သားတွေ အဖြစ် အလုပ်လုပ်မယ့် ဝန်ထမ်း ၄၀၀ ကျော် အတွက် လစာငွေ တစ်နှစ်စာ ကျပ် ၁၆ သန်းကျော်ကို ပြီးခဲ့တဲ့ ဘတ်ဂျက်နှစ်က လွှတ်တော်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန တောင်းပေးခဲ့လို့ လွှတ်တော် ကိုယ်စားလှယ်တွေ အကြား မေးခွန်းများစွာ ထွက်ပေါ် ခဲ့ပါသေးတယ်။
“အဲဒီတုန်းက အိမ်အကူတွေ အတွက် လစာ ဒီလောက် တောင်းရသလား ဆိုပြီးတော့ လွှတ်တော်မှာ ပွဲဆူ သွားသေးတယ်။ ဒါပေမယ့် လွှတ်တော်က အတည်ပြု ပေးလိုက်တယ် ”လို့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တလ သိန်း ၁၀၀၊ ဆုကြေးငွေ ကျပ်သိန်းထောင် ချီပြီး တကယ် ပေးခဲ့တယ် ဆိုရင်တော့ မဖြစ်သင့်ဘူးလို့ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပေမယ့် အစိုးရအနေနဲ့ လွှတ်တော်ကို အသိ မပေးဘဲနဲ့လည်း မလုပ်လောက်ဘူးလို့ သူက မှတ်ချက်ချ ပြောဆိုပါတယ်။
“ဘတ်ဂျက် မဖော်ပြဘဲနဲ့ ခံစားခွင့်တွေ ပေးထားတယ် ဆိုရင်တော့ မရိုးဖြောင့်တဲ့ သဘော ဖြစ်တယ်။ ဒါ မလုပ်သင့်တဲ့ ကိစ္စပဲ ” လို့ ဦးဖေသန်းက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လက်ရှိ သမ္မတ ဦးသိန်းစိန်ကို ကျပ်သိန်း ၅၀ သာ ခံစားခွင့် ပြုထားပြီး၊ ဒီနှစ် ဘတ်ဂျက် စတင်တဲ့ ဧပြီလမှာ စတင် ရရှိမှာ ဖြစ်တယ်လို့ ဦးရဲထွဋ်ရဲ့ ပြောဆိုချက် အရ သိရပါတယ်။
“ နိုင်ငံတော် သမ္မတနဲ့ ဝန်ကြီးတွေကတော့ ဒီနှစ် ဧပြီလက စပြီး ဥပဒေက ခွင့်ပြုထားတဲ့ လစာတွေ အတိုင်း စတင် ရယူမှာ ဖြစ်ပါတယ် ” လို့ ဦးရဲထွဋ်က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်က အရင် အစိုးရ သက်တမ်း ၃ နှစ်တာ ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံဖြိုးမှုနှုန်း အခြေအနေကြောင့် တလကို လစာ ၁၅ သိန်းပဲ ယူခဲ့တယ်လို့ သတင်းတွေ အရ သိရပါတယ်။