ယခု ဘဏ္ဍာနှစ်မှ စတင်ပြီး လျှပ်စစ် မီတာခများ စတင် တိုးမြှင့်ခဲ့သာ်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း လျှပ်စစ်မီး အချိန် ပြည့်ဝစွာ ပေးနိုင်ဦးမည် မဟုတ်သေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောသည်။
“ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြို့နယ်များမှာ ဓာတ်အားလိုင်းကြိုး အဟောင်းများ အသစ် လဲလှယ် တိုးချဲ့ တည်ဆောက် နေပေမယ့်၊ ဗို့အားပြည့် ဓာတ်အားလိုင်းကြိုး လဲလှယ်ခြင်း လုပ်ငန်းတွေ ဆက်လက် ကျန်ရှိ နေပါသေးတယ်၊ ဒါကြောင့် လျှပ် စစ်မီး အားနည်းတာ၊ မီးပြတ်တောက်တာ ဆက်လက် ရှိနေဦးမှာပါ”ဟု ဝန်ကြီးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အဌမ ပုံမှန် အစည်းအဝေး စတုတ္ထမြောက်နေ့ ယမန်နေ့က လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်ကျော်မှ ၂၀၁၄ ခုနှစ် ဧပြီလကုန်မှ စတင်ပြီး လျှပ်စစ် ဓာတ်အားခများ တိုးြှှင့် ကောက်ခံမည် ဖြစ်ရာ လျှပ်စစ်မီး အားနည်းခြင်း၊ မီးပြတ်တောက်ခြင်းများ မရှိစေ ရန် မည်သို့ ဆောင်ရွက် မည်ကို မေးမြန်းစဉ် ဝန်ကြီးက ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။
လျှပ်စစ် ဓာတ်အား မပြတ်ရေး၊ လျှပ်စစ်မီး အားနည်းခြင်းများ မဖြစ်စေရေး အတွက် ဓာတ်အား ပို့လွှတ်သည့် မီတာကြိုးများနှင့် ဓာတ်အား ထုတ်လွှင့် စက်ရုံများကို ပြည့်ဝစွာ လဲလှယ် တည်ဆောက် မပေးနိုင်သေးကြောင်း ဝန်ကြီးက ဖြေကြားခဲ့သော် လည်း လိုအပ်သည်များကို မည်သည့် အချိန်တွင် ဆောင်ရွက်မည်ကို တိကျစွာ ဖြေကြားခြင်း မရှိပေ။
“နေ့ပိုင်းမှာ မဂ္ဂါဝပ် ၈၀၀ ကျော် သုံးနေတယ်၊ ညပိုင်းမှာ မဂ္ဂါဝပ် ၈၀၀ နီးပါး အသီးသီး သုံးစွဲ နေတယ်၊ အခုလို နွေရာသီမှာ ခန့်မှန်းခြေ နောက်ထပ် မဂ္ဂါဝပ် ၅၀ ကျော် ထပ်တိုး လာမယ်လို့ ခန့်မှန်း ထားပါတယ်၊ ဒီပမာဏ အတွက် အခုချိန်မှာ လောက်ငအောင် ကျနော်တို့ဘက်က မထုတ်နိုင်သေးပါဘူး”ဟု ဦးဉာဏ်ထွန်းဦးက ပြောသည်။
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က လျှပ်စစ် ဖြန့်ဖြူးရေး ဆိုင်ရာ ပစ္စည်းများ တိုးချဲ့ တပ်ဆင်ထားသော် လည်း တိုးတက် သုံးစွဲလာမည့် ဝန်အားကို ဖြည့်ဆည်း ပေးနိုင်ရန် ယခုနှုန်းထက် ပိုမို၍ တိုးချဲ့တည်ဆောက် ရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အခုဆို သာကေတ၊ လှော်ကား၊ ရွာမတို့မှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ လျှပ်စစ် ဓာတ်အား တိုးထုတ်လုပ်နိုင်အောင် စက်ရုံတွေ ဆောက်တာတွေ၊ သဘာဝ ဓာတ်ငွေ့ စက်ရုံ ဆောက်တာတွေ လုပ်နေတယ်၊ အခုဆို အဲဒီ နေရာတွေကနေ မဂ္ဂါဝပ် ၂၀၀၀ နီးပါး ထုတ်နိုင် နေပါတယ်”ဟု ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောသည်။
ရန်ကုန်မြို့အတွင်း ထရန်စဖော်မာနှင့် ဓာတ်အားခွဲ ရုံပေါင်း ၉၀၀၀ ကျော်ကို ဆောက်လုပ်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။
ရန်ကုန်တိုင်း ဒေသကြီး လုပ်ငန်းများ၏ တနှစ်တာ လျာထားချက် ၂၀၁၄-၂၀၁၅ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ယခုနှစ်သည် ပြီးခဲ့သည့် နှစ်ထက် လျှပ်စစ်မီး ထုတ်လွှင့်မှု ပမာဏ လျော့မည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး တခုလုံး လုပ်ငန်း အားလုံး၏ ၁ ရာခိုင်နှုန်း အောက်ကိုသာ ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။