လတ်တလော ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ အာရှ ၄ နိုင်ငံ ခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ် မြန်မာပြည်ကို လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို နမ်းသွားခဲ့တဲ့ အာရှခရီးစဉ်ရဲ့ နောက်ဆက်တွဲဖြစ်သလို လာမယ့် နိုဝင်ဘာလ နေပြည်တော်မှာ ကျင်းပမယ့် အရှေ့အာရှထိပ်သီးညီလာခံကို လာတက်ရေး အကြိုရှေ့ပြေးလို့ ဆိုရမယ်။ အာရှဟာ အိုဘားမားတက်လာလို့ အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေကို ရပ်တန့်စေအပြီး အသစ်ပေါ်ထွန်းလာတဲ့ အမေရိကန်နိုင်ငံခြားရေးပေါ်လစီရဲ့ ဗဟိုချက်မလို့တောင် ပြောစမှတ်ပြုခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုရင် စီးပွားရေးနဲ့ စစ်ရေးအင်အား တဟုန်ထိုးကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကြောင့်ပါပဲ။ ညူကလီးယားဗုံး တပြပြလုပ်နေတဲ့ မြောက်ကိုရီးယားလည်း ပါတာပေါ့။
အိုဘားမား သွားခဲ့တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေရဲ့ ခရီးစဉ်မှာ အဓိက ဇောင်းပေးသွားတာကလည်း အရှေ့အာရှလုံခြုံရေးကို အမေရိကန်ရဲ့ ခိုင်မာတဲ့ အာမခံချက်ပါ။ အဲဒီ ၄ နိုင်ငံစလုံးဟာ စစ်အင်အားတိုးချဲ့ပြီး ရေပိုင်နက် နယ်နိမိတ် အငြင်းပွားလာနေတဲ့ တရုတ်နိုင်ငံကို စိုးရိမ်ကြောင့်ကြလာနေရတာကြောင့် အမေရိကန်က သူ့မဟာမိတ်တွေနဲ့ သွေးစည်းကြောင်း ပြသခဲ့ရတယ်။ အကယ်၍ အငြင်းပွားနေတဲ့ အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်က ပိုင်တယ်လို့ တောင်းဆိုထားတဲ့ ကျွန်းတွေကို ခြိမ်းခြောက်လာရင် ဂျပန်နဲ့အတူ ရပ်တည်မယ်လို့ အိုဘားမားက ပြောခဲ့တယ်။
ဒါပေမယ့် အိုဘားမားဟာ ယူကရိန်းပြဿနာမှာ ရုရှနဲ့လည်း အကြိတ်အနယ် ထိပ်တိုက်ရင်ဆိုင်နေရတယ်။ ယူကရိန်းနယ်စပ်က ရုရှတပ်တွေ ပြန်မဆုတ်ရင်၊ ယူကရိန်းအရှေ့ပိုင်းက လက်နက်ကိုင်တွေကို လက်နက်မဖြုတ်ခိုင်းရင် စီးပွားရေးပိတ်ဆို့ဖို့ အမေရိကန်က ပြင်နေချိန် အိုဘားမားဟာ တရုတ်နဲ့ ထပ်ဆင့်ပြဿနာ အကြီးအကျယ် မဖြစ်လိုတဲ့ပုံပါ။ နောက်ပြီး တရုတ်ဆိုတာ အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံပါ။ မနှစ်ကဆို ကုန်သွယ်မှုက ဒေါ်လာ ၅၆၂ ဘီလျံရှိပြီး လွန်ခဲ့တဲ့ ၅ နှစ်ကထက် ၃၈ ရာခိုင်နှုန်း ခုန်တက်လာခဲ့တာပါ။ ဒါကြောင့် “ကျနော်တို့ဟာ တရုတ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းစွာ ကြီးထွားမှုကို ကျနော်တို့ ဆက်ပြီး အားပေးချင်တယ်။ ဒါပေမယ့် အပြည်ပြည်ဆိုင်ရာ စနစ်နဲ့ အခြေခံစည်းမျဉ်းတွေကို လိုက်နာစောင့်ထိန်းဖို့ တာဝန် ကျနော်တို့ အားလုံးမှာ ရှိတယ်ဆိုတာ ကျနော်တို့ အာရုံပြုကြရမယ်။ ကျနော့် မျှော်လင့်ချက်က တရုတ်ဟာ ကျနော်တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်မယ် ဆိုတာပါ”လို့ အိုဘားမားက ပြောတယ်။
