ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးနိုင်မည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကော်မတီများ ဖွဲ့စည်းပေးရေး တင်ပြသည့် အဆိုတခုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟုဆိုကာ ပယ်ချလိုက်မှုကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်ပြ အဆုံးအဖြတ်ခံယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
ဧပြီလ ၂၈ ရက်နေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက တိုင်းဒေသကြီး လွှတ်တော် အတွင်း ပြည်သူ့ငွေများ သုံးစွဲမှုကို စောင့်ကြည့်နိုင်မည့် ပြည်သူ့ငွေစာရင်း ကော်မတီ၊ ပြည်သူများ၏တိုင်ကြားစာ ကော်မတီ ၊ အစိုးရ၏ လွှတ်တော် တွင် ကတိပြုချက်များကို စောင့်ကြည့်မည့် ကော်မတီများ ဖွဲ့စည်း ပေးရန် တင်ပြခဲ့ပြီး ယင်းတင်ပြချက်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်နှင့် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း တို့က ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းအစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ” ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၆၇(က)အရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေဟာ ဥပဒေရေးရာနဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေလေ့လာတင်ပြရာမှာ လိုအပ်သည့် ကော်မတီနဲ့အဖွဲ့ တွေကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းနိုင်တယ်။ နောက် တိုင်း ဒေသကြီး ဥပဒေ ပုဒ်မ ၂၃မှာ လွှတ်တော် သည် ကာလသတ်မှတ်ချက်နဲ့ လွှတ်တော်စည်းဝေး တခုနဲ့ တခု ကြားမှာ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များကိုရွေးချယ်ပြီး ကော်မတီဖွဲ့နိုင်တာ ပါပါ တယ်။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တင်ပြတာဟာ ဥပဒေနဲ့ မညီပါဘူး ” ဟု လွှတ်တော်တွင် ပြောဆိုသည်။
ရန်ကုန်တိုင်းအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်း ကမူ ” တိုင်းဘတ်ဂျက်ကို သုံးစွဲတာမှာ စာရင်းစစ်ကစစ်ခံရပါတယ်။ ကန့်ကွက်တဲ့အပေါ်မှာလည်း ဖြုတ်ရတာတွေ ရှိပါတယ်။တိုင်ကြားစာနဲ့ ပတ်သတ်ပြီးလည်း လစဉ်ဖြေရှင်းပေးနေတာတွေရှိပါတယ်။ နောက်ဒီလိုဖွဲ့တာက ဖွဲ့စည်းပုံနဲ့မညီပါဘူး” ဟု ပြောဆိုကာ တိုင်းဒေသကြီး လွှတ်တော် ကော်မတီများ ဖွဲ့စည်းရေး အဆိုကို ကန့်ကွက်ခဲ့သည်။
နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လွှတ်တော် ရေးရာကော်မတီများ ဖွဲ့စည်းပြီး ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်ရေးရာကော်မတီများ ဖွဲ့စည်းခွင့်မရှိဟုဆိုကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ငြင်းပယ်လျက်ရှိကြောင်း ဒေါက်တာဒေါ်ညိုညိုသင်းက ထောက်ပြ ပြောဆိုသည်။
“အစိုးရအဖွဲ့က ဒီကော်မတီတွေဖွဲ့တာက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ တင်ပြလို့ ဖွဲ့ခွင့် မပေးဘူးဆိုရင် အခြေခံဥပဒေ ခုံရုံးကပဲ ဆုံးဖြတ်ပေးရပါမယ်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၁၆၇နဲ့ တိုင်းဒေသကြီး ဥပဒေပုဒ်မ ၂၃တို့ ဆန့်ကျင်တယ်၊ မဆန့်ကျင်တာက ခုံရုံးကပဲဆုံးဖြတ်ခွင့်ရှိတယ်။ အစိုးရက ဆုံးဖြတ်ခွင့် မရှိပါဘူး။ ဥပဒေချုပ် ကိုလည်း သဘောထား မှတ်ချက်တောင်းတာမှာလည်း သူကိုယ်တိုင်က အစိုးရနဲ့ သဘောထား မှတ်ချက်တူနေတာ စိတ်မကောင်း စရာပါပဲ “ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အနေဖြင့် လွှတ်တော် ငွေစာရင်း ကော်မတီများဖွဲ့စည်းခွင့် မပြုခြင်းမှာ အစိုးရ၏ အသုံးစရိတ် များ အပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ အစိုးရ၏ အာမခံချက် ၊ ကတိကဝတ်များကို စောင့်ကြည့်နိုင်သည့် ကော်မတီများကို ပြည်ထောင်စု အဆင့်တွင် ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း တိုင်းဒေသကြီး အဆင့်တွင် လက်မခံမှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဒေါက်တာဒေါ် ညိုညိုသင်းက လွှတ်တော် အပြီး သတင်းမီဒီယာများအား ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး တာမေ ွမဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်က လွှတ်တော်တွင် အစိုးရ အနေဖြင့် ကိုယ်စားလှယ်များ၏မေးခွန်းများ ဖြေဆိုပေးရုံဖြင့် မလုံလောက်ကြောင်း၊ ဖြေရှင်းပေးမည်ဟု ကတိ ကဝတ် များ ပေးထားသော်လည်း မဖြေရှင်းသေးဘဲ ကျန်ရှိနေသော အရေးကိစ္စများစွာ ရှိကြောင်းထောက်ပြ ပြောဆိုခဲ့သည်။
“လွှတ်တော်အနေနဲ့ ရေးရာကော်မတီတွေကို ဖွဲ့စည်းပေးသင့်ပါတယ်။ ခုဆိုရင်အစိုးရပိုင်းက လုပ်ဆောင် ပေးမယ် ဆိုတဲ့ကတိကဝတ်တွေဟာ လုပ်ဆောင်ဖို့လိုအပ်နေသေးပါတယ်။ ဒီတော့ ဒီလိုသာ လုပ်ခွင့်မရှိရင် လွှတ်တော် ရာဇဝင်ဟာ လွှတ်တော်သက်တမ်းတလျှောက်မှာ ရိုင်းတော့မှာဖြစ်လို့ စဉ်းစားပေးသင့်ပါတယ်”ဟု တင်ပြ ပြောဆိုခဲ့သည်။
ရန်ကုန်တိုင်း လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းရေး အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ငြင်းပယ်နေမှု အပေါ် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌမှတဆင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်သွင်းရေး တိုက်တွန်း ကြောင်း အဆိုတရပ် ထပ်မံ တင်သွင်းမည် ဖြစ်ကြောင်း၊ ထိုအဆို တင်သွင်းမှု ရှုံးနိမ့်ပါက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက လက်မှတ် ထိုးတင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။