“အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ ပြတိုက်” တဲ့။
ဒီ့အပြင် “ထောင်” ဆိုတာ လူရှင်သချႋုင်းလို့လည်း စစ်အာဏာရှင်ခေတ်တလျှောက် ကင်ပွန်းတပ်လို့ရတယ်။ သေသွားတာမဟုတ် လို့ သေသော သူလို ကြာရင်လည်း မမေ့နိုင်သလို ပျောက်သွားသူ မဟုတ်ပေမယ့် အလွယ်တကူ ရှာလို့မတွေ့နိုင်တဲ့ နေရာရပ်ဝန်း တခုပါ။
တကယ်လည်း အကျဉ်းထောင်တွေထဲ ရှိနေကြတဲ့ အကျဉ်းသားတွေဟာ လူ့အသက်တွေသာ ရှင်နေ ကြပေမယ့် များသောအားဖြင့် နှလုံးသားတွေနဲ့ ဘဝတွေ သေနေကြသလို ဖြစ်နေရလို့ လူရှင်သချႋုင်း လို့ သမုတ်ကြတာဖြစ်ပါလိမ့်မယ်။
ငယ်ငယ်ကတည်းက သူရဲကောင်းလည်း မဖြစ်ချင်၊ အာဇာနည်လည်းမဖြစ်ခဲ့တဲ့ ကျနော်၊ သမိုင်းထဲ သွန်ချခံလိုက်ရလို့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုထဲပါလာပြီး အလှည့်အပြောင်းတွေနဲ့ အရွဲ့ အစောင်းတွေကြားမှာ သံတိုင်တွေ၊ အုတ်ရိုးတွေနဲ့ “ထောင်” ဆိုတာကို ရောက်ခဲ့ရတယ်။
ပထမဆုံး ရောက်ခဲ့ရတော့လည်း စစ်အစိုးရ ခေတ်တလျှောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်တွင်းက သေဒဏ်ကျ အကျဉ်းသား တွေကိုထားတဲ့ ကြိုးတိုက်ထဲကိုပါ။
အင်းစိန်ထောင်ဆိုတာ ဗြိတိသျှ ကိုလိုနီတွေကတော့ မြန်မာနဲ့စစ်ပွဲတွေအပြီး သူတို့ရဲ့ အုပ်ချုပ်ရေးကို ထိခိုက်အောင် လုပ်သူတွေကို ထိန်းသိမ်းဖို့ သူတို့ သိမ်းပိုက်တဲ့ နိုင်ငံတိုင်းမှာ အကျဉ်းထောင်တွေကို တည်ဆောက်လေ့ ရှိတဲ့အထဲ တခုအပါအဝင်ပါပဲ။
မြေဧက ၁၆၀ ကျော် ကျယ်ဝန်းတဲ့ အင်းစိန် ဗဟိုစံပြ အကျဉ်းထောင်ကို ၁၈၈၉ ခုနှစ်က ဗြိတိသျှ ကိုလိုနီတွေက စတင် တည် ဆောက် ခဲ့ပြီး ၁၈၉၂ ခုနှစ် ဇူလိုင်လက စတင်ဖွင့်လှစ်ခဲ့တဲ့ လူ ၅ ထောင် ဆံ့တဲ့ အကျဉ်းထောင်ကြီးပါပဲ။ ဒါပေမယ့် ၁၉၈၈ ခုနှစ် နောက်ပိုင်း လူပေါင်း ၁ သောင်းကျော် ထည့်ထားတဲ့ အကျဉ်းထောင်ကြီး ဖြစ်နေပါတယ်။
အင်းစိန်ထောင်အတွင်း ကျနော့်ရဲ့ ဒုတိယအိမ်လိုဖြစ်ခဲ့တဲ့ ကြိုးတိုက်ဟာ သေဒဏ်ကျ အကျဉ်းသားတွေကို ကြိုးပေးမသတ်ခင် ထိန်းသိမ်းတဲ့ အကျဉ်းခန်းငယ်ပေါင်း ၆၀ ရှိတဲ့ ရင်ကွဲတိုက်ကြီးတခု။ ၁၀ ပေလောက်ရှိတဲ့ အလယ် အူလမ်းကြောင်း လမ်းရဲ့ တဖက် တချက်မှာ အခန်းပေါင်း ၃၀ စီ ရှိပါတယ်။
