တနိုင်ငံလုံးမှ အလုပ်သမားများ၏ အခွင့်အရေး အပြည့်အ၀ ရရှိရေး အတွက် မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်များ စုပေါင်း၍ ရန်ကုန်မြို့လယ်၊ ဆူးလေဘုရား အနီး ဝန်းကျင်တွင် အာဏာပိုင်များ၏ တရားဝင် ခွင့်ပြုချက်ဖြင့် လမ်းလျှောက် ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။
မေလ ၁ရက်နေ့ ပြုလုပ်မည့် ဆန္ဒပြပွဲသို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ရက်က ဦးဆောင် မည်ဖြစ်ပြီး အလုပ်သမားများ အတွက် တရက်အနည်းဆုံး လုပ်ခ ကျပ် ၅၆၀၀ ရရှိရေး အပါအဝင် အချက်ပေါင်း ၉ ချက်ကို တောင်းဆိုသွားမည် ဖြစ်ကြောင်း အလုပ်သမားများ အရေး ဆောင်ရွက်သူ ရှေ့နေ ဦးဌေးက ဆိုသည်။
“အလုပ်သမားတွေမှာ အခုချိန်ထိ ဖိနှိပ်မှုတွေ ရှိနေပါသေးတယ်။ အခွင့်အရေးတွေ အပြည့်အ၀ မရသေးပါဘူး။ ဒါကြောင့် အလုပ်သမားတွေ စုပေါင်းပြီး မေဒေးနေ့မှာ အထိမ်းအမှတ်ပွဲ တခု လုပ်ဖို့ ဆုံးဖြတ် လိုက်ကြတာပါ။ အခုချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်လို့ ပြောလို့ရပါတယ်။ ဒီမိုကရေစီ အခွင့်အရေးကို တောင်းဆိုနေတဲ့ အချိန်၊ နောက်ပြီး ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေချိန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြိုးစားနေချိန်၊ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ကြိုးပမ်း နေချိန်မှာ ပြည်သူလူထုရဲ့ အစိတ်အပိုင်း တခု ဖြစ်တဲ့ အလုပ်သမားတွေက တတပ်တအား ပါဝင် ပြသတဲ့ သဘောပါ” ဟု ရှေ့နေ ဦးဌေးက ပြောသည်။
အာဏာပိုင်များထံ ဆန္ဒပြခွင့် တရားဝင် လျှောက်ထားရာတွင် မူလက လူဦးရေ ၁၀၀၀ ပါဝင်ခွင့်ရရေး လျှောက်ထားခဲ့သော်လည်း သက်ဆိုင်ရာက လူဦးရေ ၂၀၀ သာ ခွင့်ပြုကြောင်း၊ လမ်းလျှောက် ဆန္ဒပြပွဲကို မနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီ အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ပန်းခြံလမ်း (မဟာဗန္ဓုလ ပန်းခြံ) အနီးမှ စတင်ပြီး မဟာ ဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေလမ်းအတိုင်း လှည့်လည်၍ လမ်းလျှောက် ဆန္ဒပြ ကြမည် ဖြစ်ကြောင်း သိရသည်။
အလုပ်သမားနေ့ ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်ရေး အတွက် ပဲခူးမြို့၊ ပုသိမ်မြို့နယ်များမှ အလုပ်သမား သမဂ္ဂများ အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှ အလုပ်သမား သမဂ္ဂပေါင်း ၅၀ ကျော်ကို ဖိတ်ကြားထားသည့် အပြင် နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားကြသည့် အဖွဲ့အစည်းများကလည်း ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကိုနန္ဒစစ်အောင်က ပြောသည်။
“မကြာခင် ရက်ပိုင်းလောက်ကမှ ဖွဲ့စည်းလိုက်တဲ့ ဒီမိုကရေစီရေး တပ်ကြွ လှုပ်ရှားသူများ ကွန်ရက်ကလည်း လာရောက် ပူးပေါင်းဖို့ ကမ်းလှမ်းထားပါတယ်။ တခြား အဖွဲ့အစည်းတွေကိုလည်း ဖိတ်ထားတယ်။ အဓိက က အလုပ်သမား အခွင့်အရေးနဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက်ပါ ထည့်သွင်း ဆန္ဒဖော်ထုတ် သွားမှာပါ” ဟု ၎င်းက ပြောသည်။
ဆန္ဒဖော်ထုတ်ရာတွင် အလုပ်သမား အခွင့်အရေး အတွက် တနေ့ ၈ နာရီ အနည်းဆုံး လုပ်ခကျပ် ၅၆၀၀ ရရှိရေး၊ အမြဲတမ်း အလုပ်သမားများကို လခစား အလုပ်သမားအဖြစ် သတ်မှတ်ရေး၊ အလုပ်သမားများကို တဖက်သပ် အလုပ် ထုတ်မှုများ ရပ်ဆိုင်းရေး၊ အလုပ်သမားများ အားလုံး သွေးစည်း ညီညွှတ်ရေး အချက်များ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ – ၄၃၆၊ ပုဒ်မ -၅၉(စ)၊ ပုဒ်မ -၂၆၁၊ ပုဒ်မ – ၄၁၈ အပါအဝင် ပုဒ်မ- ၆(စ)၊ ၁၇(ခ)၊ ၆၀(ခ) စသည့် ပုဒ်မများ ပြင်ဆင်ရေး အချက်များကိုလည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
မေဒေးနေ့ အကြိုအဖြစ် ဧပြီလ ၃၀ ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်(၃) တွင် ရှိသည့် ကိုရီးယား နိုင်ငံသားပိုင် မွန်းစတား အထည်ချုပ် စက်ရုံမှ အလုပ်သမား တထောင်ကျော်က လုပ်ခ လစာ ကျပ် နှစ်သောင်း တိုးပေးရေး အတွက် စက်ရုံ ပြင်ပတွင် ဆန္ဒပြနေကြောင်း သိရှိရသည်။
မေဒေးနေ့တွင် ပြုလုပ်မည့် အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒဖော်ထုတ်ပွဲကို အဆိုပါ မွန်းစတား စက်ရုံမှ အလုပ်သမားများ ပူးပေါင်း ပါဝင်ရန် စီစဉ်ထားကြောင်း ယင်းအလုပ်သမားက ပြောသည်။