ဒါပေမယ့် တကယ်ကွင်းထဲမှာ ဖြစ်နေတဲ့ အခြေအနေက သံတမာန်ရေးရာ စကားလုံးတွေထက် ပိုပါတယ်။ အရှေ့အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆဲလ်က တောင်တရုတ်ပင်လယ်ကြီးတခုလုံးနီးပါးကို တရုတ်က သူပိုင်တယ်လို့ ကြေညာတာဟာ အပြည်ပြည်ဆိုင်ရာဥပဒေတွေနဲ့ မညီဘူးလို့ ဖေဖော်ဝါရီလအတွင်းက ဆိုလိုက်ပါတယ်။ ပစိဖိတ်ရေတပ်ဦးစီးချုပ် ဟာရီဟဲရစ်ကလည်း ဧပြီလ ၉ ရက် ဩစတြေးလျမှာ မိန့်ခွန်းပြောရာမှာ “တရုတ်စစ်တပ်ရဲ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ကြီးထွားလာမှု၊ သူတို့ရဲ့ ပွင့်လင်းမြင်သာမှု မရှိတာ၊ ဒေသတွင်းမှာ မောက်မာတဲ့ပုံစံတွေ ပြလာတာတွေကို ကျနော့်အနေနဲ့ စိုးရိမ်ပူပန်လာမိတယ်”လို့ ထည့်သွင်းပြောသွားပါတယ်။
ဒီလို ပြောဆိုချက်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ တရုတ်က အရှေ့တရုတ်ပင်လယ်ထဲမှာ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (air defense identification zone) ကို ကြေညာအပြီး ထွက်ပေါ်လာနေတာလည်း ဖြစ်တယ်။ တရုတ်ရဲ့ သတ်မှတ်ဇုန်ဟာ ဂျပန်နဲ့ တောင်ကိုးရီးယား လေပိုင်နက်တွေကို ထိပါးထည့်သွင်းထားတာမို့ သက်ဆိုင်ရာနိုင်ငံတွေကလည်း စိုးရိမ်တကြီး ပြောလာကြတယ်။ ထိပ်တိုက်ပြဿနာ ဖြစ်လာနေတာကတော့ အရှေ့တရုတ်ပင်လယ်ထဲမှာပါ။ ဂျပန်က ထိန်းချုပ်ထားတဲ့ စန်ကကူလို့ ခေါ်တဲ့ ကျွန်းကို တရုတ်က ဒိုင်အိုယုလို့ခေါ်ပြီး သူတို့ ပိုင်ကြောင်း ပြောလို့ စစ်သင်္ဘောတွေနဲ့ အဲဒီဒေသကို ချဉ်းကပ်လာတာပါ။
တချိန်တည်းမှာ ဗီယက်နမ်၊ စင်ကာပူနဲ့ မလေးရှားတို့လည်း တောင်တရုတ်ပင်လယ်မှာ ရေပိုင်နက်အရေး တရုတ်နဲ့ အငြင်းပွားနေရပြီး ဖိလစ်ပိုင်ကဆို အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် အငြင်းပွားမှု ခုံရုံးကို ပြီးခဲ့တဲ့ မတ်လအတွင်း ဦးတိုက်လျှောက်ထားခဲ့တယ်။ တရုတ်က ဆူယံကျောက်ဆောင်လို့ ခေါ်ပြီး တောင်ကိုးရီးယားက အီအိုဒိုလို့ ခေါ်တဲ့ ကျွန်းပိုင်မှုနဲ့ ပတ်သက်ပြီးလည်း တောင်ကိုရီးယားက တရုတ်နဲ့ စကားများနေရတယ်။
