ဓနိမိုး ဝါးထရံကာ ဆောက်တည်ထားတဲ့ မြေစိုက်တဲ နိမ့်နိမ့်လေးထဲကို ခေါင်းငုံ့ ဝင်လိုက်တယ် ဆိုရင်ပဲ မညီမညာ ခင်းထားတဲ့ ဝါးကြမ်းပြင်ပေါ်မှာ ခပ်နွမ်းနွမ်း အနောက်တိုင်း ကုတ်အင်္ကျီ မည်းနက်နက်ကို ဝတ်ဆင်ထားပြီး ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ အသက် ၇၀ ကျော် အရွယ် အဘွားငဲ့ကို တွေ့ရပါတယ်။
မဖြီးမလိမ်းတာကြောင့် ထိုးထိုးထောင်ထောင် ရှုပ်ပွနေတဲ့ သူ့ရဲ့ ဆံနွယ်တွေကြားထဲမှာ ဆံပင်ဖြူဖြူဖွေဖွေး တွေလည်း တိုးထွက်နေ ပါတယ်။ ဆံပင်ဖြူဖြူတွေက အဘွားငဲ့ရဲ့ ဇရာကို ပြနေတယ် လို့ပဲ ပြောရမှာပါ။ ပါးရေ၊ နားရေတွေ တွန့်နေတဲ့ အဘွားငဲ့ရဲ့ မျက်နှာက ယုံကြည်ချက်တွေ ပျောက်ဆုံး ညှိုးနွမ်းနေပြီး မျက်ဝန်းတွေကလည်း တောက်ပမှု ကင်းမဲ့နေပါတယ်။
အခု သူ ရောက်နေတဲ့ နေရာကတော့ ထိုင်း-မြန်မာ နယ်စပ် လွယ်တိုင်းလျန်း တောင်ကုန်းပေါ်က ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ဗဟိုဌာနချုပ်က ပေးထားတဲ့ ဒုက္ခသည် စခန်းထဲက တဲလေး တခုထဲ မှာ ဖြစ်ပါတယ်။ ဒီ ဒုက္ခသည် စခန်းကို သူ ရောက် လာတာ ၉ နှစ်ပဲ ရှိသေးတယ်။ ဒါပေမယ့် နေရပ်ရင်းကိုစွန့်ခွာပြီး စစ်ဘေးရှောင်ဒုက္ခသည် အဖြစ်နဲ့ ပုန်းရှောင်နေရတာ ကတော့ နှစ် ပေါင်း ၄၀ ကျော် ရှိပါပြီ။
“သေနတ်သံတွေ ကြားနေရရင် စိတ်က ဘယ်လိုမှ မချမ်းသာဘူး၊ လူအိုဆိုတော့ ကြောက်ရွံ့နေရတယ်၊ အဲဒီလို သေနတ်သံတွေ ကြားရင် စိတ်တွေ ရှုပ်ထွေးပြီး ကရောက်ကရက်တွေ ဖြစ်တယ်” လို့ အဘွားငဲ့က စစ်ပွဲတွေကို စိတ်ပျက်နေတဲ့ အသံနဲ့ ညည်းပါတယ်။
သူ့ရဲ့ သက်တမ်း တဝက်လောက်အတွင်းမှာ သေနတ်သံတွေ၊ ဗုံးဆံတွေကြား၊ ထမင်း ငတ်တလှည့်၊ ပြတ်တလှည့်၊ ခြေသလုံး အိမ် တိုင် ဘဝနဲ့ စစ်ပြေးဒုက္ခသည်အဖြစ် သားသမီးတွေနဲ့ အတူ အသက်လု ပြေးလွှားခဲ့ရတော့ သေနတ်သံတွေ၊ ဗုံးသံတွေကို ကြောက် ရွံ့ နေပုံရပါတယ်။ စစ်ပွဲတွေ အတွင်း ကြုံတွေ့ခဲ့ရတဲ့ ခါးသီးတဲ့ ကြမ္မာဆိုးတွေ အကြောင်းကိုလည်း ပြန်လည်ပြောပြချင်ပုံ မရပါ။
ဒါပေမယ့် စစ်ပွဲတွေ ကြားထဲမှာ ပြေးလွှားခဲ့ရတဲ့ အဲဒီ့ အနိဋ္ဌာရုံ မြင်ကွင်းတွေဟာ အသက်အရွယ် အိုမင်းလာပြီ ဖြစ်တဲ့ သူ့ရဲ့ စိတ် ကို အိမ်မက်ဆိုး တခုလို မကြာခဏ ခြောက်လှန့်ခံနေရတယ် လို့ ဆိုပါတယ်။
ဇရာကြောင့် ထိုင်ရာက ထဖို့တောင် အခက်အခဲကြုံနေပြီ ဖြစ်တဲ့ အဘွားငဲ့ရဲ့ ခြေထောက် တဘက်ကလည်း ကြံ့ခိုင်မှု မရှိတော့ပါဘူး။ ဒီအရွယ်ကြီး ကျမှ စစ်ပွဲတွေကြားမှာ အသက်လုပြီး နောက်ထပ် ပြေးလွှားဖို့ လုံး၀ မဖြစ်နိုင်လောက်အောင် သူ့မှာ အားအင် တွေ ကုန်ခမ်း နေပါပြီ။
