မြန်မာနိုင်ငံမှာ သတင်းယူကြမယ့် နိုင်ငံတကာ သတင်းထောက်တွေ အတွက် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးတဲ့ အစီအစဉ်ကို တိုးမြှင့် ပြောင်းလဲ လုပ်ဆောင်သွားမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။
ပြည်တွင်းမှာ အခြေမစိုက်တဲ့ဲ့ ပြည်ပ သတင်းဋ္ဌာနတွေက သတင်းထောက်တွေကို သာမန် ပြည်ဝင်ခွင့် ဗီဇာ ၁ လနဲ့ အစည်း အဝေးတွေမှာ သတင်းယူနိုင်ဖို့ အတွက် ရက်ပိုင်းသာ ပြည်ဝင်ခွင့်ဗီဇာ ထောက်ခံ ထုတ်ပေးနေခဲ့ရာက သာမန် ပြည်ဝင်ခွင့် ဗီဇာ ၁ လ ကို ပြည်တွင်းမှာပဲ ၁ လ ၂ ကြိမ် သက်တမ်း တိုးခွင့် ပြောင်းလဲပေးလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန် ကြေညာ ထားပါတယ်။
ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရ “တလ သက်တမ်းရှိ အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးခြင်း၊ ပြည်တွင်း၌ တလ သက်တမ်း ၂ ကြိမ် သက်တမ်း တိုးခွင့် ရရှိမည်၊ ပြည်တွင်း၌ နေထိုင် သတင်းရယူမှု ၃ လ ပြည့်ပါက မူလ ပြည်ဝင်ခွင့် လျှောက်ထားသည့် သံရုံးတွင် ပြည်ဝင်ခွင့် ဗီဇာ ပြန်လည် ရယူ လျှောက်ထားရမည်”လို့ ဖော်ပြထားပါတယ်။
အခုလို နိုင်ငံခြား သတင်းထောက်တွေ အတွက် ဗီဇာ ပြောင်းလဲပေးတာဟာ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ၂၀၁၄ အာဆီယံ ထိပ်သီး အစည်းအဝေးတွေ၊ ဆက်စပ် အစည်းအဝေးတွေ၊ ဝန်ကြီးအဆင့် အစည်းအဝေးတွေ ကျင်းပတဲ့ အခါ နိုင်ငံတကာ သတင်းထောက်တွေရဲ့ လုပ်ငန်း အဆင်ပြေ ချောမွေ့စေရေး အတွက် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံတကာ သတင်းထောက်တွေ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမှုကို သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက် ပိုင်းမှ ပြန်ကြားရေး ဝန်ကြီးဌာနက ထောက်ခံပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ အခြေစိုက် ရုံးဖွင့်ခွင့် ရထားတဲ့ နိုင်ငံတကာ သတင်းဌာနတွေက သတင်းထောက်တွေကို ၆ လ အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာ ပေးနေပြီး ပြည်တွင်းမှာ သက်တမ်းတိုးခွင့်ကိုလည်း ၆ လ တကြိမ် ခွင့်ပြုပေးနေတာကို ပြောင်းလဲ တိုးမြှင့်တာ မရှိပါဘူး။
အခုလို ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်ဝင်ခွင့် ဗီဇာတိုးမြှင့် ပြောင်းလဲပေးဖို့ လုပ်ဆောင်တဲ့ အပေါ် နိုင်ငံတကာ သတင်း ထောက်တွေက အပေါင်းလက္ခဏာ ဆောင်လာတယ်လို့ ရှုမြင်ကြပါတယ်။
“အရင်က တလပဲ ပေးရာကနေ အခု တလပြီးတလ တိုးပေးမယ်၊ သုံးလအထိ တောက်လျှောက် တိုးပေးမယ် ဆိုတော့ သုံးလ ဆက်တိုက် နေခွင့်ရတာပေါ့”လို့ ဒီဗီဘီ သတင်းဌာနက သတင်းထောက် ကိုအေးနိုင်က ဧရာဝတီကို ပြောပါတယ်။
ဒီဗီဘီ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ဒီဗီဘီ အနေနဲ့ မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာနိုင်ငံ အထူးအလေးပေး သတင်းဋ္ဌာန ဖြစ်တဲ့အတွက် နိုင်ငံခြား သတင်းဌာနကြီးတွေလို မဟုတ်ဘဲ နိုင်ငံတွင်း သတင်း မီဒီယာဋ္ဌာနတွေလို ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ သဘောထားသင့်တယ်လို့ ပြောဆိုပါတယ်။
ပြည်ပ အခြေစိုက် မြန်မာသတင်းဌာများ ဖြစ်ကြတဲ့ ဧရာဝတီ၊ ဒီဗီဘီ သတင်းဌာနများ အနေဖြင့် အရင်နှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ တရားဝင် ကုမ္ပဏီ မှတ်ပုံတင်ထားခဲ့ပြီး ယင်းဌာနများက နိုင်ငံခြားသား ဝန်ထမ်းတွေ မြန်မာပြည်ဝင်ခွင့် ဗီဇာလျှောက် ထားရာမှာ စီးပွားရေး ဗီဇာ အမျိုးအစားနဲ့ လျှောက်ထားတာမျိုး ရှိသလို စာနယ်ဇင်း သတင်းသမား ဗီဇာမျိုးနဲ့ လျှောက်ထား တာလည်း ရှိပါတယ်။
ပြည်တွင်းမှာ တရားဝင် ကုမ္ပဏီ မှတ်ပုံတင်ထားတဲ့ ပြည်ပအခြေစိုက် မြန်မာ သတင်းဋ္ဌာနတွေက သတင်းထောက်တွေ အပေါ် စီးပွားရေး ဗီဇာကို ထပ်မံ ထုတ်ပေးတာမျိုး အခု နောက်ပိုင်းမှာ ထပ်မံ မပေးတော့တာကြောင့် အခက်အခဲတွေ ရှိနေ တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ East- West Center မှ ဦးစီးပြီး ပြီးခဲ့တဲ့ မတ်လ ၁၀ နေ့ကနေ ၁၂ ရက်နေ့ထိ ကျင်းပတဲ့ ၂၀၁၄ ခုနှစ် နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံကို တက်ရောက်ဖို့ တိုင်းမ် မဂ္ဂဇင်း သတင်းထောက် မစ္စ ဟန်နာဘိချ် နဲ့ အယ်လ်ဂျာဇီးရာ သတင်း ထောက် မစ္စ ဗရွန်နီကာ ပက်ဒရိုဆာ တို့ကို အစိုးရက ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။