အစိုးရက မီဒီယာသမားများ အပေါ် ဥပဒေ အကြောင်းပြချက်ဖြင့် ဖမ်းဆီး အရေးယူ ထောင်ချနေခြင်းကို ရပ်တန့် ပေးရန် ပြည်တွင်း၊ ပြည်ပ မီဒီယာ အဖွဲ့အစည်းများနှင့် မီဒီယာ သမားများ စုပေါင်းပြီး ကန့်ကွက်ရန် စီစဉ်နေသည်။
သတင်းမီဒီယာ သမားများအား ဖမ်းဆီး အရေးယူ ထောင်ချခံနေရသည့် အခြေအနေများ ရပ်တန့်စေရေး အတွက် ယခုလ ၂၆ ရက်က ရန်ကုန်မြို့Home ခန်းမမှာ ပြည်တွင်း၊ ပြည်ပ မီဒီယာ အဖွဲ့အစည်းများ တွေ့ဆုံပြီး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) တွဲဖက် အတွင်းရေးမှူး ဦးသန်းဌေးက “လာမယ့် မေလ ၃ ရက်မှာ မီဒီယာသမားတွေကို ဖိနှိပ်နေတဲ့ အခြေအနေ၊ အစိုးရ အဖွဲ့က မီဒီယာနဲ့ ပတ်သက်လို့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေပွဲ တခု လုပ်မယ်။ မီဒီယာသမားတွေက လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ဖို့၊ ကန်ပိန်းတွေလည်း လုပ်ဆောင်မယ်လို့ သိရတယ်။ အဲဒီအဖွဲ့ကနေ မီဒီယာ အဖွဲ့အစည်းတွေ အချင်းချင်းကို ချိတ်ဆက် ပေးဖို့ပါ” ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့် သတင်းထောက်များ ပြန်လွှတ်ပေးရေး၊ မီဒီယာ ဖိနှိပ်မှုများ ရပ်တန့်ရေး၊ ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်း အချက်အလက် ရယူခွင့် ပေးရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့များတွင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
“အစိုးရ အနေနဲ့ မီဒီယာ လွတ်လပ်ခွင့်ကို ပြန်လည် ပေးခဲ့ပေမယ့် သတင်းသမားတွေကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး၊ တချို့ ကိစ္စတွေကို သူတို့ကို အရေးယူဖို့ လိုတယ် ဆိုတာတွေ ပြသချင်တဲ့ သဘောထားမျိုးတွေ ရှိနေတယ်၊ အဲဒါတွေကို ပြသချင်တဲ့ အတွက် လွိုင်ကော်မှာ သတင်းထောက်ကို ထောင်ချတယ်၊ Unity ဂျာနယ် ကိစ္စ ဖြစ်တယ်၊ အခုဆို ကိုဇော်ဖေ အမှုက ဖြစ်ခဲ့တာ ကြာပါပြီ၊ အခုမှ ထောင်ချလိုက်တာမျိုး တွေ့ရတယ်”ဟု မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီဝင်၊ မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ အဖွဲ့ဝင် တဦး ဖြစ်သည့် ဦးဇော်သက်ထွေးက ဆိုသည်။
Home တွင် ကျင်းပသည့် ဆွေးနွေးပွဲ အပြီးတွင် လက်ရှိ ကြုံတွေ့ နေရသည့် မီဒီယာ ဖိနှိပ်မှုမှုနှင့် မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးလာသည့် ကိစ္စရပ်များကို တာဝန်ခံ ဖြေရှင်း ဆောင်ရွက်မည့် ကော်မတီ တခု ဖွဲ့စည်းရန် သဘောတူညီခဲ့ကြောင်း သိရ သည်။ ယင်းအပြင် လာမည့် မေလ ၃ ရက် World Press Freedom Day တွင် မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲ တခု ကျင်းပ သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
“အဲဒီနေ့မှာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ရှိတဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပါမယ်။ တနိုင်ငံလုံးက လက်ခံနိုင်မယ့် မီဒီယာ ကျင့်ဝတ်ကို ကျနော်တို့ ရေးဆွဲ ပြီးပါပြီ၊ အဲဒီပွဲမှာ အတည်ပြုပါမယ်။ တိုင်းနဲ့ ပြည်နယ်က မီဒီယာသမား တရာကျော် တက်ရောက်မယ်။ နောက်ပြီး ဖမ်းဆီး ထောင်ချခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးပါမယ်”ဟု ဦးဇော်သက်ထွေး က ဆက်ပြောသည်။
အစိုးရက မီဒီယာသမားများ အပေါ် ဖမ်းဆီး အရေးယူ ထောင်ချသည့် လုပ်ရပ်များသည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက Eleven ဂျာနယ်မှ နယ်သတင်းထောက် နော်ခိုင်ခိုင်အေးချို(ခ)မခိုင်ကို အသရေ ဖျက်မှု၊ ပိုက်နက် ကျူးလွန်သည့် ပြစ်မှုများဖြင့် ထောင်ဒဏ် ၃ လ ချမှတ် ခဲ့သည်။
အလားတူ Unity ဂျာနယ်တွင် ပါရှိသည့် “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာချုပ်နှင့် တရုတ် ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတု လက်နက်စက်ရုံ” သတင်းဆောင်းပါး ရေးသားမှုကြောင့် Unity ဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုလူမော်နိုင် တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မ ၃/ ၁ (က) ၉ ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း၌ ထပ်မံ တရားစွဲဆို ခဲ့သည်။
ယင်းဖြစ်ရပ်များ အပြင် DVB သတင်းထောက် ကိုဇော်ဖေက အများပြည်သူ သိလိုသော ပညာသင်ဆု ဆိုင်ရာ သတင်းကို မကွေးမြို့နယ် ပညာရေးဌာနတွင် သတင်း ရယူခဲ့ခြင်း အပေါ် မကွေးမြို့နယ် ပညာရေး ဌာနက ဝတ္တရား နှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့နှင့် တရားလို ပြုကာ သတင်း ရယူခဲ့သည့် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် တရားစွဲဆို ခဲ့သည်။
တရားစွဲဆိုပြီး တနှစ်ခွဲကျော် အကြာ ယခုနှစ် ဧပြီလ ၇ ရက်တွင် ကိုဇော်ဖေတို့ကို မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး DVB မြန်မာပိုင်း သတင်းဌာန တာဝန်ခံ ဦးတိုးဇော်လတ်က “ကျနော်တို့ကတော့ ကျနော်တို့ သတင်းထောက် အတွက် တိုင်းတရားရုံး အထိ အယူခံဝင်ထားတယ်၊ သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ မီဒီယာ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်၊ အဖမ်းခံရတဲ့ သတင်းသမားတွေ ချက်ချင်း လွှတ်ပေးဖို့ မီဒီယာသမားတွေ ကန့်ကွက် ဆန္ဒပြ ကြတယ်၊ အဲဒီကိစ္စတွေမှာလည်း ကျနော်တို့ ပူးပေါင်း ပါဝင် သွားမှာပါ၊ မီဒီယာ ဖိနှိပ်မှုတွေ ရပ်တံ့အောင် အားလုံးနဲ့ ကျနော်တို့ ပူးပေါင်းသွားမှာပါ”ဟု ပြောဆိုသည်။
လာမည့် မေလ ပထမပတ် အတွင်း မကွေးမြို့ရှိ သတင်းထောက်များ စုပေါင်းပြီး ဖမ်းဆီးခံ သတင်းထောက်များ လွှတ်ပေး ရေး အတွက် ဆန္ဒ ဖော်ထုတ်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။