တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးနိုင်ဖို့အတွက် ရန်ကုန်မြို့မှာ အခုလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေး အဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲအပြီးမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး နှစ်ဘက်သဘောတူညီချက် မူကြမ်း (Single Text) ရရှိဖို့အတွက် မေလ ပထမအပတ်မှာ ထပ်မံတွေ့ဆုံကြမယ်လို့ ထုတ်ပြန်ထားကြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဒီလ ၂၈ ရက်နဲ့၂၉ ရက် နှစ်ရက်ဆက်ပြုလုပ်တဲ့ NCCT အစည်းအဝေးအပြီးမှာတော့ နှစ်ဘက် တွေ့ဆုံမယ့် ရက်ကို ရက်ရွှေ့လိုက်ပါတယ်။ ဘာကြောင့် ရက်ရွှေ့လိုက်ရလဲ။ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေအကြားမှာ ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေလဲ ဆိုတာကို NCCT အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ဦးနိုင်ဟံသာ ကို ဧရာဝတီ သတင်းထောက် ကျော်ခ က မေးမြန်း ဖော်ပြလိုက်ပါတယ်။
မေး။ ။ နှစ်ရက်ကြာ ပြုလုပ်တဲ့ NCCT အစည်းအဝေးက ဒီနေ့ ပြီးသွားပြီဆိုတော့ ဘာတွေများ ဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချဖြစ်ကြလဲ။
ဖြေ။ ။ အရင်တွေ့ဆုံခဲ့တဲ့ အနေအထားအရပေါ့ဗျာ။ အရေးကြီးတဲ့ အပိုင်းမှာ တော်တော်လေးကို တစ်ဆို့မှုအပိုင်းတွေရှိနေတယ်လို့ ကျနော်တို့က ခံယူတယ်။ တစ်ဆို့မှု ရှိပေမယ့်ပေါ့ဗျာ။ ဒါကတော့ ဆက်လက်ပြီးတော့ တွေ့ဆုံသွားရမယ်။ မေးမြန်းသွားရမယ်၊ ဆွေးနွေး သွားရမယ် ဆိုတဲ့ သဘောထားတော့ ရှိပါတယ်။
မေး။ ။ ခုနပြောပြောနေတဲ့ အရေးကြီးတဲ့ အပိုင်းမှာ တစ်ဆို့မှုတွေ ရှိတယ်ဆိုတာတွေက ဘယ်လိုတစ်ဆို့မှုတွေလဲ ခင်ဗျ။
ဖြေ။ ။ တစ်ဆို့မှုတွေကတော့ အစိုးရဘက်က အဓိကပြောရမယ်ဆိုရင် ဒါအန်ကယ်တို့ဘက်က အခြေခံလိုအပ်ချက်ဖြစ်တဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့အပိုင်းလေ။ အဲဒါ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အစိုးရနဲ့ ဆွေးနွေးတာ ဟိုဘက်က လက် မခံဘူးဗျ။ နောက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကိုလည်း သူတို့ဘက်က လက်မခံဘူး။ ဒါက ကြီးမားတဲ့ အန်ကယ်တို့ဘက်က တောင်းဆိုမှုကို သူတို့ဘက်က လက်မခံတာ။
