မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ ၂၀၁၄ ခုနှစ်အတွင်း တနိုင်ငံလုံးအဆင့် အပစ်ရပ်ရေး လက်မှတ် ထိုးနိုင်မယ်လို့ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ထုတ်ဖော်ပြောဆိုထားပေမယ့် လတ်တလော ကချင်ဒေသမှာ ပြန်လည်ဖြစ်ပွားနေတဲ့ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေကြောင့် အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်လာနိုင်ဖို့ မသေချာမှုတွေနဲ့ ဝေဝါးလာပြီလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဆိုပါတယ်။
ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် နယ်စပ် KIA ထိန်းချုပ်ရာ ဒေသတွေမှာ ဧပြီလ ၁၀ ရက်နေ့က စလို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး သေကျေ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကနယ် မြေလုံခြုံရေး ရှင်းလင်းရေး၊ သစ်မှောင်ခို နှိမ်နင်းရေး၊ သန်းခေါင်စာရင်း ကောက်ယူရေးစတဲ့အကြောင်းပြ ချက်ခေါင်းစဉ်တွေအောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပေ မယ့် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးမှာယုံကြည် မှု ပျောက်ဆုံးနေခြင်းက တိုက်ပွဲဖြစ်ပွားစေတဲ့ အဓိက အကြောင်း အရင်းပါပဲ။
ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာမှာ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိကျင်းပ ခဲ့တဲ့ အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ အကြား အပစ်ရပ်ရေး ဆွေးနွေးပွဲမှာ စစ်တပ်က မူဝါဒ ၆ ချက် ချပြခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက် လာတဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ဒီမူဝါဒ ၆ ချက် ကို လက်မခံနိုင်ဘူးလို့ တိုင်းရင်းသားတွေက တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
စစ်တပ်ရဲ့ မူဝါဒ ၆ ချက်ဖြစ်တဲ့ ထာဝရငြိမ်း ချမ်းရေးရယူဖို့ အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူ စာချုပ် အတိုင်း သဘောတူရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက် အပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည် သူ တွေအပေါ် ဝန်ထုပ် ဝန်ပိုး မဖြစ်ရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်တွေကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန်အရေး ၃ ပါးနဲ့ ဒီမိုကရေစီ အနှစ် သာရကို လက်ခံပြီး ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါရန် တို့ဖြစ် ပြီး တိုင်းရင်းသား တွေက လုံးဝလက်မခံနိုင်ဘူးလို့ ထုတ်ပြန်ပြောဆိုကြပါတယ်။
ဒီမူဝါဒ ၆ ချက်ကို တိုင်းရင်းသားတွေဘက်က လက်မခံဘူးဆိုပြီးပြောဆိုလာချိန်မှာပဲ KIA နဲ့အစိုး ရ စစ်တပ်တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာမို့ အခုဖြစ်ပွားတဲ့ တိုက်ပွဲတွေက စစ်တပ်ရဲ့ ၂၀ဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အသက်ပေး ကာကွယ်မယ် ဆိုတဲ့ မူဝါဒတွေက တိုက်ရိုက်ဆက် စပ်နေပါတယ်။
ဧပြီလ ၁၀ ရက်နေ့မှာ KIA နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ပြန်လည်စတင်လာပြီး တိုက်ပွဲ စတင်တဲ့ အကြောင်း အရင်းက ၂၀၁၄ ခုနစ် ဧပြီ ၄ ရက်နေ့တွင် မန်ဝိန်းကြီးနှင့် ကောင်းမှုယန်ဆက်သွယ် ရေးလမ်းကြောင်းမှာ ပုံမှန် တပ်လဲလှယ်ရေး တာဝန် နဲ့ သွားလာနေတဲ့ စစ်တပ်အရာရှိတဦးကို KIA အဖွဲ့က ချောင်းမြောင်း ပစ်ခတ် သတ်ဖြတ်မှု ကြောင့် ဖြစ်တယ်လို့အစိုးရကဧပြီလ ၂၀ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်၊ ပြန်ကြားရေး ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ လက်ရှိ ပြန်လည် ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကနှစ်ဖက်ကြားမှာတိကျတဲ့တပ်နေရာသတ်မှတ် မှုနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းကမ်းတွေ လိုအပ်နေကြောင်း သက်သေပြမှုဖြစ်တဲ့အပြင် တပ်မတော်သား ဗိုလ်မှူးတဦးကို KIA က ချောင်းမြောင်း ပစ်ခတ်မှု ကြောင့် ဖြစ်ပြီး KIA အနေနဲ့ နှစ် ဖက် သဘောတူညီချက်တွေ လိုက်နာဖို့ လိုတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ တွေကြောင့် အစိုးရစစ်တပ်မှ အရာရှိနဲ့ စစ်သည် ၁၁ ဦး၊ KIA မှ ၂၀ ဦး ကျဆုံးတယ် လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။
