ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍ၌ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် Forever Green Right Service (FGRS) တို့ အကျိုးတူပူးပေါင်းကာ သြဂုတ်လအတွင်း ခရီးသည်တင် ယာဉ်လိုင်းများ ပြေးဆွဲနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရ သည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကပရ)သည် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရန် ၂၀၁၂ ခုနှစ်မှ စတင်၍ တင်ဒါ ခေါ်ယူခဲ့ရာ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၁၅ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြည်တွင်း ကုမ္ပဏီ တခုဖြစ်သော Forever Green Right Service (FGRS) ကုမ္ပဏီအား ဧပြီလတွင်းက လုပ်ကိုင်ခွင့် စတင် ပေးအပ်ခဲ့ကြောင်း ကပရ ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင်က ဧရာဝတီကို ပြော သည်။
FGRS ကုမ္ပဏီအနေဖြင့် ကုန်းလမ်း ပို့ဆောင်ရေးဌာနနှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင် ရေး ကဏ္ဍအား နိုင်ငံတကာ အဆင့်မီ ခရီးသည်ပို့ဆောင်ရေး စံပြယာဉ်လိုင်း တခုအဖြစ် ထူထောင်ရန် ကတိပြုထားသည်ဟု သိရသည်။
“အဓိကကတော့ စီးတဲ့လူတွေကို သိက္ခာရှိရှိ စီးစေချင်လို့ပါ၊ လိုင်းကားတွေလို တိုးကျိတ်ပြီး မစီးစေချင်ဘူး၊ ပြီးတော့ မှတ်တိုင်တွေမှာ “ရပ် တင် ထွက်” စနစ်ကို ထိရောက်အောင် ကျင့်သုံးမယ်၊ ခရီးသည်တွေရဲ့ လုံခြုံရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာပါ” ဟု ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင်က ပြောသည်။
ပုဂ္ဂလိက ယာဉ်လိုင်းများ အနေဖြင့် လုပ်ငန်း စတင်ချိန်တွင် ကိုရီးယားနိုင်ငံထုတ် စီးတီး ဘတ်စ် ၇၅ စီး စတင် ပြေးှဆွဲသွားမည် ဖြစ်ကြောင်း၊ ယာဉ်လိုင်းတွင် ပါဝင်မည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို လစာစနစ်ဖြင့် ပေးမည် ဖြစ်ကြောင်း၊ ပြေးဆွဲမည့် ယာဉ်လိုင်း လမ်းကြောင်းနှင့် ယာဉ်စီးခ နှုန်းထားများကို အတိအကျ မသတ်မှတ်ရ သေးကြောင်း သိရသည်။
“အခုက လုပ်ငန်းအတွက် Proposal(လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်) တွေ ရေးနေတဲ့ ကာလပါ၊ ယာဉ်လိုင်း ပြေးဆွဲဖို့ကို တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို စောင့်နေပါတယ်၊ အပြင်က ယာဉ်လိုင်းတွေကတော့ တဦးချင်း အကျိုးအမြတ်ကို ဦးစားပေး နေရတော့ အလုအယက် မောင်းနေတာတွေ တွေ့ရတယ်၊ ကပရ နဲ့ ပုဂ္ဂလိက ပူးပေါင်း လုပ်ကိုင်ရာမှာ အကျိုးအမြတ် ထက် ပြည်သူတွေ သွားလာရေး လွယ်ကူ အစဉ်ပြေနိုင်ဖို့ကို ဦးစားပေး လုပ်ဆောင်သွားမှာပါ” ဟု ဦးတင်ဝင်းအောင်က ထပ်မံပြော သည်။
FGRS ကုမ္ပဏီသည် လုပ်ငန်းစတင် ဆောင်ရွက်ရာ၌ ကျပ်သန်းပေါင်း ၇၁၄၀ ရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း၊ ကပရ အနေဖြင့် ဗိုလ်တထောင်ရှိ ဌာနပိုင် ကပရ ဝင်း မြေ ၂ ဒသမ ၅ ဧကကို FGRS ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်းပြီး ငှားရမ်းခ အဖြစ် ငွေကျပ် သန်း ပေါင်း ၃၀၆၀ သက်မှတ်ကာ ထိုငွေပမာဏကို ရင်းနှီးမြှုပ်နှံမှုတွင် ရှယ်ယာအဖြစ် ထည့်ဝင်ထားကြောင်း၊ လုပ်ငန်းအကျိုးအမြတ် ၏ ၇၀ ရာခိုင်နှုန်းကို ကုမ္ပဏီက ရရှိမည် ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဌာနက ရရှိမည် ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိက ယာဉ်လိုင်းများ စတင်ပြေးဆွဲနိုင်ရန် ကနဦး ကာလတွင် သဘာဝဓာတ်ငွေ့ (CNG) သုံးယာဉ်စီးရေ ၂၅ စီး အတွက်သာ ခွင့်ပြုချက် ရရှိထားပြီး ဆက်လက်၍ ယာဉ်စီးရေ ၅၀ အတွက် လျှောက်ထားရန် စီစဉ်လျက် ရှိကြောင်း၊ ယာဉ်လိုင်းများကို သီးသန့်၊ အထူး စသည်ဖြင့် သတ်မှတ်သွားမည် ဖြစ်ပြီး ဝန်ဆောင်မှုပိုင်းကို ဦးစားပေးကာ အီလက်ထရွန်နစ်သုံး လက်မှတ် စနစ်ကို အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဦးတင်ဝင်းအောင်က ဆိုသည်။
အလားတူ ရန်ကုန်မြို့တွင်း ပို့ဆောင်ရေး လုပ်ငန်းများတွင်ဝင်ရောက် လုပ်ဆောင်ခွင့်ရရေး စန်းရောင်နီ ကုမ္ပဏီသည် လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေး ကော်မတီတွင် တင်ပြတောင်းခံလျက် ရှိကြောင်း သိရသည်။
မြို့ပြ ကျွမ်းကျင်သူ တဦးက “ယာဉ်ကြော ကြပ်တည်းမှုက ပိုဆိုးလာနိုင်တယ်၊ အမှန်ဆိုရင် ယာဉ်ကြော ကြပ်တည်းမှုကို ဖြေရှင်း မယ့် နည်းလမ်းကို အရင်မရှာကြဘဲ ကားတင်သွင်းဖို့၊ ပြေးဆွဲဖို့ လုပ်ဆောင်နေတာပဲလို့ မြင်တယ်၊ ရန်ကုန်မှာ အရင်ကထက် ယာဉ်တွေက ပိုများလာတာ တွေ့ရတယ်၊ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေဦးမှာပါပဲ” ဟု ပြောသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ နေ့စဉ် ကြုံတွေ့နေရပြီး၊ ပုဂ္ဂလိက ယာဉ်လိုင်းများ တိုးချဲ့လာခြင်း နှင့် အတူ ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဦးစွာ စဉ်းစားဖြေရှင်း သင့်သည်ဟုလည်း ဆိုသည်။
မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ) (ဗဟို) မှ ဥက္ကဋ္ဌ ဦးလှအောင်က “ကျနော်တို့ နိုင်ငံမှ မဟုတ်ပါဘူး၊ နိုင်ငံတိုင်းမှာ ယာဉ်ကြော ကြပ်တည်းမှု ဆိုတာ ရှိနေတာပါပဲ၊ ကျနော်တို့ဆီမှာ ဖြစ်နေတာက ယာဉ်ကြော ပိတ်ဆို့တာပါ၊ အဓိက ကတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ စည်းကမ်း လိုက်နာဖို့ လိုအပ်တယ်။ ယာဉ်လိုင်းတွေ တိုးလာတာဟာ ခရီးသွား ပြည်သူတွေကို သွားလာရေး လွယ်ကူစေပါတယ်၊ ဒါပေမယ့် တဘက်က ပြန်ကြည့်ပြန်ရင် ယာဉ်လိုင်းတွေ တိုးလာပြီး စည်းကမ်း မလိုက်နာဘူး ဆိုရင်တော့ ဒီပြဿနာတွေက ရှိနေဦးမှာပါပဲ”ဟု ပြောသည်။
ကုန်းလမ်း ပို့ဆောင်ရေးဝန်ကြီးဌာန အနေဖြင့် ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်ရာတွင် ဝန်ထမ်း ဦးရေနှင့် ယာဉ်စီးရေ ကွာဟခြင်း၊ ယာဉ်အရည်အသွေး မပြည့်စုံခြင်း၊ စီးနင်းသည့် ခရီးသည် နည်းပါးလာခြင်း၊ အဆင့်မီလုံခြုံ စိတ်ချရသည့် ယာဉ်များကို လဲလှယ် မပေးနိုင်ခြင်းများကြောင့် အရှုံးပေါ်ခဲ့ကြောင်း၊ ယင်းကြောင့် လုပ်ငန်းများ ပြန်၍ လည်ပတ်နိုင်ရေး အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား ရင်းနှီး မြှုပ်နှံမှု တင်ဒါ ခေါ်ယူကာ လုပ်ငန်းလုပ်ကိုင်ခွင့် ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
မထသ၏ စီမံမှုအောက်တွင် ရန်ကုန်မြို့တွင်း နေ့စဉ်ခရီးသည်တင် ယာဉ်လိုင်း ၃၉၆ လိုင်းမှ ယာဉ်စီးရေ ၅ဝဝဝ ကျော် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။