စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဧပြီလ ၂၁ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် လူထုအင်အားပိုသုံးဖို့ ဆွေးနွေးခဲ့ကြတာမို့ လွှတ်တော်ပြင်ပ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုလှုပ်ရှားမှု ကြီးတွေ ဆက်တိုက်ထွက်ပေါ်လာမယ့် အခြေအနေတွေဆီ တဖြည်းဖြည်းဦးတည်လာပါတယ်။
စစ်အစိုးရရဲ့ ဒီမိုကရေစီ မဆန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံတကာမှာရော ၊ ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ကျယ်ကျယ်လောင်လောင် တောင်းဆိုမှုတွေရှိနေပေမယ့် သမ္မတဦးသိန်းစိန်နဲ့ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကတော့ အခြေခံဥပဒေ မပြင်ဆင်ချင်တဲ့ သဘောထားတွေကို ဒီနှစ်ဆန်းပိုင်း မှာ ထုတ်ဖော်ခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုလုံးမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အာဏာရှင်စိတ်ကြိုက်၊ စစ်တပ် ဦးစားပေး ပြဋ္ဌာန်းချက် တွေ အမြောက်အမြားပါဝင်နေပေမယ့် သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂ ဦးက အခြေခံဥပဒေမှာ တိုင်းရင်းသားတွေနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကိုသာ တိုးမြှင့်ပေးမယ့် ပြဋ္ဌာန်းချက် တွေကိုပဲ ပြင်ဆင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး အကြီးမားဆုံးသော အတား အဆီးဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက်၊ တပ်မတော်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ အာဏာရှင်တွေကို အကာကွယ်ပေး ထားတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်လိုတဲ့ ဆန္ဒ အစိုးရနဲ့ တပ်မတော်မှာ ရှိပုံမရတဲ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်သမျှ တွေကို အခြေခံဥပဒေ မူဘောင်အတွင်းကပဲ ဆောင်ရွက်ရမယ်လို့ သူတို့ ၂ ဦးလုံးက ဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး သမ္မတ၊ လွှတ်တော်၊ တပ်မတော် ခေါင်းဆောင် တွေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံရေးကလည်း ဖြစ်လာနိုင်တဲ့ အခြေအနေ မရှိတာမို့ တွေ့ဆုံဆွေးနွေးရေးကနေ အဖြေရှာမယ့် နည်းလမ်းတခုက အဆုံးသတ်သွားတဲ့ပုံရှိပါတယ်။ လွှတ်တော်တွင်းမှာလည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အမတ်တွေက အဓိက စိုးမိုးထားတာမို့ လူနည်းစု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင် နိုင်မယ့် အနေအထားမရှိပါဘူး။
လတ်တလောမှာ အခြေခံဥပဒေ ပြင်ဆင်ရေး သမ္မတနဲ့ စစ်တပ်မှာ တင်းမာတဲ့ သဘောထားရှိနေတာမို့ တွေ့ဆုံ ဆွေးနွေး ရေး နဲ့ လွှတ်တော်တွင်းက ဆောင်ရွက်နိုင်မယ့် အခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းတွေ အလုပ်မဖြစ်သလို အလား အလာ မကောင်းလှပါဘူး။