အကျယ် ၁၀ ပေ၊ ၈ ပေ၊ အမြင့် ၁၂ ပေ ရှိတဲ့ ကြိုးတိုက် အခန်းတွေထဲမှာ လျှပ်စစ်မီးဆိုတာ နတ္တိ၊ ညဘက်မှာ အခန်းတွင်း မှောင် မည်းနေပြီး နေ့ဘက်မှာ အလင်းရောင်ဆိုလို့ မှုန်ပျပျ၊ အခန်းအနောက်က ၂ ပေ လောက်ရှိတဲ့ ပြတင်းပေါက်ဆီကပဲ တခါတရံ ကျလာတတ်တယ်။
အခန်း ၆၀ ရှိတဲ့ ကြိုးတိုက်ရဲ့ အခန်း ၁၅ ခန်း မှာတော့ ထောင်တွင်း ပြစ်ဒဏ် ထပ်မံကျူးလွန်သူတွေနဲ့ ဆိုးသွမ်းကြိုးသမားတွေအတွက် ပြစ်ဒဏ်ပေးဖို့ လုပ်ထားတဲ့ ဆီကြိတ်ဆုံကြီးတွေလည်း ရှိတယ်။ အခန်းတွင်းက အကျဉ်းသားက မောင်းတံကိုလှည့် ပေး နေ ရပြီး ဆီဆုံကတော့ အခန်းအပြင်ဘက်မှာ ထားပါတယ်။
ထိုစဉ်က အင်းစိန်ထောင်ဝန်းအတွင်း တိုက် ဝန်းထဲမှာ တိုက် ၅ တိုက်ရှိကာ အခန်းစုစုပေါင်း အကျဉ်းခန်း ၁၅၀ ရှိပါတယ်။ ကြိုးတိုက်ကိုတော့ တိုက်အမှတ် ၂ လို့လည်း ခေါ်တယ်။
အင်းစိန်ထောင်ဝန်းအတွင်း စစ်ခုံရုံးအမှတ် ၁ က နိုင်ငံတော်အကြီးအကဲတွေကို လုပ်ကြံဖို့ ကြိုးစားတဲ့ ပုန်ကန်မှုနဲ့ သေဒဏ်အမိန့်ချမှတ်ချိန်ဟာ တခြားသူတွေအတွက် အရုပ်ကြိုးပြတ် လဲကျသွားမတတ် ခံစားရနိုင်ပေမယ့် ကျနော့်မှာတော့ ဘယ်လိုခံစားမှုမျိုးကိုမှ မဖြစ်ခဲ့ပါဘူး။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က ကျနော် အပါအဝင် ၃ ဦးနဲ့ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို ကူညီပေးတဲ့ အပေါင်းအပါတွေ အပါအဝင် စုစု ပေါင်း ၁၁ ဦးဟာ လက်နက်ပုဒ်မ၊ မတရားအသင်း ပုဒ်မတွေနဲ့ ရှေ့နေငှားရမ်း ခွင့်မရ၊ ထုချေခွင့်မရှိ၊ တရက်တည်းသာ ၁၉၉၀ ပြည့်နှစ် မေလ ၂၅ ရက်နေ့မှာ စစ်ခုံရုံးက ပြစ်ဒဏ်အသီးသီး ပေးတာပါ။
စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်း ငရဲခန်းတွေက လွတ်မြောက်ပြီး ထောင်ကိုသွားဖို့အရေး ပျော်ခဲ့ကြတဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေလို အင်းစိန်ထောင်ကို ရောက်တာကိုပဲ ပျော်နေခဲ့တာ။ အဲဒီတုန်းက ထောင်ပိုင်ကြီးက စစ်တပ်က ဗိုလ်မှူး အုန်းဖေ ဖြစ်ပြီး အထူးထောင်ပိုင်ကတော့ ထောင် လောကမှာ နာမည်ကြီးတဲ့ ထောင်ပိုင် ဦးဘိုကြည်ပါ။
အင်းစိန်ထောင် တံခါးမကြီးကတဆင့် ထောင် ကျရုံးကိုရောက်ပြီး အကျဉ်းသားမှတ်ပုံတင်ကာ အဲဒီနေ့ကစပြီး ထောင်ဝင်နံပါတ် ဆိုတဲ့ ဂဏန်း ၄ လုံးကို စတင်ပိုင်ဆိုင်ခဲ့တယ်။ ထောင်ဝင်အမှတ် ၄၀၄၆ /စီ တဲ့။
