ရန်ကုန်သို့ အကြမ်းဖက်သမားများ ဝင်ရောက်ရန် ကြံစည်နေမှုကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) က ဖော်ထုတ်နိုင်ခဲ့သည် ဆိုသည့် သတင်း မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ငြင်းဆိုလိုက်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ပြုလုပ်ရန် ပါကစ္စတန်နိုင်ငံမှ အစွန်းရောက် အဖွဲ့တချို့က ကြံစည်ထားခြင်းကို အင်တာပိုလ်က ဖော်ထုတ်နိုင်ခဲ့သည်ဟု ပြည်တွင်းထုတ် ဒီမိုကရေစီ တူဒေး သတင်းစာက ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုးကားထားသည့် သတင်း ဖော်ပြချက်သည် မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာန က ငြင်းဆိုခြင်း ဖြစ်သည်။
“အင်တာပိုလ်က မပေးတဲ့ သတင်းကို အင်တာပိုလ်က ပေးတယ်ဆိုပြီး ထည့်ရင်တော့ ကျနော်တို့ နိုင်ငံအတွက် ပြဿနာ အများကြီး ရှိတယ်။ အင်တာပိုလ် Channel က ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ တိုက်ရိုက် မဆိုင်ဘူး။ နိုင်ငံတကာ ရဲအဖွဲ့ ဖြစ်တဲ့အတွက် ကျနော် တို့ ရဲနဲ့ပဲ ဆိုင်တာ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးကြီး အောင်ဌေးမြင့်က ဧရာဝတီသို့ ပြောသည်။
အင်တာပိုလ် သတင်းဟု အမည်တပ်ခြင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် စိုးရိမ်မှု ရှိကြောင်း၊ အင်တာပိုလ်သည် မှုခင်းဆိုင်ရာ သတင်းများကို အဖွဲ့ဝင် နိုင်ငံများကြား ဖလှယ်ရာတွင် ထိုကဲ့သို့ သတင်းမျိုး ပေးလေ့ မရှိကြောင်း၊ ဖြစ်ပြီးသား မှုခင်းသတင်းများကိုသာ အချက်အလက် ပြည့်ပြည့်စုံစုံ ပေးလေ့ရှိကြောင်း၊ ထို့ကြောင့် အင်တာပိုလ်နှင့် သက်ဆိုင်သော သတင်းများ ဖြစ်ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့သာ ဆက်သွယ် အတည်ပြုသင့်ကြောင်းလည်း ရဲမှူးကြီး က ပြောဆိုသည်။ ဧရာဝတီ သတင်း ဌာနက ဒီမိုကရေစီ တူးဒေး သတင်းစာသို့ ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ဧပြီ ၂၈ ရက်ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာတွင် ပါကစ္စတန် ရဲတပ်ဖွဲ့နှင့် အင်တာပိုလ် တို့ ပူးပေါင်းဖော်ထုတ်ချက်အရ အစွန်းရောက် အဖွဲ့တချို့သည် ယင်းအစီအစဉ်ကို လတ်တလောအနေဖြင့် ကြံစည်ခြင်းသာဖြစ်ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော် ရန် ကြံစည်နေမှုများကို စာရွက်စာတမ်း အထောက်အထားများ သိမ်းဆည်းရမိခဲ့သော်လည်း ကြံစည်သူတချို့မှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးအား ကိုးကား ဖော်ပြထားသည်။
“အင်တာပိုလ်က အကြောင်းကြားတယ်၊ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွယ်ပြီး ဖြစ်နေတဲ့ ပြဿနာတွေကို မကျေနပ်လို့ လုပ် မယ့် ပါကစ္စတန်က အစွန်းရောက်တချို့ကို တားဆီးနိုင်ခဲ့တယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြားထားလို့ပါ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးတွေကိုလည်း စနစ်တကျ လုပ်ဖို့ ညွှန်ကြားထားပါတယ်”ဟု ပြည်ထဲရေး အရာရှိက ပြောကြောင်း
ဒီမိုကရေစီ တူဒေး သတင်းစာတွင် ပါရှိသည်။
ရဲမှူးကြီး အောင်ဌေးမြင့်ကမူ“သတင်းစာမှာ ရေးတဲ့အတိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ရှိသူတဦးက ပြောတယ်ဆိုရင် ဘယ်သူလဲလို့၊ နောက် လေကြောင်း ရဲတပ်ဖွဲ့ဆိုတာလည်း ပါသေးတယ်၊ လေကြောင်း ရဲတပ်ဖွဲ့နဲ့လည်း ဒီသတင်းက မဆိုင်ဘူး” ဟု ပြောသည်။
မကြာသေးမီက ပြည်တွင်းရှိ သတင်းစာ တစောင်ကလည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ တဆင့် အကြမ်းဖက်သမားများ ဝင်ရောက်လာပြီဆိုပြီး အင်တာပိုလ်ကို ကိုးကား၍ ရေးသားခဲ့သည့်အပေါ် အင်တာပိုလ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ ဖြေရှင်းချက် လှမ်းတောင်းခဲ့ကြောင်း၊ အင်တာပိုလ်က ပေးသည့် သတင်းများမှာ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပြစ်မှု ကျူးလွန်သည့် ရာဇဝင် လူဆိုးပေါင်း ၁၈ သန်း ၏ အချက်အလက်များ၊ Passport Data များ ၊ လက်ဗွေ Data များသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်း ဌာန မှ သိရှိရသည်။
“လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကင်မရွန်းနိုင်ငံက ၃ ယောက် လေဆိပ်ကို ရောက်လာတယ်၊ ကိုရီးယားကနေ ဖြတ်ထွက်လာ ကတည်းက မြန်မာပြည်ကို အင်တာပိုလ်က လှမ်းပြောထားပြီးပြီ၊ ဘယ်သူတွေ ၊ ဘာလုပ်နေတာ၊ ပြီးရင် အမေရိကားကို ဗီဇာ အတုနဲ့ ခိုးဝင်မှာ ဆိုပြီး ပြောတယ်၊ ဆိုတော့ လေဆိပ်ရောက်တာနဲ့ လုံး၀ အဝင်မခံဘဲနဲ့ ပြန်လွှတ်လိုက်တယ်” ဟု ရဲမှူးကြီး အောင်ဌေးမြင့်က ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းခေါင်ကလည်း ပြည်တွင်း၌ အကြမ်းဖက် လှုပ်ရှားမှုများ ဖြစ်ပေါ်မည်ဆိုသော သတင်းများ ထွက်ပေါ် နေသောကြောင့် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ဝင်မလာနိုင်စေရန် လေဆိပ်၊ နယ်စပ်ဒေသများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော နေရာများနှင့် ကမ္ဘာလှည့် ခရီးသည် အများဆုံးရှိရာ ဒေသများတွင် လုံခြုံရေးအဆင့်ကို သိသိသာသာ တိုးမြှင့်ထားကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လက ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။