ရခိုင်အမျိုးသား ညီလာခံ၌ ရခိုင်ဒေသ တည်ငြိမ်ရေး၊ ဒေသထွက် သယံဇာတ အကျိုးခံစားခွင့် ရရှိရေးနှင့် ဒေသ ဖွံ့ဖြိုးရေး စသည်တို့ကို အဓိကထား ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
ထိုညီလာခံအား ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပမည် ဖြစ် သည်။ ညီလာခံ၌ ပြည်တွင်း ပြည်ပမှ ဆရာတော်၊ သံဃာတော်များနှင့် ရခိုင်ပြည်သူများ၊ ရခိုင်မျိုးနွယ်စုများ၊ ရခိုင်လူမှု အဖွဲ့ အစည်းများ၊ နိုငံရေးပါတီများ၊ ရခိုင် လက်နက်ကိုင် တပ်ဖွဲ့များ၊ ကိုယ်စားလှယ်များ က စာတမ်းများ အသီးသီး ဖတ်ကြားကြ မည် ဖြစ်သည်။
“ဒီနေ့က မြို့နယ်အလိုက် အစီရင်ခံစာတွေ ဖတ်တယ်၊ ညနေမှာတော့ သယံဇာတ ခွဲဝေရေး၊ ဖက်ဒရယ် စနစ်နဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းကို ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေး ကော်မတီ ဒု ဥက္ကဋ္ဌ နှင့် ရခိုင်အမျိုးသားပါတီ (ANP) ပြောခွင့်ရသူ ဦးလှစော က ဧရာဝတီ ကို ပြောသည်။
ရခိုင်အမျိုးသား ညီလာခံအား “လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးသော ရခိုင့် လူ့ဘောင်သစ်တရပ် ပေါ်ပေါက်ရေး” ဟူသည့် ရည်ရွယ်ချက် ဖြင့် ကျင်းပခြင်း ဖြစ်ပြီး ထိုခေါင်းစဉ် အပေါ် အခြေခံ၍ ဆွေးနွေးသွားကြမည်ဟု ကျင်းပရေး ကော်မတီ က ဆိုသည်။
ရခိုင်အမျိုးသား ညီလာခံအား ပြည်သူများ က အထူး အလေးထား စိတ်ဝင်စားကြသည်ကို တွေ့ရကြောင်း၊ ရခိုင်ပြည်သူများ နှင့်ရခိုင်ဒေသ တည်ငြိမ် ဖွံ့ဖြိုးရေး အတွက် ညီလာခံမှ ချမှတ်နိုင်မည့် မူဝါဒ လမ်းစဉ်များကိုလည်း ပြည်သူများက စိတ်ဝင် စားနေကြောင်း ကျောက်ဖြူ ဒေသခံနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ဧရာဝတီ ကို ပြောသည်။
“ညီလာခံကို ရခိုင်တပြည်လုံးက လူတွေရော၊ ပြည်ပက ရခိုင်အဖွဲ့တွေ အကုန်လုံး စုံစုံ ညီညီတွေ့ဆုံ ဆွေးနွေးကြတဲ့ အတွက် အားလုံးအတွက် အကျိုးရှိပါတယ်၊ ဒီညီလာခံကလည်း ရခိုင်ပြည်သူတွေရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ် လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ပြည်ထောင်စု အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ခေါင်းဆောင်၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ရခိုင်အမျိုးသား ညီလာခံမှ ရရှိမည့် မူဝါဒ လမ်းစဉ်များကို နိုင်ငံတော် အစိုးရ နှင့် အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်မည်ဟု မျှော်မှန်းထားကြောင်း ယမန်နေ့က ပြုလုပ်သည့် ညီလာခံ ဖွင့်ပွဲ အခမ်းအနား၌ ပြောဆိုသွားသည်။
ထို့အတူ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းမှု မရှိပါက နိုင်ငံတော်၏ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ထိခိုက်မှုများရှိနိုင် ကြောင်း လည်း ဦးအောင်မင်း က ဆိုသည်။
ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ကလည်း ရခိုင်ဒေသ တည်ငြိမ်ရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများကို ပြောဆိုခဲ့ပြီး ရခိုင်ပြည်သည် ပြည်ထောင်စုကြီး မှ မည်သည့် အခါမှ ခွဲထွက် သွား မည် မဟုတ်ဟု ကတိပေးကြောင်း အခမ်းအနား ၌ ပြောဆိုသည်။
ရခိုင်လူမျိုးများအား ကိုယ်ပိုင် ပြဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ခွင့် ပေးရန် လိုအပ်ကြောင်း စသည်တို့ကိုလည်း ဦးဇော်အေးမောင် က ပြောသွားသည်။
စာရေး ဆရာများဖြစ်ကြသည့် ဦးဖေမြင့် နှင့် ဦးကျော်ဝင်းတို့ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ ဖက်ဒရယ် စနစ်၊ သဘာ၀ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲရေး ကဏ္ဍ တို့ကို ဆွေးနွေးကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် ကမူ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေး အတွက် တရား ဥပဒေ စိုးမိုးရန် အရေးကြီးကြောင်း ဖွင့်ပွဲအခမ်းအနား ၌ ပြောဆိုခဲ့သည်။
ရခိုင်အမျိုးသား ညီလာခံ၌ ရခိုင်ဒေသ ဖွံ့ဖြိုးရေးနှင့်ဒေသတွင်း ဆောင်ရွက်နေကြသည့် နိုင်ငံတကာ အဖွဲ့ အစည်းများ၏ အ ခန်း ကဏ္ဍ အားသာချက်၊ အားနည်းချက် များနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း စသည်တို့ကိုလည်း ဆွေးနွေးကြကြောင်း ဦးလှစော က ရှင်းပြသည်။
ညီလာခံ တက်ရောက်ရန် ကိုယ်စားလှယ် ၁၀၀၀ ဝန်းကျင်သာ ဖိတ်ကြားထားသော်လည်း ကျောက်ဖြူ ဒေသ တဝိုက်နှင့် တ ခြား မြို့နယ် ကျေးရွာများ မှလည်း မိမိတို့ အစီအစဉ်ဖြင့် တက်ရောက်လာသူများပြား၍ လူ ၂၀၀၀ ကျော် အထိ ရှိသွား ကြောင်း ၎င်း က ဆက် ပြောသည်။
မြို့နယ် အသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေး၊ ပညာရေး၊ စီးပွားရေး၊ လျှပ်မီး ရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့ ဆွေးနွေးကြမည် ဖြစ်ပြီး ရခိုင် မျိုးနွယ်စုများ ကလည်း မိမိတို့ အကျိုး ခံစားခွင့် ရရေးနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြမည် ဖြစ်သည်။
ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ပြုလုပ်ရာ သမ္မတရုံး ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ နယ်စပ်ရေးရာ ဒု ဝန်ကြီး ဗိုလ်ချုပ်မောင်အုန်းနှင့်ဒု ဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရ အဖွဲ့၊ နိုင်ငံခြား ဧည့်သည်များ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ သီးသန့် ဖိတ်ထားသည့် ဧည့်သည်များ၊ ဒေသခံများ စသည်ဖြင့် လူဦးရေ ထောင်ချီ တက်ရောက်ခဲ့ကြောင်း သိရသည်။
မေလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ညီလာခံ ပြီးဆုံး ပိတ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ် တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တက်ရောက်မည်ဟု ညီလာခံ ကျင်းပရေး ကော်မတီက ပြောသည်။