အဲဒီကတဆင့် မိန်းဂျေးလ် (အင်းစိန်ထောင် အလယ်က ထောင်မှူးကြီး ရုံးခန်း) တွေကို ဖြတ်ပြီး အင်းစိန်ထောင် တိုက်ဝန်းအတွင်း ရောက်လာခဲ့တယ်။
တိုက်ဝန်းအရာရှိ တဦးဖြစ်တဲ့ ထောင်မှူး ဦးမင်းသူရွှေအုန်းက ကြိုးတိုက်ရှိရာကို ကျနော်နဲ့ အတူ သေဒဏ်ကျတဲ့ အမှုတွဲ ကိုမြင့်စိုး၊ ကိုမြင့်ဆွေ တို့ကို ခေါ်ဆောင်လာခဲ့တယ်။ ကိုမြင့်ဆွေဟာ သရက် အကျဉ်းထောင်တွင်းမှာ ၁၉၉၆ ခုနှစ် ဇွန်လ က စိတ်ဝေဒနာ သည် အကျဉ်းသားတဦးက တံပိုးနဲ့ ရိုက်လို့ ကွယ်လွန်သွားခဲ့ပါပြီ။
ကြိုးတိုက်အနီး ရောက်လာကတည်းက ကြိုးတိုက်ထဲက သီချင်းသံတွေ၊ စကားသံတွေက တက္ကသိုလ် အဆောင်ကြီးတခုထဲ ရောက်သလို ခံစားရတယ်။
၁၉၉၀ ပြည့်နှစ်ရဲ့ ကံကြမ္မာအလှည့်အပြောင်း တညမှာ ကြိုးတိုက်ဆိုတာထဲကို ရောက်လာချိန် ကြိုးသမားတွေနဲ့ ထင်ရှားတဲ့ နိုင်ငံ ရေး အကျဉ်းသားတွေရဲ့ ကြိုဆိုမှုက အားရစရာ ကောင်းပါတယ်။ ကြိုးတိုက် အခန်းနံပါတ် ၃၁ ဟာ ပထမဆုံး ကြိုးသမားဘဝကို စတင်ခဲ့တဲ့ အခန်းလည်းဖြစ်တယ်။
ကြိုးသမားတဦးကို ထောင်ပုံစံအဝတ် ၂ စုံ၊ ဖလန်ထည်အကျႌ လက်ရှည်တထည်၊ ပုံစံ ပန်းကန်ပြား တချပ်၊ အိပ်ရာခင်းစောင်ပါးတထည်၊ ခြုံစောင် တထည်စီ ပေးပါတယ်။
ကြိုးတိုက်ရဲ့ အခန်းတွင်းမှာတော့ ဝါးဖျာ ၂ ချပ်၊ မိလ္လာခွက်တလုံး၊ ဆီးဂန်ဖလား ၁ ခုနဲ့ အခန်းရှေ့ ရေအိုးတလုံး၊ ရေခွက်တခုနဲ့ ကြိုးသမားဘဝရဲ့ ပထမဆုံးညကို စတင်ဖြတ်သန်းရပါတော့တယ်။
သံချောင်း ခေါက်သံ၊ တုံးမောင်း ခေါက်သံ၊ ထောင်ဝန်ထမ်းတွေရဲ့ စစ်ဖိနပ်သံတွေကြားမှာ တခါတခါ “အားလုံးကောင်းပါတယ် ဆရာကြီး” ဆိုတဲ့ အော်သံတွေလည်း ကြားနေခဲ့ရတယ်။
စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းက လက်ဆောင်ပေးလိုက်တဲ့ ဒဏ်ရာတွေကြောင့် အိပ် မပျော်ဘဲရှိခဲ့တဲ့ ကျနော့်ရဲ့ ကြိုးသမားဘဝ ပထမဆုံး ညတာဟာ အတော်ရှည်သလိုပါပဲ။ အတွေးတွေက ဒုနဲ့ဒေး၊ အခုအထိ ရှစ်လေးလုံး အရေးတော်ပုံကြီးက အော်သံတွေ၊ တောထဲကသူငယ်ချင်းတွေရဲ့ မျက်နှာတွေက တဝဲလည်လည်။
ဒါပေမယ့် စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ အိပ်ပျက်ညတွေ များခဲ့တာကြောင့် ကြိုးသမား ဘဝရဲ့ အိပ်မက်တောင် မမက် ဘဲ အိပ်စက်နိုင်ခဲ့တယ်။
