အမေရိကန် အပါအဝင် နိုင်ငံတကာက မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် စစ်တပ်ချင်း ထိတွေ့ဆက်ဆံမှုများ အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
နိုင်ငံတကာက မြန်မာနှင့် စစ်တပ်ချင်း ဆက်ဆံရေးကိစ္စများတွင် စစ်ရေးနှင့် ပတ်သက်သည့် တိုက်ပွဲ စွမ်းရည်မြှင့်တင်ပေးသည့် လေ့ကျင့် သင်ကြားမှုမျိုး မလုပ်ဟု ဆိုနေသော်လည်း သင်ကြားပေး သည့် နည်းပညာများအား တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအပေါ် အသုံးချလာမည်ကို စိုးရိမ်ကြောင်း ဗိုလ်ချုပ် ဂွန်မော် က ဧရာဝတီနှင့် သီးသန့် တွေ့ဆုံမှုတွင် ပြောဆို သည်။
မြန်မာအစိုးရနှင့် နိုင်ငံတကာ အစိုးရ စစ်တပ်ချင်း ဆက်ဆံမှု စိုးရိမ်ကြောင်း ပြောကြားထားသည့် ဗိုလ်ချုပ် ဂွန်မော် ရုပ်သံဖိုင် |
“ဒီကိစ္စက အတိအကျ လက်ခံဖို့ ခက်ပါတယ်၊ နည်းပညာတခုကို ဘယ်နေရာမှာမဆို အသုံးပြုလို့ ရပါတယ်၊ တကယ်လို့ ဒီလို နည်း ပညာများနဲ့ တိုင်းရင်းသားများကို အကျိုးထိခိုက်စေနိုင်တဲ့၊ စစ်ရေးမှာ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ပေးနိုင်တဲ့ ပုံစံမျိုး ဖြစ်လာလို့ ရှိရင် ကျနော်တို့ တိုင်းရင်းသားများက စကားပြောလာဖို့ ရှိပါတယ်”ဟု သူက ဆိုသည်။
အဆိုပါ ကိစ္စကို အမေရိကန် သို့ တရားဝင် သွားရောက်ခဲ့သော ခရီးစဉ်အပြီး တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ၏ အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ရောက်ရှိစဉ် ပြောဆိုခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အမေရိကန်က မြန်မာနိုင်ငံနှင့် စစ်တပ်ချင်း အကန့်အသတ်ဖြင့် ဆက်ဆံ ရေး မျက်နှာစာများ ပြန်လည် ဖွင့်လှစ်ရေး ကြိုးပမ်းခဲ့သည်။
မြန်မာ တပ်မတော် အရာရှိများကို အမေရိကန်နိုင်ငံ ပင်တဂွန် စစ်ဋ္ဌာနချုပ်က တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် စစ်ဘက် ဆိုင်ရာ သင်တန်းများ ပေးရန် ၂၀၁၂ ခုနှစ်ကတည်းက အိုဘားမား အစိုးရက နည်းလမ်း ရှာနေခဲ့ခြင်းဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး အဓိကအားဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသရေးနှင့် ကာကွယ်ရေးကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပို့ချမည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိတဦးက ပြောခဲ့သည်။
“ဒီ စစ်တပ်ချင်း ဆက်ဆံတဲ့ကိစ္စက ကျနော်တို့ တိုင်းရင်းသားများအတွက် အရေးကြီးသလို နိုင်ငံတကာရဲ့ အခန်းကဏ္ဍလည်း အရေးကြီးတဲ့ အနေအထားမျိုးဖြစ်နေတယ် ဆိုတာကို ကျနော်တို့လည်း အခုမှ ပိုပြီး သေသေချာချာ သိလာရပါတယ်၊ တကယ် တော့ ဒီ စစ်တပ်ချင်း ဆက်ဆံတဲ့ကိစ္စက နိုင်ငံတကာက တော်တော်များများ လုပ်ဆောင်နေပြီလို့ ကျနော်တို့က ခံစားရတယ်” ဟု လည်း သူက ဆက်ပြောသည်။
အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်များကလည်း မြန်မာနှင့် စစ်တပ်ချင်း ထိတွေ့ဆက်ဆံလိုနေသည့် အိုဘားမား အစိုး ရ ကို ကန့်ကွက်ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။
အမေရိကန် အနြေုဖင့် လူအခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေဆဲ မြန်မာစစ်တပ်နှင့် စစ်တပ်ချင်း ထိတွေ့ဆက်ဆံရေးသည် အချိန်အလွန်စောနေသေးကြောင်းလည်း ကွန်ဂရက် လွှတ်တော်အမတ်များက ထောက်ပြကြသည်။
မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ် တို့လည်း ဆွေးနွေးခဲ့ကြသည်
“မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ ဒီမိုကရေစီ အရေးတွင် တပ်မတော်၏ အရေးပါမှုများ၊ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်”ဟု ယမန်နှစ် သြဂုတ်လကုန်ပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV က ကြေညာခဲ့သည်။
ထို့အပြင် နေပြည်တော်၌ ယမန်နှစ် သြဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ ၂ ရက်ကျင်းပသော အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ လေ့လာရေးဌာန (DIILS) နှင့် မြန်မာ့ တပ်မတော် တို့၏ ဥပဒေရေးရာ ဆွေးနွေးပွဲကို လည်း ကျင်းပခဲ့သည်။
ဗိုလ်ချုပ် ဂွန်မော်က မြန်မာအစိုးရက နိုင်ငံတကာ၏ စစ်တပ်ချင်း ဆက်ဆံလာမှုများအပေါ် တလွဲ အသုံးချနေကြောင်းလည်း ထောက်ပြသည်။
