ဝ ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) နဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU) တို့ ဧပြီ ၂၆ ရက် က ပန်ဆန်းမြို့ တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရနဲ့ တိုင်းရင်းသားများ အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခများကို နိုင်ငံရေးနည်းနဲ့ အပြန် အလှန်ဆွေးနွေးခြင်း၊ တန်းတူညီတူ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားကြဖို့ သဘော တူညီခဲ့ကြတယ်လို့ သ်ရပါတယ်။
ပန်ဆန်းမြို့ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ် နယ်မြေ ဖြစ်ပါတယ်။
ပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းခြင်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်စီးစေတာကြောင့် လုံးဝ ဆန့်ကျင်ကြောင်း နှစ်ဘက် သဘောတူညီခဲ့ကြတဲ့အပြင် တိုင်းရင်းသားတွေအကြား တန်းတူညီမျှဆက်ဆံမှု၊ အပြန်အလှန် လေးစားမှု၊ ရိုင်းပင်း ကူညီမှုတို့ဖြင့်သာ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတာကိုလည်း သဘောတူညီခဲ့ကြတယ် လို့ သူတို့ရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နှစ်ဘက် ခေါင်းဆောင်တွေရဲ့ အမြင်သဘောထား တွေ ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သလို တက်ရောက်ခဲ့သူတွေ ကလည်း ဧရာဝတီကို ပြောပါတယ်။
“KNU အဖွဲ့အစည်း အနေနဲ့က NCCT (တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့)နဲ့ ပေါင်းစည်းပြီးလုပ်တဲ့ လုပ်ငန်း မျိုး ရှိသလို ကိုယ့်တဖွဲ့ အနေနဲ့ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး တစုတစည်းတည်း ပါဝင်နိုင်ရေးကို လိုက် လံ ရှာဖွေတဲ့ နည်းလမ်းလည်း ကျနော်တို့ ကျင့်သုံး ပါတယ်၊ ဒါကြောင့် သူတို့နဲ့ သွားတွေ့တာပါ”လို့ KNU ဥက္ကဋ္ဌရုံး အတွင်းရေးမှူး စောတာ မူလာ က ပြောပါတယ်။
ဒါ့အပြင် နှစ်ဖွဲ့လုံးရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်တွေကို အဟန့်အတားဖြစ်နေတဲ့ အစိုးရရဲ့ ၂၀၀၈ အခြေခံဥပဒေထဲက ပြဌာန်း ထားတဲ့ အချက်အလက်အချို့ကိုလည်း နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြုပြင်၊ ပြောင်းလဲ၊ ပြင်ဆင်၊ ဖြည့်စွက်ဖို့ သဘောတူညီခဲ့ကြ တယ် လို့ ဆိုပါတယ်။
“၂၀၀၈ အခြေခံဥပဒေမှာ ကျနော်တို့ ဘာပြင်ချင်လဲ ဆိုရင် ကျနော်တို့မှာတော့ အများကြီးရှိပါတယ်၊ ဆွေးနွေးပွဲတွေ ကြုံလာလို့ ရှိရင် ပြောမှာပါ၊ အခြေအနေနဲ့ မကိုက်ညီတော့တဲ့ အချက်တွေ ပြင်ဖို့ ဆွေးနွေးရမယ်၊ ဥပမာ ကျနော်တို့ “ဝ” ကတော့ ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရပြည်နယ် ရရှိဖို့ တင်ပြထားတာ ရှိတယ်လေ၊ ဒီတော့ အခြေခံဥပဒေ မပြင်ရင် ဘယ်လို သွားပြီးတော့ ဆွေးနွေးမှာလဲ၊ ဘယ်လိုရရှိမှာလဲ၊ တခုချင်းစီ ပြောရရင်တော့ အများကြီးပါ”လို့ UWSP ဗဟို ဌာနချုပ်ရုံး အတွင်းရေးမှူး ဦးအောင်မြင့် က ဧရာဝတီ ကိုပြောပါတယ်။
နှစ်ဘက်ဆွေးနွေးပွဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ် တည်ဆောက်ဖို့ တောင်းဆိုခြင်းနဲ့ ပတ်သက်ပြီးတော့လည်း အပြန် အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
KNU အဖွဲ့က အခုခရီးစဉ်မှာ “ဝ” ရဲ့မဟာမိတ် အဖွဲ့ဖြစ်တဲ့ မိုင်းလား အထူးဒေသ (၄) အဖွဲ့နဲ့လည်း အခုလ ၂၇ ရက်၊၂၈ ရက် က တွေ့ ဆုံခဲ့ပြီး မြန်မာပြည်ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နှစ်ဘက် ခေါင်းဆောင်တွေရဲ့ အမြင် သဘောထားတွေကို အမြင်ခြင်း ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ KNU ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး စောရောဂျာခင်၊ စစ် ထောက်ချုပ် ဗိုလ်ချုပ် စောအိုင်းဇက်၊ ဥက္ကဋ္ဌ ရဲ့ စစ်ရေး၊ နိုင်ငံရေး အကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး၊ ဥက္ကဋ္ဌရုံး အတွင်းရေးမှူး စောတာမူလာ တို့ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန် ကြေညာချက်မှာ ပါရှိ ပါတယ်။
UWSP ဘက်ကတော့ ဒု အထွေထွေ အတွင်းရေးမှူးချုပ်/ပြည်နယ် အစိုးရအဖွဲ့ ဒု ဥက္ကဋ္ဌ ရှောက်မင်လျံ၊ ဒုအထွေထွေ အတွင်းရေးမှူးချုပ်/၁၇၁ စစ်ဒေသ နိုင်ငံရေးမှူး ဦးပေါက်ယိုယိ၊ ဒု စစ်သေနာပတိချုပ် ဦးအိုက်လွင်၊ ပြင်ပ ဆက်ဆံရေး ဌာနကြီးမှူး ဦးကျောက် ကော့ အမ်း၊ ဘဏ္ဍာရေး ဌာနကြီးမှူး ဦးပေါက်ယိုလျှံ၊ ဗဟို ဌာနချုပ်ရုံး အတွင်းရေးမှူး ဦးအောင်မြင့်၊ ဥပဒေရေးရာ ကော်မတီ အတွင်း ရေးမှူး ဦးစံမလု၊ နိုင်ငံရေးလုပ်ငန်းဌာန ဌာနကြီးမှူး ဦးရန်စင်းပင်၊ ၁၇၁ စစ်ဒေသ ဒုတိယနိုင်ငံရေးမှူး ဦးဇော်ချွန်တို့ တက်ရောက် တယ် လို့ သိရပါတယ်။