ဒီအိပ်စက်မှုဟာ မိနစ်ပိုင်းသာ ခံလိုက်ပြီး နံနက် ၅ နာရီမှာပဲ “ပုံစံ” ဆိုတဲ့ အသံနက်ကြီးနဲ့ လူအော်သံကို ကြားလိုက်ရတယ်။ မျက်နှာ ချင်းဆိုင်အခန်းက လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်ဇေယျက ငုတ်တုတ်ထိုင်ပြီးနေဖို့၊ သူထိုင်သလိုထိုင်ဖို့ လက်ဟန်ခြေဟန်နဲ့ လှမ်းပြောပါတယ်။
အဲဒီနေ့ကစပြီး “ပုံစံ” အော်သံကြားလိုက်ရင် ငုတ်တုတ်ထ တင်ပျဉ်ခွေထိုင်၊ လက်နှစ်ဘက်ကို ဒူးပေါ်တင်၊ ခါးကို မတ်မတ်ထားတဲ့ အနေအထားကို အလေ့အကျင့် ရလာခဲ့တယ်။ နေ့စဉ် နံနက်တကြိမ်၊ ညနေတကြိမ် ပုံစံအော်တိုင်း ပုံစံထိုင်ရပြီး ထောင် ဝန်ထမ်း တွေ လူလာစစ်တယ်။ တခါတရံ ထောင် အရာရှိတွေလာရင်လည်း ပုံစံဆိုတဲ့ အော်သံကြားတော့ ပုံစံထိုင်ရတယ်။
နံနက်မိုးလင်းလို့ အိပ်ဆောင်ဖွင့် သံချောင်း ခေါက်သံ၊ လူရေတွက်သံတွေ ပြီးသွားချိန်မှာပဲ ကြိုးသမား အဘပျော့က ဘုရားရှိခိုးတိုင်ပြီး ဗုဒ္ဓဘာသာဝင် တွေကတော့ ဘုရားရှိခိုးကြရတယ်။ ဗုဒ္ဓဘာသာ မဟုတ်သူတွေကတော့ ထိုင်မြဲ ထိုင်နေရပါတယ်။ အဘပျော့ဆိုတာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် မီးပြကျေးရွာမှာ ရွာကို ဓားပြ တွေဝင်တိုက်တဲ့အခါ အဲဒီဓားပြတွေကို ရွာသား တွေက ဖမ်းပြီးသတ်ကြတဲ့ ကိစ္စအတွက် အပြစ်ရှိတယ်လို့စွပ်စွဲပြီး ဖမ်းဆီး သေဒဏ်ချမှတ် ခံထားရသူပါ။ တကယ်တော့ ဘပျော့ဟာ ပင်လယ်ငါးဖမ်း လှေတွေပိုင်ဆိုင်တဲ့ တံငါသည်ကြီး တဦးဖြစ်ပြီး အခင်းဖြစ်ပွားချိန်တုန်းက အနီးအနားမှာ မရှိတဲ့သူပါ။ ဒါပေမယ့် သူက သပိတ်စခန်း ခေါင်းဆောင်ဆိုတော့ သူ့ကိုလည်းဖမ်းပြီး သေဒဏ်ချမှတ်ခြင်း ခံရသူပါ။
အဲဒီကျောက်တန်းက ဓားပြတွေသတ်မှုနဲ့ ကျောက်တန်းက သပိတ်စခန်း ခေါင်းဆောင်တွေ ဖြစ်တဲ့ ကျောင်းဆရာတွေ အပါအဝင် ဒေသခံ ရွာသား ၇ ဦးကို ဖမ်းဆီး သေဒဏ်ချလိုက်တာ ဖြစ်ပါတယ်။
မိုးလင်းလို့ သော့သံတချွင်ချွင်နဲ့ အခန်းတခါးတွေ တချပ်ပြီးတချပ် ဖွင့်ပေးတယ်။ အခုလို အခန်း တခါးဖွင့်ပေးတဲ့အခါ အခန်းထဲက ဆီးနဲ့ မိလ္လာခွက် တွေကို အမြဲဆင်းလို့ခေါ်တဲ့ တခြား ရာဇဝတ်အကျဉ်းသားတွေကလာယူပြီး ကြိုးတိုက်ရဲ့အလယ် လမ်းမှာ ချထား တဲ့ မိလ္လာဇလားကြီးတွေနဲ့ ဆီးကန် စဉ့်အိုးကြီးတွေထဲ သွန်ထည့်ကြတယ်။ မိလ္လာခွက်နဲ့ ဆီးခွက်တွေကို ဆေးကြောပြီး အခန်းထဲကို ပြန်ဝင်ကြရတယ်။