နောက်သူတို့ဘက်က တင်ပြတဲ့အထဲမှာ အခုလောလောဆယ်အားဖြင့်ပေါ့ဗျာ။ သူတို့ဆွေးနွေးတဲ့နေရာမှာ စစ်တပ်ဘက်က တင်ပြ တာကတော့ သူတို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားချက်ပေါ့ဗျာ။ တပြည်လုံး အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ဖို့က အန်ကယ်တို့ဘက်က ဒီအချက် ၆ ချက်ကို လက်ခံရမယ်ပေါ့ဗျာ။ အဲဒီအချက် ၆ ချက်မှာ အဓိက ခက်နေတဲ့ အချက်တွေကတော့ နံပါတ် ၅ အချက်နဲ့ နံပါတ် ၆ အချက်ပေါ့။
နံပါတ် ၅ ထဲမှာကတော့ လက်ရှိတည်ဆဲဥပဒေတွေကို အန်ကယ်တို့ဘက်က တော်လှန်ရေးအင်အားစုတွေအားလုံးက ပြည့်ပြည့်ဝဝ လက်ခံရမယ်လို့ ဆိုထားတယ်ဗျ။ အဲဒီတော့ တည်ဆဲဥပဒေဆိုတာ အစိုးရဘက်က ပြဌာန်းထားတဲ့ ဥပဒေ ဖြစ်တယ်။ အန်ကယ်တို့ဘက်က အစိုးရရဲ့ လှုံ့ဆော်မှုတွေကို လက်မခံလို့ ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုပဲဗျာ။ ဒါကို အပြည့် အဝ လက်ခံရမယ် ဆို တော့ အန်ကယ်တို့ တော်လှန်နေတာ အဓိပ္ပာယ်မရှိတော့ဘူး။ နိုင်ငံရေးအရ လက်နက်ချလိုက်တဲ့ ပုံစံမျိုး ဖြစ်သွားမယ်ဗျ။ ဒါကတော့ မဖြစ်နိုင်တဲ့ ကိစ္စလေ။ အဲဒါကြောင့် ဒါကမဖြစ်သင့်ဘူး။ သဘာဝမကျဘူး။ နှစ်ဘက်ညှိနှိုင်းတယ် ဆိုတာ ကိုယ်အပေါ်စီး ရထားတဲ့ဟာကို တဘက်က ကိုယ့်အောက်ကို လာဝင်ခိုင်းဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်လို့ မရဘူး။ အဲဒါက တချက်။
နောက်တချက်က အန်ကယ်တို့ကို ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရမယ်လို့ ပြောထားတယ်ဗျ။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီးတော့မှ ပြင် ဆင်ခွင့်ပေးထားတဲ့ မူအရပေါ့ဗျာ။ အဲဒီမှာ အများဆန္ဒနဲ့ ပြင်ဆင်သွားရမယ်ဆိုတဲ့ အပိုင်းလေ။ အဲဒီ့ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာကတော့ ဒီမိုကရေစီ မဆန်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ စစ်မှန်တဲ့ ပြည်ထောင်စုမဟုတ်တဲ့ တပြည်ထောင်စနစ်ကို အကောင်အထည် ဖော်နေတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို တဘက်က အကာအကွယ်ပေးထားတယ်ဗျာ။
အဲဒီ့ဖွဲ့စည်းပုံကို တဘက်က ဖွင့်ပေးထားတဲ့ ဘောင်ကနေပြင်ရမယ်ဆိုတဲ့ဟာက ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်ဗျာ။ အဲဒီ့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်ဆိုတဲ့ ဟာကလည်း တဘက်က ကြံ့ဖွံ့ ပါတီက လွှမ်းမိုးထားတဲ့ အနေအထားမျိုး။ တဘက်ကလည်း စစ်တပ်က ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို အပြည့်အဝ ချုပ်ကိုင်ထားတဲ့ အနေအထားမျိုး အဲတော့ ပြင်ဖို့မလွယ်တဲ့ အနေအထားမျိုးတွေဖြစ်နေတယ်ဗျ။ ဒါကတော့ အများလည်းသိပါတယ်။ အဲဒါကို အန်ကယ်တို့က လက်ခံပြီးတော့မှ အဲဒီ့အတိုင်း လုပ်သွားရမယ်ဆိုတဲ့ ဟာကတော့ မဖြစ်နိုင်တဲ့ အနေအထားပဲဗျ။ ဒါကတော့ တန်းတူညီမျှမှု မရှိနိုင်တဲ့ အနေအထားမျိုး၊ အန်ကယ်တို့ကို နိုင်ငံရေးအရ လက်နက်ချခိုင်းတဲ့ အနေအထားမျိုး အဲလိုပုံစံမျိုးတွေ ဖြစ်နေတယ်။
