မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ လုံခြုံရေးနှင့်ဒေသခံ တိုင်းရင်းသား ပြည်သူများ လုံခြုံရေး အတွက် ဘူးသီးတောင်၊ မောင်တော ဒေသတွင် ရခိုင်နယ်ခြားစောင့်တပ် ဖွဲ့စည်း တည်ထောင်ပေးရန် ဒေသခံများ က ကျောက်ဖြူမြို့တွင် ကျင်းပ လျက်ရှိသော ရခိုင်အမျိုးသားညီလာခံတွင် တောင်းဆိုကြောင်း သိရသည်။
ဧပြီလ ၂၈ ရက်နေ့ ကျောက်ဖြူမြို့၌ ကျင်းပခဲ့သည့် ရခိုင်အမျိုးသား ညီလာခံတွင် ဘူးသီးတောင်မြို့နယ် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ဒေသခံများ ကိုယ်စား နယ်ခြားစောင့်တပ် ဖွဲ့စည်း တည်ထောင်ပေးရေး တင်ပြဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးချက် ကို ရခိုင်အများစုက ထောက်ခံ သဘောတူကြကြောင်း သိရှိရသည်။
“ကျနော်တို့ ဘူးသီးတောင်၊ မောင်တော ဒေသတွေမှာ ဒေသခံ တိုင်းရင်းသားဦးရေ အရမ်းနည်းနေတဲ့အတွက် မလုံ မခြုံနေ ထိုင်နေ ကြရပါတယ်၊ နေ့တိုင်း လိုလို ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်၊ ရဲတပ်ဖွဲ့၊ စစ်တပ်တွေ ရှိပေမယ့်လည်း ခြိမ်း ခြောက်မှု၊ တိုက်ခိုက်မှု တွေ မကြာခဏ ဖြစ်ပွားနေဆဲပါ”ဟု ဦးထွန်းအောင်သိန်း က ဧရာဝတီ ကို ပြောသည်။
ရခိုင်တွင် စစ်တပ်၊ ရဲတပ်ဖွဲ့များ ရှိသော်လည်း လုံခြုံရေးအတွက် လုံလောက်မှု မရှိကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသား များဖြင့် ဖွဲ့စည်းထား သော နယ်ခြားစောင့် လက်နက်ကိုင် တပ် တခု ဖွဲ့စည်းပေးရန် ဒေသခံများ က တောင်းဆို ရခြင်း ဖြစ် ကြောင်း၊ ဒေသခံများ၏ နေ့စဉ်ကြောက်ရွံ့နေထိုင်နေကြရသည့် အခြေအနေများကို ကာကွယ်ပေးရန် ရခိုင် အမျိုးသား နယ်ခြား စောင့် ကာကွယ်ရေး တပ်မတော် တခု ဖွဲ့စည်းရန် တောင်းဆို တင်ပြမှုကို ညီလာခံ တက်ရောက် လာကြသည့် ရခိုင် ၁၇ မြို့နယ်နှင့် ပလက်၀ မြို့နယ် ကိုယ်စားလှယ်များ ကပါ သဘောတူ ထောက်ခံကြကြောင်း၊ ညီလာခံ ပြီးဆုံးသည့် အခါ တိကျသည့် အ ဖြေ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ဦးထွန်းအောင်သိန်း က ရှင်းပြသည်။
“ညီလာခံ တက်လာတဲ့ ကိုယ်စားလှယ် အားလုံးက ဒီကိစ္စကို ထောက်ခံကြတဲ့ အပြင် ရခိုင် လက်နက်ကိုင် တပ်ဖွဲ့တွေ က လည်းပဲ ရခိုင်ပြည်သူတွေကို ကာကွယ်ပေးဖို့ အဆင်သင့် ရှိကြောင်း ကျနော်တို့ကို ပြောကြပါတယ်”ဟု ဆိုသည်။
ထို့အတူ ဒေသခံပြည်သူများ၏ လုံခြုံရေး အတွက် ပြည်သူ့စစ် သင်တန်းများ ပေးသင့်သည်ဟုလည်း ညီလာခံတွင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာဝန်ကြီးဌာနမှ ရရှိသော စာရင်းအချက်အလက်များအရ မောင်တောမြို့နယ်၌ ရခိုင်၊ ဗမာ တိုင်းရင်းသားများ နှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသား ဦးရေ ၇ ရာခိုင်နှုန်း ဝန်းကျင် သာ ရှိပြီး ဘူးသီးတောင် မြို့နယ်၌ ဒေသခံ တိုင်းရင်းသား ၃၀ ရာခိုင်နှုန်း ဝန်းကျင် ရှိကြောင်း အများစု မှာ မွတ်စလင်များဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့တွင် ကျင်းပလျက်ရှိသော ရခိုင်အမျိုးသား ညီလာခံသည် ဧပြီလ ၂၇ ရက်နေ့မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မေလ ၁ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း၊ ညီလာ ခံ မှ ဆွေးနွေးမှု ရလာဒ်များကို မေလ ၁ ရက်နေ့တွင် ပြည်သူများထံ တင်ပြပေးသွားမည် ဖြစ်ကြောင်း၊ ညီလာခံကို “လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးသည့် ရခိုင့် လူ့ဘောင်သစ် တရပ် ပေါ်ထွန်းရေး”ဟူ သော ရည်ရွယ်ချက်ဖြင့် ပြု လုပ်ခြင်း ဖြစ်ပြီး၊ ပြည်တွင်း၊ ပြည်ပရောက် ဆရာတော်၊ သံဃာတော်များနှင့် ရခိုင်ပြည်သူများ တက်ရောက် ဆွေးနွေး ကြကြောင်း သိရှိရသည်။