စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) ကို အမည်ပြောင်း ထားသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဥက္ကဋ္ဌအဖြစ် အသက် ၈၉ နှစ် အရွယ် အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းတင်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရှိရသည်။
တစည ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီသည် ဧပြီလအတွင်း ကွယ်လွန်သွားသည့်အတွက် ၎င်း၏ နေရာ တွင် ယခင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သော ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းတင်ကို ပါတီဥက္ကဋ္ဌ အဖြစ် ရွေးချယ် လိုက်ကြောင်း၊ ပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည့် ဦးသန်းတင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် စတင် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပြီး ဂျပန်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မဆလပါတီခေတ်တွင် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး၊ မဆလ အစိုးရ၏ ဒုတိယ ဝန်ကြီးချုပ် ရာထူး တာဝန်များထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် ကောင်စီဝင်အဖြစ်လည်း တာဝန် ယူခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ ပါတီရဲ့ ဖွဲ့စည်းပုံအတိုင်း ဥက္ကဌနေရာ လစ်လပ်သွားလို့ အထွေထွေအတွင်းရေးမှူးက ဥက္ကဋ္ဌ တာဝန်လွှဲပြောင်း ယူပါတယ်။ နောက်ပြီး တွဲဖက်အထွေထွေ အတွင်းရေးမှူးကလည်း ကျန်းမာရေးအခြေအနေကြောင့် ပါတီတာဝန်မထမ်း ဆောင်နိုင်တဲ့အတွက် အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးနေရာက လစ်လပ်နေပါတယ်။ အဲဒီနေရာတွေကိုတော့ နောက် ပိုင်းမှာ အစည်းအဝေးလုပ်ပြီး ခန့်အပ်သွားပါ့မယ်” ဟု တစည ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန် ရွှေက ပြောသည်။
ဧပြီလ ၃ ရက်နေ့တွင် တစညပါတီဥက္ကဋ္ဌ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ အသက် (၈၈) နှစ်သည် ရန်ကုန်မြို့ ရွှေဂုံတိုင် SSC ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ပြီး ဦးထွန်းရီသည် ၁၉၈၅ ခုနှစ်တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး သေဆုံးချိန် အထိ တစည ပါတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်သည်။
၂၀၁၄ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားရာ တစည ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၃၀ အနက် မဲဆန္ဒနယ် ၁၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ နယ်မြေအခြေအနေ အေးချမ်းမှုမရှိသေးသော ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရှိရသည်။
“ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲက ဒီနှစ်ကုန်ပိုင်းမှဆိုတော့ နောက်ပိုင်း အခြေအနေတွေ အနည်းငယ်ပြောင်းလဲလာနိုင် ပါသေးတယ်။ အခုက ရွေးကောက်ပွဲကော်မရှင်က လစ်လပ်မဲဆန္ဒနယ် ၃၀ လို့ပဲကြေညာထားပေမယ့် ထပ်ပြီးတိုးတဲ့ လစ် လပ်မဲ ဆန္ဒနယ်တွေရှိတော့ ကြေညာမယ်ဆိုရင် စဉ်းစားရမှာပေါ့။ အခု လျာထားတဲ့နေရာတွေ အနည်းငယ်အတိုး၊ အလျော့ ရှိနိုင်ပါသေးတယ်” ဟု ဦးဟန်ရွှေ က ဆက်ပြောသည်။