အဲဒီလို ၁၅ မိနစ်တာ အခန်းတွင်းက ထွက်ခွင့် ရတဲ့ မိလ္လာချချိန်မှာ ကြိုးသမားတွေနဲ့ ကြိုးတိုက်တွင်း ရှိနေကြတဲ့ နာမည်ကြီး နိုင်ငံရေး အကျဉ်းသားတချို့လည်း အသစ်ရောက်လာတဲ့ ကျနော်တို့အခန်းကို လာမိတ်ဆက်ကြ၊ အားပေးစကားတွေပြောကြတယ်။ ထောင်စကားနဲ့ ပြောရရင် ကျနော်တို့ဟာ အဲဒီနေ့က “ကျသစ်” တွေပေါ့။
ကြိုးတိုက်ထဲမှာ နာမည်ကြီး နိုင်ငံရေးအကျဉ်း သားတွေဖြစ်တဲ့ စာရေးဆရာ ဗိုလ်မှူးဟောင်း ဦးသော်က၊ ရှေ့နေကြီး ဦးကိုယု၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၊ ပြည်သူ့ရဲဘော် ဗိုလ်အောင်နိုင်၊ ဒါရိုက်တာ စာရေးဆရာ ဦးမိုးသူ၊ လူ့ဘောင်သစ်ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမိုးဟိန်း တို့နဲ့ တွေ့ရတယ်။
ထူးခြားတာကတော့ ကြိုးတိုက်ထဲက အရင် ရှိနေကြသူတွေက ကျနော်တို့ သေဒဏ်ကျ ၃ ဦးကို ဓာတ်ပုံနဲ့တကွ သတင်းတွေဖတ်ပြီး သားမို့ သိနေကြတာပါပဲ။
အဲဒီတုန်းက ကျနော်တို့ ၃ ဦး အပါအဝင် ကြိုးသမား ၁၀၈ ဦးရှိပြီး ကြိုးသမား အများစုကတော့ ရှစ်လေးလုံးကာလ လူသတ်မှုတွေနဲ့ သေဒဏ်အမိန့် ချမှတ် ခံထားရသူတွေပါ။ အဲဒီအထဲမှာ သန်လျင် ရေနံချက်စက်ရုံ ဗုံးခွဲမှုနဲ့ စွပ်စွဲကာ သေဒဏ်ကျခံနေရတဲ့ NLD ပါတီ သန်လျင် လူငယ်အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကိုသန်းဇော်၊ ကိုညီညီဦးနဲ့ မိုးကျော်သူ တို့ကိုလည်း တွေ့ရတယ်။
ဒီအပြင် သန်လျင်ရေနံချက်စက်ရုံကို အမှန်တကယ် ဗုံးခွဲခဲ့သူလို့ သူ့ကိုယ်သူပြောပြီး မြို့တော်ခန်းမ ဗုံးခွဲမှုနဲ့ သေဒဏ်ကျနေတဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU) က ဗိုလ်မှူး ကိုကိုနိုင် ခေါ် ကိုသိန်းဦး၊ ဆေးကျောင်းသား ကိုအောင်သူ တို့နဲ့လည်း တွေ့ရ တယ်။
ဒီလိုနဲ့ ကြိုးတိုက်ကြီးဟာ ကျနော့်ရဲ့ ဒုတိယ အိမ်လည်းဖြစ်လာသလို ကြိုးသမားတွေနဲ့ ကြိုးတိုက်တွင်းက တခြားသူတွေရဲ့ ဘဝ စာမျက်နှာတွေကို ၈ နှစ်လောက် နေ့ညမပြတ်ဖတ်ဖြစ်ခဲ့တယ်။ အဲဒီနေ့က စတင်ကာ ဘဝတက္ကသိုလ် ကျောင်းသားဖြစ်ခဲ့ရတယ်။
ဗြိတိသျှ ကိုလိုနီတွေက ၁၈၉၄ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ အကျဉ်းထောင် ဥပဒေနဲ့ ၁၉၀ဝ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အကျဉ်းသားဥပဒေ တွေ နဲ့ ဘဝကို ကြိုးတိုက်ထဲမှာ ရှင်သန်အောင် ရုန်းကန်ရပါတော့တယ်။ ။
ဆက်လက်ဖော်ပြပါမည်။