ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၂၀၁၃ -၂၀၁၄ ခုနှစ် အခွန် ဘဏ္ဍာငွေ ကောက်ခံ ရရှိမှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ကျပ် ဘီလီယံ ၂၀၀ နီးပါး ပိုမို ကောက်ခံနိုင်ခဲ့ကြောင်း သိရသည်။
“၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ လျာထားတာထက် ပိုပြီး ၁၂၅ ရာခိုင်နှုန်းကျော် ပိုကောက်ခံ နိုင်ခဲ့ပါတယ်၊ စနစ်တကျ ကောက်ခံ နိုင်ဖို့ တရားမဝင် ကုန်သွယ်မှု ပပျောက်ဖို့လည်း ဆောင်ရွက်နေပါတယ်၊ လက်ရှိမှာ အခွန် ဦးစီးမှူးတွေနဲ့လည်း ပေါင်းစည်းပြီး ပွင့်လင်း မြင်သာစွာ ကောက်ခံနိုင်ဖို့ အတွက် လုပ်ဆောင် နေပါတယ်၊ အခုပြောင်းလဲလာတဲ့ ဝင်ငွေခွန် အရ အခွန်ငွေ တိုးတက် ကောက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ဖြေကြား သည်။
ဧပြီ ၂၉ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး ပဉ္စမမြောက်နေ့တွင် အခွန် ကောက်ခံမှု ဆိုင်ရာနှင့် ပတ်သက်ပြီး ဒေါပုံမြို့နယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းစိန်က တိုင်းဒေသကြီး အစိုးရ၏ ကောက်ခံရရှိမှုနှင့် ပတ်သက်ပြီး မေးမြန်းမှု အပေါ် ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။
တိုင်းဒေသကြီးမှ ကောက်ခံ ရရှိသည့် ငွေကြေးမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အဆင့် အခွန်ဦးစီး ဌာနများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် စည်ပင်သာယာရေး အဖွဲ့များမှ ကောက်ခံ ရရှိငွေများ ပါဝင်ကြောင်း သိရသည်။
“အခွန်တွေက တိုးလာပေမယ့် လိုငွေက တနှစ်ထက် တနှစ် ပိုများလာတယ်၊ ဒီမှာ တောင်းယူတာမှာ တိကျတဲ့ စာရင်းပြတဲ့ အဖွဲ့စည်းက နည်းတယ်၊ ဆောက်လုပ်ရေးပဲ တိကျစွာ ပြတယ်၊ စည်ပင်က ခေါင်းစဉ်ခွဲတွေနဲ့ ထားတယ်၊ စည်ပင်ရဲ့ သာမန် သုံးငွေဆို ၄ ဘီလီယံ နီးပါး သုံးတယ်၊ ဒါပေမယ့် သုံးတာ အသေးစိတ် မပြဘူး”ဟု တိုင်းဒေသကြီး လွှတ်တော် ဒေါ်ညိုညိုသင်းက ပြောသည်။
၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အတွင်း အခွန်ဦးစီးဌာန ကောက်ခံမှု လျာထားချက် ကျပ် သန်းပေါင်း ဘီလီယံ ၅၀၀ ကျော် ကောက်ခံရရှိမည်ဟု လျာထားရာတွင် ကျပ်သန်းပေါင်း ဘီလီယံ ၆၀၀ ကျော် ကောက်ခံ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။
အခွန်ကောက်ခံမှု ဆိုင်ရာနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည့် ဦးသောင်းစိန်က “သူတို့က ပြောရင် ကိန်းဂဏန်းတွေ ဖတ်ပြ တယ်၊ ဟိုခေါင်းစဉ် ဒီခေါင်းစဉ်တွေ ပြောတယ်၊ တိကျစွာ နားလည်အောင် မပြောဘူး၊ စစ်ဖို့မှာလည်း ပြည်သူ့ငွေစာရင်း ကော်မတီ ဖွဲ့ခွင့်မပေးဘူး၊ မေးတာက အခွန် ထမ်းဆောင်တဲ့လူ ဘယ်လောက် ရှိတယ်၊ မထမ်းတဲ့လူ ဘယ်သူ ရှိတယ် ဆိုတာကို မဖြေသွားဘူး၊ နောက် စာရွက်တောင်းလဲ မပေးတော့ ကိုယ်စားလှယ်တွေက ထောက်ပြလို့ မရဘူး”ဟု ပြော သည်။
ငွေစာရင်း ကော်မတီဖွဲ့ကာ ဘဏ္ဍာငွေကြေး အမှန်တကယ် ရရှိငွေ၊ သုံးစွဲပါက လိုငွေ မည်မျှ ဖြစ်မည်ကို တိကျစွာ စစ်ဆေး ရန် လိုအပ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခွင့်ကို လွှတ်တော်မှ ခွင့်မပြုထားသည့် အတွက် အစိုးရ၏ သုံးစွဲငွေမှာ မေးခွန်း ထုတ်စရာများနှင့် ပြည့်လျက် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ပြည်တွင်း ထွက်ကုန် အပေါ် ကောက်ခံသည့် အခွန်အခ ကောက်ခံမှုများလည်း ယခင်နှစ်ထက် တိုးတက်လျက် ရှိပြီး ထုတ်ပြန်ချက် အရ ၂၀၁၂ ခုနှစ်ထက် ကျပ် ၆ ဘီလီယံ ပိုမို ရရှိထားကြောင်း သိရသည်။
၂၀၁၃ နှစ်တွင်၂၀၁၂ ခုနှစ်ထက် ကျပ်သန်းပေါင်း ဘီလီယံ ၂၀၀ နီးပါး ဘဏ္ဍာငွေ တိုးမြှင့် ကောက်နိုင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဘတ်ဂျက် လိုငွေပြမှုမှာ ၆၁ ဘီလီယံ အထိ ရှိခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ပြောသည်။
ယခုကဲ့သို့ လိုငွေ ပိုတိုးလာသည့် အပေါ် လွှတ်တော် အမတ်များက ဝေဖန်လျက် ရှိပြီး ပွင့်လင်းမြင်သာမှု မရှိသည့် သုံးစွဲမှု၊ ရရှိမှု အပေါ် ငွေစာရင်း ကော်မတီ ဖွဲ့စည်း စစ်ဆေးရန် လွှတ်တော်အမတ် ၇ ဦးမှ အဆို တင်သွင်း ခဲ့သော်လည်း ယင်း အဆိုကို လွှတ်တော်မှ အစိုးရ အဖွဲ့၏ သဘောအတိုင်း ဖွဲ့ခွင့်မပေးဘဲ ပယ်ချခဲ့သည်။