ရှေ့မတိုးသာ၊ နောက်မဆုတ်သာ နိုင်ငံရေး အခြေအနေတွေမှန်သမျှမှာ လူထုရဲ့အင်အားက အဓိက ကျ အဆုံးအဖြတ် ပေးလေ့ရှိ တာမို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုအင်အားပိုသုံးဖို့ ကြိုးစားလာတာက မှန်ကန်တဲ့လုပ်ရပ်အဖြစ် သုံးသပ်မှုတွေရှိပေမယ့် အန္တရာယ်များလှတဲ့ နိုင်ငံရေး လမ်းကြောင်း တခုအဖြစ် နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီက ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ သွားရမယ့် နည်းလမ်းတွေ အများကြီး ရှိပေမယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ တရား ဥပဒေ စိုးမိုးရေး ကိုတော့လုံးဝမထိခိုက်အောင် လုပ်ဆောင်ဖို့ ရှိကြောင်း၊ ဖွဲ့စည်းပုံကို လွယ်လွယ်နဲ့ ပြင်ဆင်လို့ မရအောင်ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ကို ပြည်သူတွေ သတိထား မိလာအောင် အရင် ဦးစားပေး လုပ်ဆောင်နေပြီး တပ်မတော်ကို ဖွဲ့စည်းပုံ ပြင်ဆင်ချင်တဲ့ စိတ်ဖြစ်လာအောင် စည်းရုံးဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူက တပ်မတော်ကို ဘယ်လို စည်းရုံးမလဲဆိုတာတော့ အသေးစိတ် မရှင်းပြပါဘူး။
“၄၃၆ ကို ပြင်ဆင်ခြင်းဟာ လူထုက ရွှေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြင့်ပေးနိုင်တဲ့ အချက် ဖြစ်တယ် ဆိုတာကိုလွှတ်တော်ကိုယ်စားလှယ်တွေ သိလာပြီးတော့မှ သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ပေးရမှာ ဖြစ်သလို ပြည်သူလူထုရဲ့ အသံ၊ လူထုရဲ့ ဆန္ဒကိုလည်း တဖက်က ၂၅ရာခိုင်နှုန်း ဖြစ်တဲ့ တပ်မတော်ကပါ အကောင်အထည် ဖော်ပေးလာအောင် ၊တပ်မတော်ကပါ ပူးပေါင်းဆောင်ရွက်လာအောင် ကြိုးစားသွားမှာ ဖြစ်တယ်။ လူထုရဲ့ ဆန္ဒတွေကို လွှတ်တော်နဲ့ စစ်တပ်က လေးစားလိုက်နာလိုက်လာအောင်လုပ်လို့ရမယ့် နည်းလမ်းတွေ ကျနော်တို့ ရှာဖွေ ဖော်ထုတ် နေပါတယ်” လို့ ဦးဂျင်မီက ပြောပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတိုက်အခံ အင်အားစုတွေဘက်မှာ တိကျသေချာတဲ့ မဟာဗျူဟာ မရှိတာ ကြောင့် ပြည်သူတွေကို လမ်းပေါ်ထွက် ဆန္ဒပြခိုင်းရုံပဲ လုပ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
“အခု ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့ လက်ရှိ အခြေအနေမှာ NLD တခုတည်းအားနဲ့ မရတော့ဘူး။ နိုင်ငံရေး အင်အားစုတွေ အကုန် ပေါင်းလုပ်ရမှာ။ အခုအကုန်လုံး ချိတ်ဆက် လုပ်ကိုင်မှာ ရတော့မှာ။ ကျနော်တို့မှာက ဘုံရည်မှန်းချက်ရှိတယ်။ ဒါပေမယ့် ဘုံ ခေါင်းဆောင်ဆိုတာ မရှိဘူး ဖြစ်နေတယ်။ ဘယ်သူပဲ ဦးဆောင်ဆောင် ကျနော်တို့က အဆင်သင့်ရှိတယ်”လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်နေသူတဦးလည်းဖြစ်၊ ဒဂုံဆိပ်ကမ်းမြို့နယ် NLD ပါတီဝင်လည်း ဖြစ်တဲ့ ဦးသန်းစိုးက ဆိုပါတယ်။
