လာမည့် ကျောင်းဖွင့်ရာသီမှ စတင်ကာ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA တံဆိပ် ထောက်ခံချက် ပါမှသာ ရောင်းချခွင့်ပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းက ပြောသည်။
ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက လာမည့် ကျောင်းဖွင့်ရာသီ မှစတင်ကာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိသည့် ဓာတုဗေဒဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ ရောင်းချနေမှုများကို စစ်ဆေးအရေးယူရေး အဆိုတင်သွင်းခဲ့သည့်အပေါ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနှစ် ဖေဖော်ဝါရီလ ကတည်းက တရုတ်၊ အင်္ဂလိပ်စာတန်း ပါမုန့်ထုပ်တွေနဲ့ ပြည်တွင်းက ထုတ်တဲ့မုန့်တွေကို နမူနာ အရေအတွက် ၂၀ ကျော်ကို စစ်ဆေးနေပါတယ်။ အဲဒီကနေစပြီး စစ်ပါမယ်။ စစ်ဆေးပြီး ကင်းလွတ်တာကို ရောင်းခွင့်ပေးမယ်။ ထောက်ခံချက်လက်မှတ် မရှိတာရောင်းရင် ထိရောက်စွာ အရေးယူပါမယ်။ စစ်ဆေးမှုတွေကို ရှောင်တခင် ကျောင်းနဲ့ ပေါင်းလုပ်ဆောင်ပါမယ်” ဟ ုပြောသည်။
ထိုသို့ အန္တရာယ်ရှိသော မုန့်ပဲသရေစာများ ပြန့်နှံနေသည့်အပေါ် အစိုးရအနေဖြင့် အမျိုးသား စည်းကမ်းအစဖြစ်သည့် ကျောင်းများတွင် စတင် စစ်ဆေးရမည်ဆိုသော်လည်း စစ်ဆေးရာတွင် ဖမ်းဆီးရုံဖြင့်မပြီးဘဲ ကျောင်းသားများနှင့် မိဘများကိုပါ အသိပညာ ဗဟုသုတများ ပေးသင့်ကြောင်း၊ မည်သည့် အစားအသောက်များက မည်မျှ အန္တရာယ်ကြီးကြောင်း၊ ကျောင်းသားများ လက်ခံလာစေရန် လုပ်ဆောင်ပေးသင့်ကြောင်း လမ်းမတော်မြို့နယ် မဲဆန္ဒနယ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောသည်။
“၂၀၀၈ဖွဲ့စည်းပုံမှာ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေးကို အလေးထား လုပ်ဆောင်ပေးရမယ်လို့ ပါတယ်။ နောက် အဲဒီအတွက် လိုအပ်တဲ့ဥပဒေကို ပြဌာန်းနိုင်တယ်လို့လည်း ပါတယ်။ ဒါကို တင်ထားတာတွေ ကြာပါပြီ။ အစိုးရအနေနဲ့ ဒီထက် ပိုလုပ်ဆောင်သင့်ပါတယ်။ လက်တွေ့ကျကျ လုပ်ဆောင်ဖို့ပါ” ဟု မြောက်ဥက္ကလာ မဲဆန္ဒနယ် (၁) မှ ကိုယ်စားလှယ် ဦးအောင်ဆန်းက ပြောသည်။
ရောင်းချသူများအနေဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားများ ဖြစ်သောကြောင့် အရေးယူခြင်းထက် ပညာပေးခြင်းကို စတင်လုပ်ပေးသင့်ကြောင်း၊ ပညာပေးကို မလိုက်နာမှသာ ထိရောက်စွာ အရေးယူရန်လိုကြောင်း၊ အရေးယူသည့် အဖွဲ့များမှာလည်း ဘက်မလိုက်ဘဲ အရေးယူရန် လိုအပ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါ်စန်းစန်းမြင့်က ပြောသည်။
“အစိုးရအနေနဲ့ စစ်ဆေးတာနဲ့ မပြီးသင့်ဘူး။ ဒီပစ္စည်းတွေက မစားသင့်တာကို သိအောင်ကြေညာရမယ်။ နောက်တခုက သူတို့စစ်ဆေးမှုတွေ ဘယ်လောက် ထိရောက်လဲဆိုတာက သူတို့လုပ်ဆောင်တဲ့ပေါ်မှာ မူတည်တယ်။ ခုချိန်မှာ ကလေးတွေရဲ့ ကျန်းမာရေးက သတိထားရမယ်။ တခြားနိုင်ငံတွေက အရည်အသွေးနိမ့်တာတွေ ကျောင်းမုန့်ဈေးတန်းကို ဘယ်လိုရောက်လဲ၊ နောက် ဒီအတွက်အရေးယူမှုကို ဘယ်လောက်အထိ လုပ်မှာလဲ” ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ယခုအချိန်တွင် ကျောင်းပရဝုဏ်များတွင် ဆိုးဆေးပါ အစားစာများ၊ အရည်အသွေးမမီ အစားအစာများ၊ တံဆိပ်တိကျစွာ ဖော်ပြခြင်း မရှိသည့် အစားစာများ ပြန့်နှံနေသော်လည်း မည်မျှပမာဏ ပြန့်နှံနေသည်ကို အစိုးရမှ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း အစိုးရအနေဖြင့် ထိရောက်စွာ တားနိုင်ရန်အတွက် ပြန့်နှံနေသည့် အစားစာများကို တံဆိပ်နှင့်တကွ တိကျစွာ ထုတ်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ယခုကဲ့သို့ လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း တိုင်းဒေသကြီး အစိုးရမှ တရားဝင် ပြောကြားလာသော်လည်း စားသောက်ကုန် အမျိုးအစား မည်မျှကို စစ်ဆေးမည်၊ ကျောင်းပေါင်းမည်မျှ စစ်ဆေးမည်နှင့် စစ်ဆေးပြီး စားသောက်သင့်သော အစားအစာနှင့် မစားသောက်သင့်သော အစားအစာကို တရားဝင် မည်သို့ ကြေညာပေးသွားမည် စသည့် အသေးစိတ် လုပ်ဆောင်မှုကိုမူ ပြောကြားခြင်း မရှိပေ။