နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိ ရန်ကုန် ဘူတာကြီးကို မူလပုံစံမပျက် အဆင့်မြှင့်တင်ရန် နိုင်ငံတကာမှ လုပ်ငန်းရှင်များအား လာမည့် မေလတွင် တင်ဒါ စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားကြောင်း ရထား ပို့ဆောင်ရေး ဒု ဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။
“တင်ဒါ ဘာလို့ ခေါ်ရလဲဆို နှစ်စဉ် ဒီရထား အတွက် နိုင်ငံတော်ကနေ ကျပ်သိန်း ၄၀၊ ၅၀ ဘီလီယံ အထိ ထည့်ဝင်လုပ်ဆောင် နေ ရတယ်၊ နှစ်စဉ် အရှုံးပေါ်နေတယ်၊ ဒီအတွက် တင်ဒါ စနစ်နဲ့ ရန်ကုန် ဘူတာကြီးကို စတင် ပြင်ဆင်သွားမယ်၊ ဘယ်အပိုင်းတွေ ဘယ်လို စပြင်မလဲ ဆိုတာက လာလုပ်တဲ့ လူတွေရဲ့ စိတ်ကူးပဲ”ဟု ၎င်းက ပြောပြသည်။
ရန်ကုန် ဘူတာကြီး တင်ဒါ ခေါ်ယူခြင်းကို နိုင်ငံတကာ စံနှုန်း အတိုင်း တင်ဒါ ခေါ်ယူသွားမည် ဖြစ်ကြောင်း၊ တင်ဒါ အောင်မြင်ပြီး လုပ်ကိုင်ခွင့်ရသူသည် ဧက ၆၂ ဧကကျော်တွင် လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။
“တင်ဒါ ခေါ်ယူရေးနဲ့ ပတ်သက်တဲ့ လုပ်ထုံး အတိုင်း အကြံပေး အဖွဲ့တွေ ခေါ်ယူပြီး လုပ်ဆောင်ပါမယ်၊ ဂျပန်နိုင်ငံက အကြံပေး အဖွဲ့ကို စည်းမျဉ်း အတိုင်း ခေါ်ယူပါမယ်၊ ရွေးချယ်တာကိုတော့ ကျနော်တို့ပဲ ရွေးပါမယ်၊ ဘယ်သူမဆို လုပ်ခွင့် ရှိပါတယ်၊ တိုင်းရင်းသားတွေဘက်က လာလုပ် နိုင်ပါတယ်၊ ကုန်ကျငွေက အရမ်းများတော့ အဖွဲ့ တဖွဲ့တည်ူနဲ့ လုပ်နိုင်မယ် မထင်ပါဘူး”ဟု ဒု ဝန်ကြီး ဦးမြင့်သိန်းက ဆက်ပြောသည်။
ရန်ကုန် ဘူတာကြီး အဆင့်မြှင့်တင်ရန် အတွက် ရင်းနှီးငွေ ပမာဏကို အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်း ထားသည်ဟုလည်း ဆိုသည်။
ရန်ကုန် ဘူတာကြီး အဆင့်မြှင့်တင်ရာတွင် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ လူနေ အိမ်ခန်းပါ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကားပါကင်၊ ရထားဆိုက်သည့် နေရာ၊ အများစီး မိုးပျံရထား ရပ်နားရာ နေရာ၊ ရှော့ပင်းမော၊ အပမ်းဖြေနား နေ ရာ နေရာ၊ လုပ်ငန်း ဆွေးနွေးရန် ဆွေးနွေးခန်းမများ၊ ကျန်းမာရေး စင်တာများ စသည့် One Stop Service ဖြင့် လုပ်ဆောင်နိုင်ရန် တင်ဒါ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။
တင်ဒါ ခေါ်ယူရေး လုပ်ငန်း အဖွဲ့တွင် ရထား ပို့ဆောင်ရေး ဒု ဝန်ကြီး ဦးမြင့်သိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုဝန်ကြီး ဦးမောင်မောင်သိမ်းတို့က ဦးဆောင် ရွေးချယ်မည် ဖြစ်ကြောင်း စနေနေ့က ရန်ကုန်ဘူတာကြီး၌ ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသွားသည်။
