ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်တွင် ဖြိုလက်စ ၂ ထပ်တိုက် အဟောင်း တလုံး ပြိုကျမှုကြောင့် တိုက်အဟောင်းဖျက်နေသူ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း အလုံမြို့နယ်ရဲစခန်းမှူး ဒုတိယရဲမှူး ဝင်းနိုင်မှ အတည်ပြုပြောကြားသည်။
တိုက်ပြိုကျမှု ဖြစ်စဉ်သည် ယနေ့ ညနေ ၄ နာရီတွင် ဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ ၂ ဦးမှာ သာကေတမြို့နယ်နေ ကိုသက်နိုင်ဖြိုးနှင့် ကိုချစ်ဆန်းတို့ ဖြစ်ကြောင်း၊ အလွန်လေးလံကြီးမားသော ဝရန်တာ မီးခံတန်း ပြုတ်ကျရာ ယင်းမီးခံတန်း အောက်တွင် ပိမိ၍ သေဆုံးခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူမှာ သာကေတမြို့နယ်တွင် နေထိုင်သူ ကိုအောင်လင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကု သမှုခံယူနေရကြောင်း သိရသည်။
“အခုတော့ သေမှုသေခင်းက ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ်ကို စစ်ဆေးနေပါတယ်။ အခုချိန်ထိတော့ ဒဏ်ရာရ သူက သတိမရသေးပါဘူး။ ကျနော်တို့ စစ်ဆေးမှုအပြီးမှ ဓမ္မတာအတိုင်းမဟုတ်ရင် အရေးယူမှုတွေဆက်လုပ်မှာပါ။ အခု ချိန်ထိတော့ အရေးယူတားမျိုးတွေ မလုပ်ရသေးပါဘူး” ဟု ဒုရဲမှူး ဝင်းနိုင်က ဆိုသည်။
၂ ထပ်တိုက်အိုကို ၈ ထပ်တိုက်ပြန်ဆောက်ရန်အတွက် လွန်ခဲ့သော ၄ လခန့်ကတည်းက ဖျက်မိန့်ကျခဲ့၍ ဖြိုဖျက်ခဲ့ရာမှ ပြိုကျခြင်းဖြစ်ကြောင်း အဆိုပါအိမ်အနီးတွင် နေထိုင်သော အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင် ရည်က ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ ထိခိုက်ဒဏ်ရာအပြင် သေဆုံးမှုများဖြစ်ပေါ်လာသည့်အတွက် တိုက်အဟောင်းဖြိုဖျက်မှုများကို ဥပဒေအရ အန္တရာယ်မဖြစ်စေရန် တားမြစ်ကန့်သတ်မှုမျိုးလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးခိုင်မောင်ရည်က ရှင်းပြသည်။
“တိုက်အဟောင်းဖျက်တဲ့နေရာမှာ တိုက်အသစ်ဆောက်သလို လိုင်စင်မလိုတဲ့အခါ ကျွမ်းကျင်သူမပါပဲနဲ့ ဖျက်ကြတော့ မလို လားအပ်တာတွေ ဖြစ်ပျက်တာကို ပြန်သုံးသပ်သင့်ပြီ။ အခုဖြစ်စဉ်မှာ တိုက်ဖျက်တဲ့နေရာမှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦးတို့ပဲ ဖြည်းဖြည်းချင်းလာဖျက်ကြတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း သူတို့ဖျက်နေရင်း ဝုန်းကနဲ့ ပြိုကျတဲ့အသံကို ကြားလိုက်ရသေးတယ်” ဟု ၎င်းက ဆိုသည်။