အဘွားငဲ့ရဲ့ ဇာတိက ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ် အနောက်ဘက် မိုင်းပန်မြို့နယ်ထဲမှာရှိတဲ့ တောင်တန်းတွေပေါ်က ကျေးရွာလေးမှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။
အဘွားငဲ့တို့ ဒေသဟာ သူ ငယ်ရွယ်စဉ်ကတည်းက မြန်မာအစိုးရ စစ်တပ်အပါအဝင် တရုတ်ဖြူတပ်၊ ရှမ်းတော်လှန်ရေး တပ်တွေ၊ ဘိန်းဘုရင် ဦးခွန်ဆာတပ်ဖွဲ့တွေ၊ “ဝ” တပ်ဖွဲ့တွေ လှုပ်ရှားခဲ့ကြတဲ့နေရာ ဖြစ်တဲ့အတွက် နယ်မြေတည်ငြိမ်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“အဆိုးဆုံးကတော့ ဗမာ စစ်တပ်ပဲ၊ အိမ်ပေါ်ကို တက်လာတယ်၊ စားစရာသောက်စရာတွေ အကုန် ယူတယ်၊ တန်းမှာလှမ်းထားတဲ့ ပုဝါက အစ ယူတယ်၊ တောင်းပန်တာ မရဘူး၊ ဒီရွာမှာ သူပုန် ရှိလား ဆိုပြီး ရွာသားတွေကို ရိုက်နှက်တယ်၊ နောက်ဆုံး ရွာပါမီးရှို့တော့ ထွက်ပြေးခဲ့ရတယ်” လို့ အဘွားငဲ့က ရှင်းပြပါတယ်။
နောက်ဆုံး မိသားစုနဲ့ အတူ အသက်ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်း က တောင်တန်းတွေပေါ်မှာ ခြေသလုံး အိမ်တိုင် ဘဝနဲ့ အသက်ရှင်လာခဲ့ရတယ် လို့ ဆိုပါတယ်။
စစ်ဘေးရှောင် ကာလမှာပဲ အားထားရတဲ့ ခင်ပွန်းဖြစ်သူ ရောဂါနဲ့ ဆုံးသွားခဲ့ရသလို သားအကြီး ဖြစ်သူလည်း ရောဂါနဲ့ ဆုံးပါး သွားခဲ့ပါတယ်၊ သူ့အတွက် ဆုံးရှုံးမှုများထဲမှာ နောက်ထပ်ပေါင်းဆင့် လာတဲ့ ဆုံးရှုံးမှုတွေပဲ ဖြစ်ခဲ့ရပါတယ်၊ နောက်ပိုင်းမှာ နယ်မြေ အတွင်း တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွား နေတာကြောင့် ၂၀၀၄ ခုနှစ်မှာ လွယ်တိုင်းလျန်းမှာ လာရောက်ခိုလှုံခဲ့ကြတာ လို့ ဆိုပါတယ်၊
အဘွားငဲ့ အနားမှာတော့ အသက် ၄၀ ကျော်အရွယ် အိုက်စိုင်း ဆိုတဲ့ သားတယောက် ရှိပါသေးတယ်။ ဒါပေမယ့် သူကလည်း ခါးနာထားတဲ့ ဒဏ်ရာကြောင့် အမေအိုကို ထမင်းဟင်း ချက်ကြွေးတာက လွဲရင် ဝင်ငွေရနိုင်မယ့် တခြားအလုပ် တခုခု လုပ်လို့ မရဘူး ဖြစ်နေပါတယ်။
“ကျနော်လည်း အမေ့ကို လုပ်ကြွေးချင်တယ် လေ၊ ကိုယ့်ရောဂါနဲ့ ကိုယ် ဆိုတော့ အလုပ်ကြမ်းတွေ မလုပ်နိုင်ဘူး၊ ဒီ ဒုက္ခသည် စခန်းမှာက လတိုင်း ဆန် ထောက်ပံ့တယ်၊ ထိုင်းမှာ အလုပ် သွားလုပ်နေတဲ့ သားက ပိုက်ဆံပို့ပေးတယ်၊ ဒါနဲ့ပဲ စားနေကြရတာပေါ့” လို့ ကိုအိုက်စိုင်းက ပြောပါတယ်။
စစ်ပွဲတွေကြောင့် အဘွားငဲ့ အပါအဝင် သူ့သားနဲ့ မြေးတွေအထိ မျိုးဆက် ၃ ဆက်အထိ စာသင်ကြားခွင့် မရခဲ့ကြပါဘူး။ မြေးတချို့
ကတော့ လွယ်တိုင်းလျန်း ဌာနချုပ်မှာ ရှိတဲ့ စာသင်ကျောင်းမှာ စာသင်ခွင့် ရပေမယ့် စားဝတ်နေရေး အခြေအနေကြောင့် ထိုင်း ဘက် ကို သွားပြီး အလုပ်လုပ်နေကြရ ပါတယ်။
