ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် ခေါင်းဆောင်တွေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကချင်လွတ်လပ်ရေး အဖွဲ့(KIO)က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းထံကို ဧပြီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ စာတစောင် ပေးပို့ လိုက်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ အကြောင်းကြားစာမှာ တွေ့ဆုံဆွေးနွေးမယ့် ရက်ကို မေလ ၁၀ ရက်နေ့ ရွေးချယ် ထားတယ်လို့ သိရပါတယ်။
KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် က “ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲသိပ်များလာတဲ့အခါ ဒီတိုက်ပွဲ တွေ ကြောင့် ကျနော်တို့ရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ဆွေးနွေးမှုမှာ တင်းမာမှုတွေဖြစ်လာနိုင်တယ်။ ကျနော်တို့ရဲ့ ပါဝင်မှု တွေကိုလည်း ပြန်စဉ်းစားဖို့လိုလာတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အရှိန်အဟုန်မပြတ်အောင် ကျနော်တို့က ဆွေးနွေးပွဲတွေ လုပ်ချင်တဲ့ သဘောဖြစ်ပါတယ်” လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သတင်းထောက်တွေနဲ့ ဧပြီလ ၂၉ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုပါတယ်။
မြစ်ကြီးနားမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှဝ် Mr. Vijay Nambiar ၊ တရုတ်သံတမန် Mr. Wang Yingfan ၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင် တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်းထားတဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ကို လေ့လာသူအဖြစ် ဖိတ်ကြား သွားမယ်လို့ သိရပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်းထားတဲ့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေး အဖွဲ့ (NCCT) တို့အကြား ဧပြီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ စစ်တပ်နဲ့ KIA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) ၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြားတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
အစိုးရ စစ်တပ် အနေနဲ့ ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ဆင်နွှဲနေတာက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ကြီးမားကျယ်ပြန့်တဲ့ မဟာ ဗျူဟာ မြောက် စစ်ဆင်ရေးကြီး ဆင်နွှဲတဲ့ အသွင်ဆောင်နေတယ်ဆိုပြီး ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြေညာချက်ထုတ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။
အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် KIO နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလအအတွင်းက တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပေမယ့် ထိရောက်တဲ့ သဘောတူ ဆုံးဖြတ်ချက်တွေတော့ မရရှိခဲ့ပါဘူး။
နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေး အမြင်သဘောထား ဖလှယ်ခြင်း၊ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမို အဆင်ပြေစေနိုင်လိမ့်မယ်လို့ KIO က ပေးပို့ထားတဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။