လက်ရှိမှာတော့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လူထုအင်အား ပိုမို ပါဝင်နိုင်တဲ့ လှုပ်ရှားမှု တွေ စတင်လုပ်ဆောင်နေပြီလို့ စုံစမ်းသိရှိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ဒုတိယဗိုလ်မှူးကြီးဟောင်းလည်းဖြစ်တဲ့ ဦးလှဆွေကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လူထုက ၁၉၈၈ ခုနှစ်ကာလတုန်းကလို လမ်းပေါ် ထွက်လာ မှာ မဟုတ်တော့လို့ လွှတ်တော်ပြင်ပကနေဖွဲ့စည်းပုံ ပြင်ဆင်ရေး အားထုတ်နေမှုတွေဟာ မအောင်မြင်နိုင်ဘူးလို့ ဆိုပါတယ်။
“လွှတ်တော်တွင်းမှာကတော့ ၂၀၁၅ မတိုင်ခင်မှာ အချက်အလက်တချို့တော့ ပြင်နိုင်လိမ့်မယ်။ သမ္မတက နိုင်ငံရေး ပါတီဝင် ဖြစ်ခွင့် ၊ လွှတ်တော်အမတ်ပဲ ဝန်ကြီးလုပ်ခွင့်တွေပဲ ပြင်နိုင်လိမ့်မယ် ” လို့ သူက ပြောပါတယ်။
ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းက တောင်းဆိုနေတဲ့ ပုဒ်မ ၄၃၆ လိုမျိုးနဲ့ ပုဒ်မ ၅၉ အခြေခံဥပဒေ ပြဋ္ဌာန်းချက် တွေကို ပြင်ဖို့ မလွယ်သေးတဲ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုကာကွယ်ရမယ်ဆိုတဲ့ စစ်တပ်ကရော အလွယ်တကူ ပြင်ပေးမလား ဆိုတာမေးခွန်းထုတ်စရာပဲလို့ ဦးလှဆွေက ဧရာဝတီကို ပြောပါတယ်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရွေးချယ်စရာ နည်းလမ်း နည်းပါးနေပြီး နောက်ဆုံးမှာ လူထုလှုပ်ရှားမှုကြီး တရပ် ပေါ်ထွန်းလာနိုင်ကြောင်း၊ အဲဒီလို လူထုလှုပ်ရှားမှု ဖြစ်လာလို့ရှိရင်လည်း စစ်တပ်က ပစ်ခတ်နှိမ်နင်းပြီး အာဏာသိမ်းနိုင်တာတွေ ဖြစ်လာနိုင်ကြောင်း ပြောဆိုပါတယ်။
“လူတွေမှာ ရွေးချယ်စရာမရှိရင်တော့ နောက်ဆုံး လူထုတွေက လမ်းပေါ်ထွက်လာမှာပဲ။ အဲဒါမျိုး မဖြစ်စေချင်ဘူး။ ဒါပေမယ့် ရွေးစရာမရှိလို့ ဖြစ်လာရင်တော့ မတတ်နိုင်ဘူး။ လူတွေ လမ်းပေါ်ထွက်လာရင် တပ်က ပစ်ခတ်ပြီး အာဏာသိမ်းနိုင်တယ်။ အဲဒီလို အာဏာသိမ်းရင်လည်း ဒီအခြေခံဥပဒေ အလိုလိုပျက်သွားပြီပဲ။ အဲဒီတော့ လက်ရှိ အာဏာရှိတွေသူတွေကို ပြောချင်တာက အခြေခံဥပဒေကို ပြင်မလား၊ ဖျက်မလား ဆိုတာပဲ။ သူတို့ရဲ့ ရွေးချယ်မှုကို မူတည်ပြီးတော့ လူထုဘက်က ပြန်တုံ့ပြန်မှာပဲ” လို့ ဦးခွန်ထွန်းဦးက သုံးသပ်ပါတယ်။
လူထုအင်အား ပါဝင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးက နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နောက်ဆုံး နည်းလမ်းတခုဖြစ်ပြီး ဒီနည်းလမ်းက အချိန်မရွေး အကြမ်းဖက်မှုအဖြစ် အသွင်ပြောင်းခံရနိုင်တာမို့ စည်းကမ်းညီညွတ်မှုနဲ့ စနစ်ကျမှု အရေးကြီးတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါတယ်။
(သာလွန်ဇောင်းထက်နှင့် ထက်နိုင်ဇော် ပူးတွဲရေးသားသည်)