ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှု သတ်မှတ်ချိန် ကြာမြင့်၍ ယာဉ်ပိုင်ရှင် အများစု အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ပန်းဆိုးတန်းလမ်းမှာ နေထိုင်တဲ့ ယာဉ်ပိုင်ရှင် ကိုဌေးလွင်က“သူတို့ ယာဉ်ရပ်နားခ ကောက်ခံဖို့ အချိန် သတ်မှတ်ထားတာ ၁၀ နာရီစာ ဆိုတော့ တနေ့ကို ကျပ် ၂ ထောင် လောက် ပေးနေရတယ်၊ အဆင်မပြေဘူး၊ တလဆိုရင် တော်တော် ထိတယ်”လို့ ပြောပါတယ်။
ယာဉ် ရပ်နားခ ကောက်ခံရာမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီ အထိ ကောက်ခံတာ ဖြစ်ပြီး တနာရီကို ကျပ် ၂၀၀ နှုန်းနဲ့ ကောက်ခံတာ ဖြစ်ပါတယ်။
ဒါ့အပြင် ယာဉ်ရပ်နားခကို နာရီ သတ်မှတ် ကောက်ခံရာမှာ ပိုမို တောင်းခံမှုတွေ ရှိတဲ့ အတွက် ကောက်ခံသူနဲ့ ယာဉ်ပိုင်ရှင် တချို့အကြား အငြင်းပွားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှုကို ဇုန် ၉ ခု သတ်မှတ်ပြီး ဧပြီလမှာ ပြန်လည် ကောက်ခံတာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် တနှစ်လုံး ယာဉ်ရပ်နားခ ကောက်ခံမှုကို ရပ်နားထားပြီး ပြင်ဆင်မှုများ ပြုလုပ်ကာ၊၂၀၁၄ခုနှစ် ဧပြီလ ဘဏ္ဍာ နှစ်စမှ စတင်ပြီး ပြန်လည် ကောက်ခံတာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်တဲ့ အခမဲ့ ယာဉ်ရပ်နားနိုင်တဲ့ လမ်းတွေမှာလည်း ကားတွေ ပြည့်နေတဲ့ အတွက် ရပ်နားဖို့ မဖြစ်နိုင်ဘူးလို့ ယာဉ်ပိုင်ရှင်တွေက ဆိုကြပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ ဇုန် ၉ ခု သတ်မှတ်ကာ ဧပြီ ၁ ရက်မှ စတင်ပြီး လေလံ စနစ်နဲ့ ပုဂ္ဂလိက ကုမ္ပဏီ ၉ ခုကို လွှဲပြောင်း ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း၊ တံတား ဌာနမှ တာဝန်ရှိသူ တဦးက ဌာန အနေနဲ့ ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံရာမှာ ဖြေလျှော့ပေးမှု တချို့ လုပ်ဆောင် ပေးထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“နံပါတ်တပ် လမ်းတွေ၊ နာမည်တပ် လမ်းငယ်တွေကို ယာဉ်ရပ်နားခ မကောက်ခံတော့ဘူး၊ အဲ့ဒီ အတွက်လည်း ဘယ်သူ့ကိုမှ အခွန် ကင်းလွတ်ခွင့်ပေးမှာ မဟုတ်သလို လမ်းတွေမှာ ကိုယ်ပိုင်ယာဉ် ရပ်နားဖို့ အတွက် ကြိုတင် နေရာဦးမှုတွေ လုပ်နေတာကို အရင် ကလို ခွင့်ပြုပေးမှာ မဟုတ်ပါဘူး” လို အဆိုပါ တာဝန်ရှိသူက ပြောဆိုပါတယ်။
အစိုးရသစ် လက်ထက်မှာ ပြည်ပက ကားများ တင်သွင်းခွင့် ပြုလိုက်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ လမ်းဘေး ယာဉ်ရပ်နားမှု နည်းပါးအောင် အခုလို အခွန်ကောက်တဲ့စနစ်ကို ကျင့်သုံးတာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း၊ တံတားဌာနရဲ့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
မြို့တော်စည်ပင်က ယာဉ်ပိုင်ရှင်တွေကို ကျပ် ၄၅၀၀၀ နဲ့ လပေး စနစ် ပြုလုပ်ပေးမှာ ဖြစ်ပြီး ည ၆နာရီ နောက်ပိုင်းကို ကောက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ၁၉၉၆ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး နောက် ပိုင်း မှာ ပုဂ္ဂလိကကို လေလံစနစ်နဲ့ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
အခု၂၀၁၄ ဘဏ္ဍနှစ်ကစတင်ပြီး ရန်ကုန်မြို့လယ် အတွင်း ယာဉ်ရပ်နား ကန့်သတ်ဇုန် ၉ ခု သတ်မှတ်ကာ ပုဂ္ဂလိက လုပ်ငန်းရှင် တွေ ကို လေလံ စနစ်နဲ့ တင်ဒါ ခေါ်ယူပြီး ယာဉ်ရပ်နားခ ကောက်ခံတာကို တရားဝင် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း၊ တံတား ဌာနမှ တာဝန်ရှိသူက ပြောပါတယ်။
သတ်မှတ်လိုက်တဲ့ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ဇုန် ၉ ခုက ဝါးတန်းလမ်းမှ ဘုန်းကြီးလမ်းအထိ၊ ဘုန်းကြီးလမ်းမှ လမ်းမတော် အထိ၊ လမ်းမတော်မှ ရွှေတိဂုံ ဘုရားလမ်း အထိ၊ ရွှေတိဂုံ ဘုရားလမ်းမှ ဆူးလေ ဘုရားလမ်း အထိ၊ ဆူးလေ ဘုရားလမ်းမှ ပန်းဆိုး တန်းလမ်း အထိ၊ ပန်းဆိုးတန်းလမ်းမှ ဗိုလ်အောင်ကျော်လမ်း အထိ၊ ဗိုလ်အောင်ကျော်လမ်းမှ သိမ်ဖြူလမ်း အထိ၊ သိမ်ဖြူလမ်းမှ ဗိုလ်တထောင် ဘုရားလမ်း အထိ၊ ဗိုလ်တထောင် ဘုရားလမ်းမှ ဗိုလ်တထောင်ဈေးလမ်း အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။