သူ့ရဲ့ စိတ်ကူးအိမ်မက်တွေထဲမှာ သူ စာမတတ်ပေမယ့် သားတွေ၊ မြေးတွေကိုတော့ ပညာတတ်တွေ၊ ကျောင်းဆရာတွေ၊ ဆရာဝန် တွေ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့အချိန်မှာ ဝမ်းရေးထက် တခြား ဘာကိုမှ ဦးစားပေး လုပ်ဆောင်ဖို့ အတွက် မဖြစ်နိုင်သေးဘူး ဆိုတာကိုလည်း သူလက်ခံထားရ ပါတယ်။
အခုဆိုရင် သူ့မြေးတွေကနေ မြစ်တွေ ထပ်ရလာပြန်ပါပြီ။ သူ့မြစ်တွေကိုလည်း သူချစ်ပါတယ်။ သူတို့ အလှည့်ကျရင်တော့ စာတတ် အောင်လို့ ကျောင်းထားပေးချင်တယ် ဆိုတဲ့ ဆန္ဒဖြစ်လာပြန် ပါတယ်။ ဒါပေမယ့် သူ့သားတွေ၊ မြေးတွေတုန်းကလို မသေချာတဲ့
အခြေအနေတွေနဲ့ ကြုံမှာ ကိုလည်း စိုးရိမ်နေရှာပါတယ်။
လက်ရှိ အချိန်မှာ SSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေ ကြတယ် ဆိုတာ ကိုတော့ အဘွားငဲ့ မသိသေးဘူးလို့ ဆိုပါတယ်။ သားဖြစ်သူ ကိုအိုက်စိုင်း ကတော့ စခန်းထဲမှာ သူများတွေပြော နေသံတွေကိုတော့ ကြားတယ် လို့ ဆိုပါတယ်။
“ဟိုးရွာမှာနေတုန်းက အဘွားမှာ မောင်နှမ ၄ ယောက် ရှိတယ်လေ၊ ရွာက ထွက်လာပြီးကတည်းက ဆွေးမျိုးတွေနဲ့ ပြတ်သွားတာ အခုအချိန်ထိပဲ၊ ပြန်တွေ့ချင် သေးတယ်လေ။၊ ရွာက ထွက်လာတာက ၄၅ နှစ် တောင် ရှိပြီဆိုတော့ တချို့လည်း ရှိပါဦးမလား မသိ ဘူး” လို့ ဆိုပြီး အဘွားငဲ့က ဆွေမျိုးတွေကို သတိတရ ပြောပါတယ်။
တိုက်ပွဲတွေ ငြိမ်းချမ်းသွားရင် သံလွင်မြစ် အနောက်ဘက် ခြမ်းမှာ ရှိတဲ့ နေရပ်ရင်း ရွာကိုပြန်ပြီး သားတွေ၊ မြေးတွေ၊ မြစ်တွေနဲ့ တောင်ယာစိုက်ပြီး အေးအေးချမ်းချမ်း နေချင်တယ် လို့ အဘွားငဲ့က ဆိုပါတယ်။ အဲဒီလို ပြန်နိုင်ရင် ကွဲကွာခဲ့ရတဲ့ ဆွေမျိုးတွေနဲ့ ပြန်ဆုံတွေ့ လိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတယ် ဆိုတာကို သိရ တော့ အဘွားငဲ့ မျက်လုံးတွေ လင်းလက်သွားပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးက ရှေ့မတိုး နောက်မဆုတ်နဲ့ လိမ်ဖယ်၊ လိမ်ဖယ်ဖြစ်နေတဲ့ အကြောင်း သူသိရင် ဘယ်လိုများ ဖြစ်သွားဦးမလဲ လို့ စဉ်းစားမိပါသေးတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား အပစ်အခတ် ရပ်စဲရေး ပဏာမ လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာတောင် တိုက်ပွဲတွေက အကြိမ်ပေါင်း ရာချီပြီး ဖြစ်နေဆဲပါ။
မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်နေပေမယ့် ငြိမ်းချမ်းရေး အတွက် ရေရေရာရာ မရှိသေးပါ။ မရေရာသေး တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ အောက်မှ အဘွားငဲ့ရဲ့ အိမ်ပြန်ချိန် မျှော်လင့်ချက်လေး ဟာလည်း ဒုက္ခသည် စခန်းလေးထဲက ချည့်နဲ့နဲ့ တဲငယ်လေးထဲမှာ မီးစာကုန်ဆီခန်းတဲ့ အထိ မွန်းကြပ်နွမ်းလင့် နေဦးမယ် ထင်ပါရဲ့။ ။