ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်သွားသည့်အခါ မေးခွန်းထုတ်စရာ ရှိလာသည်မှာ အသွင်ကူးပြောင်းရေးကာလ Transitional Justice တွင် ရင်းနှီးပေးဆပ်ခဲ့ကြရသည့် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် စစ်အစိုးရ လက်ထက်တလျှောက် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူများ၏ နစ်နာချက်များကို လက်ရှိ အသွင်ပြောင်း အစိုးရအနေဖြင့် မည်သို့ ကုစား ဆောင်ရွက်ပေးမည်နည်း ဟူသော မေးခွန်းဖြစ်သည်။
Transitional Justice အရ ပြုပြင်ပြောင်းလဲရေး ကာလ၌ အမှန်တရားဖော်ထုတ်ခြင်း (True)၊ တရားမျှတမှု ရှာဖွေခြင်း (Justice)၊ ပြန်လည်ကုစားခြင်း (Reparation) နှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Institutional Reform) များ ပြုလုပ်ကြရသည်ဟု ဆိုသည်။
လက်ရှိ ပြုပြင်ပြောင်းလဲရေး ကာလတခု ဖြစ်ပေါ်လာအောင် ဆယ်စုနှစ်နှင့် ချီ၍ ကာယဒုက္ခ၊ စိတ္တဒုက္ခ မျိုးစုံကို အသက်နှင့်ပါ ရင်းကာ ပေးဆပ်ခဲ့ရသူများ၏ နစ်နာချက်များကို အသိအမှတ်ပြုပေးခြင်း၊ ဆုံးရှုံးနစ်နာမှုများအတွက် ထိုက်သင့်သည့် လျော်ကြေး ပေးအပ်ခြင်း၊ ဘဝပြန်လည် ထူထောက်ရေးအတွက် ဖန်တီးပေးခြင်း၊ စိတ်ဒဏ်ရာများကို ကုစားပေးခြင်းများကို စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ဟောင်းကြီးများ ကြီးစိုးသည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အလျဉ်း မမြင်ရသေးပေ။ အနိမ့်ဆုံးအဆင့် ပြန်လည်ကုစားခြင်း (Reparation) ကိုပင် ဆောင်ရွက်ပေးခြင်း မရှိပေ။ ယုတ်စွအဆုံး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် “နိုင်ငံရေးအကျဉ်းသား” ဟူသော အသုံးအနှုန်းကိုပင် သုံးစွဲရန် ကာလများစွာကြာအောင် တွန့်ဆုတ်နေခဲ့သည်။
မြန်မာပြည် အပြောင်းအလဲ Transitional Justice အတွက် အသက် အိုးအိမ် စည်းစိမ် ဆုံးရှုံးခဲ့သူများ၊ ဘဝ ပေးဆပ်ခဲ့သူများအတွက် လက်ရှိ အစိုးရအနေဖြင့် အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ ဦးဝင်းတင်၏ ဆုံးရှုံးမှုသည် ဤဖြစ်ရပ်များအတွက် ပြယုဂ်တခုဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသား ဦးကိုကိုကြီးကလည်း ထောက်ပြခဲ့သည်။
စစ်အစိုးရ အမှောင်ခေတ်ကို အံတုခဲ့ကြသူများ အနေဖြင့် အသက်နှင့်ရင်း၊ မိသားစု ဘဝပျက်၊ သေလောက်သည့် ဒဏ်ရာဒဏ်ချက် ရောဂါများ ရရှိကြရာတွင် တာဝန်မကင်းကြသူများမှာ လက်ရှိ အစိုးရအဖွဲ့အတွင်းတွင်ရော လွှတ်တော်ထဲတွင် ပြုပြင်ပြောင်းလဲရေး ဇာတ်ခုံပေါ်တက်ကာ လူလုံးပြနေကြဆဲ၊ ပြင်ပလောကတွင် အခြေမပျက် စည်းစိမ်အပြည့်ဖြင့် နေထိုင်ကြဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများဘဝ ပြန်လည် ထူထောင်ရေး၊ ဘဝပျက်ခဲ့ရသည့် မိသားစုများကို ကူညီရေးတွင် ဟံသာဝတီ ဦးဝင်းတင် ထူထောင်ခဲ့သော ဖောင်ဒေးရှင်းနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တည်ထောင်ထားသော အကူအညီပေးရေး အဖွဲ့များကသာ နိုင်ငံရေး အကျဉ်းသားများအား နှစ်သိမ့်ဆွေးနွေးအားပေးခြင်း၊ ဘဝထူထောင်ရေးအတွက် အကူအညီပေးခြင်းများ တနိုင်တပိုင် ဆောင်ရွက်နေသည်ကိုသာ တွေ့ရသည်။
စစ်မှန်သော အသွင်ကူးပြောင်းရေးကို သမ္မတ ဦးသိန်းစိန် အစိုးရက အကောင်အထည် ဖော်နေပါသည်ဆိုလျှင် နိုင်ငံရေး အကျဉ်းသားများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသော တိုင်းရင်းသားများကို အသိအမှတ်ပြုခြင်း၊ ဆုံးရှုံးနစ်နာခဲ့ရမှုများအတွက် တာဝန်ယူခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားနိုင်ရေး အကူအညီပေးခြင်းများ ဆောင်ရွက်သင့်သည်။ ဤလုပ်ဆောင်ချက်များ မပါဘဲ စစ်မှန်သော၊ ပြီးပြည့်စုံသော ပြုပြင်ပြောင်းလဲရေး ဖြစ်မည် မဟုတ်ပါ။
အမှောင်ခေတ်အတွင်း ရင်းနှီးပေးဆပ်ခဲ့ရသူများကို အသိအမှတ် မပြုသမျှ လက်ရှိအစိုးရအနေဖြင့်လည်း ပြည်သူလူထု၏ အသိအမှတ်ပြုမှုကို ရရှိလိမ့်မည် မဟုတ်ပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးတို့ အတွက်လည်း အထောက်အပံ့ ဖြစ်မည် မဟုတ်ပါ။
ဆယ်စုနှစ်များစွာ စစ်အာဏာရှင် အစိုးရကို အံတုခဲ့သည့်အတွက် ရလဒ်အားဖြင့် အကျဉ်းထောင်ထဲတွင် ၁၉ နှစ်မျှ ဒုက္ခခံခဲ့ရပြီး သေရာပါ ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သည့် ဟံသာဝတီ ဦးဝင်းတင်၏ ဖြစ်ရပ်က သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ရင်းနှီးပေးဆပ်ခဲ့ရသူများအပေါ် ပြန်လည် ကုစားထူထောင်မှုများ ရေရှည်စီမံကိန်းအနေဖြင့် လုပ်ဆောင်ပေးသင့်နေပြီဟု အချက်ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။