ကချင် ပြည်သူများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ ပူးပေါင်းပြီး ဧပြီ ၂၅ ရက်ကို ကချင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ပြီး ပထမဆုံး အကြိမ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကျင်းပကြောင်း သိရသည်။
ကချင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာသည့် အတွက် ကချင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုကို ကချင် လူမျိုးများ နေထိုင်သည့် ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာ၊ မိုင်ဂျာယန်နှင့် ရှမ်းပြည်နယ် အတွင်းရှိ KIO ထိန်းချုပ်ထား သည့် နေရာများတွင် ကျင်းပခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန အထွေထွေ အတွင်းရေးမှူး ဦးကမ်ဘားက ဧရာဝတီသို့ ပြောသည်။
“ကချင်လူမျိုး အများစုက မူးယစ်ဆေးဝါးကြောင့် အရွယ် မရောက်ဘဲ အသက် ဆုံးရှုံးမှုတွေ များတယ်၊ ပြီးတော့ အိမ်ထောင်ကွဲမှုတွေ များလာတယ်၊ ပြည်သူတွေ အနေနဲ့လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ချင်တဲ့ အတွက် ကျနော်တို့နဲ့ ပူးပေါင်း လှုပ်ရှားကြတာပါ” ဟု ၎င်းက ပြောသည်။
မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လိုင်ဇာမြို့ရှိ KIO ဘိန်းဖြတ် စခန်းသို့ ၂၀၁၀ ပြည့်နှစ်မှ ယနေ့အချိန် အထိ လာရောက် ကုသမှု ခံယူသူ ဦးရေသည် ၄၀၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း ဦးကမ်ဘားက ဆိုသည်။
ကချင်ပြည်နယ် အတွင်း မူးယစ်သုံးစွဲသူ အများစုသည် ကချင် စစ်တပ်မှ တပ်သားများ၊ လူငယ်များ၊ စီးပွားရေး သမားများ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ကချင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဖြစ်မြောက်ရေး အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးနော်ဘိုက “ဧပြီ ၂၅ ရက် ကချင် အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ သတ်မှတ်တာက ပြည်သူတွေနဲ့ တိုင်ပင်ပြီး သတ်မှတ် လိုက်တာပါ၊ ဘာရက်ထူး ရက်မြတ်မှ မဟုတ်ပါဘူး၊ ပထမဆုံး ကျင်းပတဲ့နှစ် ဆိုတော့ ကျေနပ်မှု သိပ်မရှိပါဘူး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းကို လုပ်နိုင်တဲ့ အတွက် ဝမ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် လူငယ် အများစု ပါဝင်ပြီး KIO ထိန်းချုပ်ရာ ဖြစ်သည့် လိုင်ဇာမြို့တွင် လူဦးရေ ၂၀၀၀ကျော် ပါဝင် လှုပ်ရှားကြကြောင်း၊ ဧပြီ ၂၅ ရက်မှ စတင်ပြီး လာမည့် စက်တင်ဘာလ အထိ ပြည်သူလူထုကို မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်သည့် ပညာပေးမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဟု ဦးနော်ဘိုက ဆက်ပြောသည်။
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိူးမှု၏ ၉၂ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ဖြစ်ပြီး၊ ကျန် ၈ ရာခိုင်နှုန်းသည် ကချင်ပြည်နယ်တွင် ဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိူးမှု ဧရိယာသည် ၂၀၁၂ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်း အထိ တိုးလာကြောင်း၊ မြန်မာနိုင်ငံက ထုတ်လုပ်သည့် စိတ်ကြွ ဆေး ဖမ်းဆီးရမိမှုသည်လည်း ပိုမို များပြားလာကြောင်း ၂၀၁၃ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာ အရ သိရသည်။
ယင်းသို့ လှုပ်ရှား သတ်မှတ်မှုနှင့်ပတ်သက်ပြီး လိုင်ဇာမြို့တွင် နေထိုင်သည့် ကချင်လူငယ် ကိုခမ်းအောင်က “ဒီလို ရက် သတ်မှတ် လိုက်တဲ့ အတွက် အရမ်းကို အားရပါတယ်၊ ကျနော်တို့ ကချင် လူငယ်တွေက မူးယစ်ဆေးဝါးကြောင့် ပျက်စီး ကုန်ကြပြီ၊ ဒါကြောင့် ကချင် တမျိုးသားလုံး အနေနဲ့လည်း မူးယစ်ဆေးဝါး ရန်သူကို ကြိုးစား တိုက်ထုတ်ရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်း တိုးလာပြီး၊ ဘိန်းထုတ်လုပ်မှု မက်ထရစ် တန်ချိန် ၈၇၀ အထိ ရှိလာကြောင်း UNODC ၏ အစီရင်ခံစာတွင် ပါရှိသည်။