“ကျနော်တို့ နိုင်ငံမှာ အခြေခံ လူတန်းစားတွေက ရထားကို မှီခို နေရတယ်၊ အခြေခံ လူထုက ရထားပဲ စီးတယ်၊ အခု ရထားလမ်း ဖွံ့ဖြိုးဖို့ လမ်းလုပ်နေပြီ၊ ပြောရရင် ရထားလမ်းနဲ့ နီးစပ်တဲ့ နေရာတွေကို စီးပွားရေး ဖွံဖြိုးအောင် လုပ်ဆောင်မှာ ဖြစ်တယ်”ဟု ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဌာန ဒု ဝန်ကြီး ဦးမောင်မောင်သိမ်းက ပြောသည်။
တင်ဒါ ရွေးချယ်ရေးကို ၈ လကြာ အချိန်ယူ ရွေးချယ် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဂျပန်နိုင်ငံ ရထား ပို့ဆောင်ရေး လုပ်ငန်းက အကြံ ပေး အဖြစ် ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ဘူတာကြီး အဆင့်မြှင့်တင်မှု လုပ်ငန်း အစီအစဉ်နှင့် ပတ်သက်ပြီး ဒုဝန်ကြီး ဦးမြင့်သိန်းက“ဒီဝင်းထဲမှာ ရှိတဲ့ ဝန်ထမ်း အိမ် ရာ၊ စက်ရုံ၊ ဂိုဒေါင်တွေကို ရွာသာကြီးကို ပြောင်းမယ်၊ ဒီကနေ ပြောင်းရမယ့် ဝန်ထမ်းတွေ အတွက် ရွာသာကြီးကို စနစ်တကျ ပြောင်း ပေးမယ်၊ အားလုံး စီစဉ်ထားပြီးပါပြီ၊ ဒီမှာ လိုသလောက် ဝန်ထမ်းကိုပဲ ထားပါမယ်၊ ပြောင်းဖို့ အတွက် ဝန်ထမ်းတွေ ကိုယ် တိုင် သဘောတူ ထားပြီးပါပြီ၊ ဧရိယာ ၆၂ ဧက အပြည့် ဆောက်ခွင့် ပေးမှာပါ”ဟု ပြောသည်။
လုပ်ဆောင်ခွင့် ရမည့် ဧက ၆၂ ဧကတွင် လုပ်ငန်း လုပ်ဆောင်ခွင့်ကို အပိုင်း ၃ ပိုင်းဖြင့် လုပ်ဆောင် သွားမည် ဖြစ်ပြီး လုပ်ဆောင် ရာတွင် ပထမပိုင်း လုပ်ဆောင်ခွင့်၊ ဒုတိယပိုင်း လုပ်ဆောင်ခွင့်၊ တတိယပိုင်း လုပ်ဆောင်ခွင့် သတ်မှတ်ချက် အဆင့်ဆင့်ဖြင့် လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း သိရသည်။
“အပိုင်း ၃ ပိုင်း စလုံးကို ကုမ္ပဏီ တခုတည်းက လုပ်ခွင့် ရမလား၊ ဒါမှမဟုတ် တခုချင်းဆီ ရမလား ဆိုတာတော့ မပြောနိုင်ဘူးပေါ့၊ အစိုးရက ဘယ်လောက် အကျိုးအမြတ် ယူမလဲ ဆိုတာကတော့ အခုချိန်မှာ မပြောနိုင်သေးပါဘူး၊ JV (Joint Venture) နဲ့ တချို့ လုပ်မယ်၊ တချို့ မဖြစ်မနေ နေရာဆို BOT (Build over Transfer) နဲ့ လုပ်သွားမယ်”ဟု ဒု ဝန်ကြီး ဦးမောင်မောင်သိမ်းက ပြော သည်။
တင်ဒါ ခေါ်ယူမှုကို လာမည့် မေလမှ စတင် ခေါ်ယူမည် ဖြစ်ပြီး နိုဝင်ဘာ လကုန်တွင် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများကို ထုတ်ပြန် ကြေညာ ပေးမည် ဖြစ်ကြောင်းလည်း ၎င်း ဆိုသည်။
ရွေးချယ်ခံရသော ကုမ္ပဏီသည် ရွေးချယ်ခံရပြီး ၄ လ အကြာတွင် ရထားလမ်းပိုင်း မြှင့်တင်မည့် ဂျပန်နိုင်ငံ၊ ရထား ပို့ဆောင်ရေး လုပ်ငန်းတို့နှင့် တွဲဖက် ညှိနှိုင်းပြီး လုပ်ငန်း အစီအစဉ်များကို ရေးဆွဲ တင်ပြ၍ ၂၀၁၅ မတ်လတွင် လုပ်ငန်း စတင် လုပ်ဆောင် လည်ပတ်ရမည် ဖြစ်သော်လည်း လုပ်ငန်း တည်ဆောက်မှု ကြာချိန် ကာလကို တိကျစွာ သတ်မှတ်ရခြင်း မရှိသေးကြောင်း ဦးမောင်မောင်သိမ်းက ပြောဆိုသည်။
ရန်ကုန်ဘူတာကြီးကို ၁၈၇၇ ခုနှစ်က အင်္ဂလိပ်တို့က တည်ဆောက်ခဲ့ရာ ယခု ဆိုလျှင် နှစ်ပေါင်း ၁၃၀ ကျော်ပြီ ဖြစ်ကြောင်း သိရ သည်။