“မြန်မာနိုင်ငံ အစိုးရက ပြည်သူလူထုကို ပေးနေတဲ့ သတင်းစကားက ဘာလဲဆိုတော့ အခုလို စစ်တပ်ချင်း ဆက်ဆံတယ် ဆို တာက အခုအစိုးရရဲ့ လုပ်ဆောင်ချက်များ မှန်ကန်လို့ အမေရိကန်လို နိုင်ငံကြီးတွေက ထောက်ခံနေတာ ဖြစ်တယ်လို့ လူထု ကို သတင်းစကား ပေးနေတယ်၊ ကျနော်တို့ နားလည်တာက ဒီ သတင်းစကားက မှားတယ်”ဟု သူက ဆိုသည်။
ဗိုလ်ချုပ် ဂွန်မော်က ဆက်လက်ပြီး“အမေရိကန် အစိုးရက ပြုပြင်ပြောင်းလဲရေးအတွက် ကူညီတာဖြစ်တယ်၊ မှန်ကန်လို့ အကူ အညီ ပေးတာ မဟုတ်ဘူး၊ အဲဒီတော့ အမေရိကန် အစိုးရက လူထုကို အသိပေးသင့်တယ်”ဟုလည်း ပြောဆိုသည်။
ဗိုလ်ချုပ် ဂွန်မော်အား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ကြားခဲ့၍ ဧပြီ လလယ်ပိုင်းက အမေရိကန်သို့ သွားရောက် ခဲ့ပြီး အမေရိကန် ထိပ်တန်း အရာရှိကြီးများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။
အမေရိကန်အနေဖြင့် ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားနေမှု အဆုံးသတ်စေရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အပါအဝင် မြန်မာ့ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အားလုံးအပေါ် စိတ်ဝင်စားပြီး ပါဝင်လိုသည့် ဆန္ဒရှိနေ သော်လည်း မြန်မာအစိုးရနှင့် ညှိနှိုင်းရန် လိုအပ်ကြောင်းး ဗိုလ်ချုပ် ဂွန်မော်က ဆိုသည်။
ကချင်ပြည်နယ်တွင်း အပစ်အခတ် ရပ်စဲရေး၊ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့အတွက် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) အနေဖြင့် အမေရိကန် အပါအဝင်၊ ကုလသမဂ္ဂ တရုတ်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်စေရေး ယမန်နှစ် နှစ်ဆန်းကတည်းက ဖိတ်ခေါ် ထားကြောင်းလည်း သိရသည်။
ဗိုလ်ချုပ် ဂွန်မော်၏ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ပေါ်ထွန်း ရေးအတွက် အမေရိကန် အနေဖြင့် ပါဝင်စေလိုကြောင်းလည်း ထပ်လောင်း ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
“KIO အနေနဲ့ရော တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ရောက ဒါတွေကို ပါဝင်စေလိုတဲ့ ဆန္ဒရှိပါတယ်၊ အစိုးရက မဖိတ်ခေါ်သော် လည်း နည်းလမ်းရှာပြီး ပါဝင်ဖို့ သင့်တယ်ဆိုတာ တင်ပြထားပါတယ်”ဟု ဗိုလ်ချုပ် ဂွန်မော် က ဆိုသည်။
ဗြိတိန် တပ်မတော်ကလည်း မြန်မာ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ ၃၀ ကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ထောက်ခံမှုဖြင့် ဗြိတိန် ကာကွယ်ရေးဋ္ဌာနက မြန်မာကို ကမ်းလှမ်းခဲ့သည်။
အဆိုပါ ကိစ္စကို သမ္မတ ဦးသိန်းစိန်၏ ယမန်နှစ် ဇူလိုင် လလယ်ပိုင်းက သွားရောက်ခဲ့သည့် ဗြိတိန်ခရီးစဉ်၌ ၂ နိုင်ငံ ခေါင်း ဆောင်များ သဘောတူခဲ့ပြီး ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်စ် (General Sir David Richards) မြန်မာနိုင်ငံ ရောက်ရှိလာပြီး ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ယမန်နှစ်က စတင်ကာ သင်တန်းပေးသည့် အစီ အစဉ် လုပ်ဆောင်ခဲ့သည်။
“မြန်မာ့ တပ်မတော်ကို ဒီမိုကရေစီနည်းကျ တာဝန်ယူတတ်ပြီး လူ့အခွင့်အရေး လေးစားတဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့၊ အုပ်ချုပ်မှု တာဝန်နားလည်တဲ့ တပ်မတော်ဖြစ်လာဖို့ အားပေးတဲ့ အနေနဲ့ အဓိက လုပ်ပေးမယ့် သင်တန်းပါ”လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံရုံး နိုင်ငံရေးရာ ဌာန ဒု အတွင်းဝန် မစ္စတာ ဂျိုးဇက် ဖစ်ရှာက ပြောဆိုခဲ့ဖူးသည်။
ယမန်နှစ် ဇူလိုင်လဆန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့သော ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richards ကလည်း မြန်မာ့တပ်မတော်နှင့် ဗြိတိန်တပ်မတော် ပူးပေါင်းဆောင်ရွက်မည့် လေ့ကျင့်ရေးအစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးခဲ့မှု သတင်းကို အတည်ပြုပြောကြားပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြဲတမ်းစစ်သံမှူး တဦး ခန့်အပ် တာဝန်ပေး သွားမည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ပြောကြားခဲ့သည်။
သို့သော် ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ထားသော စစ်လက်နက်ပစ္စည်းနှင့် ဆက်စပ် သည့်အရာများ တင်သွင်းရောင်းချမှု ပိတ်ပင်ထားခြင်းကို လိုက်နာနေဆဲဖြစ်သည်။