နောက်ပြီးတော့ အန်ကယ်တို့တောင်းဆိုထားတဲ့ ကျနော်တို့ နိုင်ငံမှာ စစ်အာဏာသိမ်းပြီးတော့ ဒီကနေ့အထိ စစ်တပ်ကနေပြီးတော့ လူတဦး၊ လူတစုကနေပြီးတော့ ချုပ်ကိုင်နေတဲ့ စစ်တပ်မျိုးဖြစ်နေတယ်။ အဲဒါကို ပြည်ထောင်စုတပ်မတော် အသွင်ဆောင်တဲ့ လူမျိုးပေါင်းစုံ ပါဝင်တဲ့ ပုံစံမျိုးနဲ့ ပြုပြင်ဖို့လိုတယ်ဆိုတဲ့ အပိုင်းပေါ့ဗျာ။ အန်ကယ်တို့ ဒီလိုတောင်းဆိုတဲ့ အနေအထားမှာ သူတို့ဘက်က တမျိုးထုတ်ပြန်လာတယ်ဗျ။ သူတို့ဘက်က နိုင်ငံရေး အရမဆွေးနွေးခင်မှာ လုံခြုံရေးဆိုင်ရာ အင်အားစုအားလုံးရဲ့ အသွင်ပြောင်းမှုကို သူတို့က ဆွေးနွေးချင်တယ်။ သူတို့က ပုံစံချချင်တယ်။ အဲဒီပုံစံမျိုးကို သူတို့က Frame Work ဆွဲတဲ့နေရာမှာ တင်ပြထားတဲ့ သဘောထားရှိတယ်။ အဲဒါမှာလည်း အန်ကယ်တို့ဘက်က လက်ခံလို့ မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒါတွေပဲပေါ့ဗျာ အဓိက အခြေအနေက ကွဲပြားနေတာ။
မေး။ ။ ဒီလ အစောပိုင်း ရန်ကုန်မှာတွေ့ခဲ့ကြတဲ့ ဆွေးနွေးပွဲအပြီးမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (Single Text) မူကြမ်း နှစ်ဘက် သဘောတူညီချက် ရရှိရေး ထွက်အောင် မေလ အစောပိုင်းမှာ ထပ်တွေ့ပြီး ဆွေးနွေးကြမယ်လို့ ပြောထားတာ ရှိတော့ အဲဒီကိစ္စက ဘယ်တော့ ဆွေးနွေးဖြစ်မလဲ။
ဖြေ။ ။ အန်ကယ်တို့ ရည်ရွယ်ထားတာကတော့ မေလ တတိယပတ် အကုန်လောက်မှာပေါ့။ အနီးစပ်ဆုံး နှစ်ဘက်အားလပ်တဲ့ နေ့ရက်ကို ရွေးပြီးတော့မှ တွေ့ကြဖို့ပေါ့ဗျာနော်။ NCCT အဖွဲ့အပြည့်တော့ မဟုတ်ဘူးဗျ Single Text (မူကြမ်း) ရေးဆွဲတဲ့ အဖွဲ့နဲ့ တွေ့ကြမှာပါ။ ပဒိုကွယ်ထူးဝင်းပဲ ဦးဆောင်မှာပါ။
မေး။ ။ အစိုးရနဲ့ အန်ကယ်တို့ အကြားမှာ ခုနပြောတဲ့ တစ်ဆို့နေတယ်ဆိုတဲ့ အခြေအနေတွေကလည်း ရှိနေတယ်ဆိုတဲ့ အခါကြ တော့ ဆွေးနွေးမှုတွေက တိုးတက်မှုဘက်ကို ဦးတည်နိုင်ပါ့မလား။ ဒီအတိုင်းဆိုရင် အစိုးရဘက်က သဘောထားကလည်း မလွယ်ကူ တဲ့ အနေအထားမျိုးဖြစ်နေတယ် ဆိုတော့လေ။
ဖြေ။ ။ ဟုတ်တယ်။ မလွယ်ဘူးဆိုတာ အန်ကယ်တို့လည်းသိတယ်။ အဲဒါကို အစိုးရဘက်က ဒီအတိုင်းပဲ တင်းခံနေမလား၊ ဒါကို အပြောင်းအလဲ လုပ်နိုင်မလား ဆိုတဲ့ဟာသိဖို့ လိုအပ်တယ်လေ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားကို အန်ကယ်တို့ သွားပြီး ဆွေးနွေး ညှိနှိုင်းမှာပါ။ ။