လတ်တလော တိုက်ပွဲတွေကြောင့် လာမယ့် မေလဆန်း ရန်ကုန်မြို့မှာတွေ့ဆုံဖို့ရှိနေတဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေ နဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တွေအကြား ဆွေးနွေးပွဲက အလားအလာ မကောင်းလှပါဘူး။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင်နိုင်ဟံသာက “ကျနော် တို့နဲ့ အစိုးရအဖွဲ့တို့ မေလဆန်းမှာတွေ့မယ့် ကိစ္စကို ရက်တွေရွှေ့ဆိုင်းသွားနိုင်တယ်၊ တိုက်ပွဲဖြစ်နေတော့ ဆက် ရှေ့မယ့်ဟာတွေ ပြန်လည် သုံးသပ်ရမယ်၊ စောင့်ကြည့်ရမယ်၊ ငြိမ်းချမ်းရေး လုပ်နေစဉ်မှာ ကြီးမားတဲ့ ထိုးစစ်ဆင်မှုတွေ လုပ်နေတဲ့အတွက် ယုံကြည်မှု တည်ဆောက် နေတာကို အများကြီး ထိခိုက်မှု ရှိတယ်” လို့ ဆိုပါတယ်။
အစိုးရ စစ်တပ် အနေနဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ( KIA ) ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ က အပစ်အခတ် ရပ်စဲရေး အတွက် ဖိအားပေးတာ ဖြစ်ကြောင်း၊ အစိုးရစစ်တပ်ရဲ့ထိုးစစ်ကြောင့်တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသို့ KIA/KIO အဖွဲ့ အနေနဲ့ အလွယ်တကူ ပါဝင်လာ နိုင်မည်ဟု ယူဆကာ ထိုးစစ်ဆင်ခြင်း ဖြစ်နိုင် ကြောင်း KIA ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်က ဧပြီလလယ် ပိုင်း အမေရိကန် ခရီးစဉ်အတွင်းမှာ ထုတ်ဖော်ပြောဆို ပါတယ်။
“ထိုးစစ် လုပ်လိုက်ရင်တော့ TNLA နဲ့ KIA က အလွယ်တကူများ လက်မှတ်ထိုးမလား ဆိုတာ မျိုးတွေပါတယ်၊ ဒါကြောင့် ကျနော်တို့က ပြောတယ် တနိုင်ငံလုံး အပစ်ရပ်ဖို့ ကြိုးပမ်းနေချိန်မှာ ဒီလိုလုပ် မလိုပါနဲ့၊ စစ်ရေးနဲ့ ဖိအားပေးလာရင် ကျနော်တို့က လက်မှတ်ထိုးမှာ မဟုတ်ဘူး” လို့ ၎င်းက ဆိုပါတယ်။
ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတွေကတော့ တိုက်ပွဲတွေကြောင့် ငြိမ်း ချမ်းရေးဖော်ဆောင်ရေး ထိခိုက်နိုင်ပြီး ကချင်လူထု တွေသာမက မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ယုံကြည်မှု ကိုပါ ပျက်စေနိုင်တယ်လို့ ဆိုပါတယ်။
“လူကြီးတွေက လက်နဲ့ရေး၊ အောက်ခြေက တပ်တွေခြေနဲ့ဖျက်တယ်။ ဘာပဲပြောပြော ယုံကြည် မှုကို အများကြီး ထိခိုက် စေတယ်။ ကျနော်တို့အားလုံး ကရှင်းရမယ့် နိုင်ငံရေး ပြဿနာဖြစ်လို့ ဆွေးနွေးရ မှာပါ” လို့ ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးဒေါင်ခါးက ပြောပါတယ်။
လက်ရှိအခြေအနေမှာ အစိုးရစစ်တပ်နဲ့ KIA အကြား တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်နေပြီး နှစ်ဖက် အောက်ခြေ တပ်သားတွေ ထိန်းထိန်းသိမ်းသိမ်း မလုပ်ရင်တော့ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး ဖြစ်စဉ်တခုလုံး ပျက်စီးသွား ဖို့များနေတာမို့ နှစ်ဖက်စလုံးစစ်ဆင်ရေးတွေလျှော့ချဖို့ ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက ဆိုပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကတော့ “လက်ရှိလုပ် နေတာတွေ ရပ်တန့် မသွားဘဲ ဆက်လုပ်နေမယ်၊ ဒါပေမယ့် ဒီလိုနှစ်ဖက်က ယုံကြည်မှုတွေတည် ဆောက်နေချိန်မှာ ဘာမှမဖြစ်ရင်တော့ ကောင်းတာ ပေါ့၊ ကျနော်ထင်တယ် တနိုင်ငံလုံးအပစ်အခတ် ရပ် စဲရေးကို ၂၀၁၄ မကုန်ဘူး၊ ဒီနှစ်လယ် လောက်မှာကို ထိုးဖြစ်မယ်လို့ ယုံကြည်တယ်” လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရင်း စစ်တိုက်နေတဲ့ “မီးစတဖက်၊ ရေမှုတ်တဖက်” မူဝါဒမပြောင်းလဲသေးသရွေ့ မြန်မာနိုင်ငံမှာသေနတ် သံချုပ်ငြိမ်းတဲ့ ထာဝရအပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းလာမှာမဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဆိုကြပါတယ်။
(ခင်ဦးသာနှင့် နန်းဆိုင်နွမ် ပူးပေါင်းရေးသားသည်)