တကယ်တမ်းလည်း တရုတ်ရဲ့ စစ်အင်အားတိုးချဲ့မှု အထူးသဖြင့် ရေတပ်အင်အားက စိုးရိမ်စရာကောင်းအောင် သတိထား စောင့်ကြည့်စရာဖြစ်လာနေတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ တရုတ်ရေတပ်ရဲ့ ကျွမ်းကျင်သူများ အကြံပေးကော်မတီ ဒါရိုက်တာ ရင်ချူးက တရုတ်စစ်တပ်ရဲ့ အသုံးစရိတ်ဟာ “တိုင်းပြည်က ရင်ဆိုင်နေရတဲ့ တိုးပွားလာနေတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့အညီ လိုအပ်နေတဲ့ အဆင့်ကို ပြည့်မီဖို့ အဝေးကြီး လိုနေသေးတယ်”လို့ ဆိုသွားပါတယ်။ တရုတ်စစ်အင်အား အဆင့်မြှင့်တိုးချဲ့မှုမှာ တိုက်ချင်းပစ်ဒုံးကျည်တွေ၊ တိုက်လေယာဉ်ပျံတွေထိ ပါပေမယ့် လတ်တလော အရေးတကြီး လိုအပ်နေတာက ရှည်လျားတဲ့ ကမ်းရိုးတန်း လုံခြုံရေးနဲ့ ဒီထက်ပိုဝေးတဲ့ ပင်လယ် သမုဒ္ဒရာတွေထိ ရောက်နိုင်ဖို့ပါ။
ဇန်နဝါရီ ၃၀ ရက်က ကျင်းပခဲ့တဲ့ အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေး သုံးသပ်မှု ကော်မတီ (US-China Economic and Security Review Commission) အစည်းအဝေးမှာ အမေရိကန်ရေတပ် တရုတ်ရေးရာ ထောက်လှမ်းရေး ကျွမ်းကျင်သူ ဂျက်စ်ကာရော့ကင်ရဲ့ တင်ပြချက်မှာ တရုတ်ရေတပ် ဖျက်သင်္ဘောတွေ (destroyers)နဲ့ တိုက်ရေယာဉ်တွေ (frigates) ရဲ့ ၆၅ ရာခိုင်နှုန်းဟာ ခေတ်မီအောင် ပြုလုပ်ပြီးဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ၈၅ ရာခိုင်နှုန်းထိ ခေတ်မီစေရေး ရည်မှန်းထားတယ်လို့ ဆိုတယ်။
ဧပြီလဆန်းပိုင်းမှာတော့ တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှု ပွင့်လင်းမြင်သာစေဖို့ အမေရိကန်ရဲ့ တောင်းဆိုနေမှုတွေကို လိုက်လျောတဲ့အနေနဲ့ တရုတ်အစိုးရဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်လ်ကို တရုတ်လေယာဉ်တင်သင်္ဘော လီအွန်နင်း (Liaoning)ကို ခေါ်ပြခဲ့တယ်။ ဒါက အမေရိကန်တွေ တရုတ်ရေတပ်နဲ့ပတ်သက်ပြီး ထောက်လှမ်းရေးအချက်အလက်တွေ ပိုရစရာဖြစ်ခဲ့တယ်။ လီအွန်နင်းဟာ ယူကရိန်းလုပ် သင်္ဘောကို တရုတ်က ခေတ်မီအောင် ပြန်လုပ်ထားတာဖြစ်ပေမယ့် နှစ်အတော်ကြာကြာ အင်ပြည့်အားပြည့်နဲ့ တာဝန်ထမ်းနိုင်ဦးမှာ မဟုတ်သေးဘူးလို့ ဂျက်စ်ကာရော့ကင်က တွက်တယ်။ ပိုရှည်ပြီး ပိုကြီးတဲ့၊ နောက် လေယာဉ်တွေလည်း ပိုတင်နိုင်တဲ့ နိမစ်ဇ်အဆင့် (Nimitz-class) အမေရိကန် လေယာဉ်တင်သင်္ဘောတွေကို မှီဖို့ မလွယ်သေးဘူးလို့လည်း ဆိုတယ်။
တဘက်မှာတော့ အမေရိကန်က အာရှပစိဖိတ်ဒေသမှာ အမေရိကန် စစ်သည်အင်အား ၃၃၀၀၀၀၊ စစ်သင်္ဘောအစင်း ၁၈၀၊ စစ်လေယာဉ်အစင်းပေါင်း ၂၀၀၀ ချထားပြီး သူ့မဟာမိတ်တွေနဲ့ အာရှရဲ့ အင်အားချိန်ခွင်ညှာကို ထိန်းညှိထားပါတယ်။ ဒီစစ်အင်အားကို လိုအပ်ရင် သုံးဖို့ အမေရိကန်ဟာ တွေဝေနေမှာ မဟုတ်ဘူး လို့ သမ္မတ အိုဘားမားက တောင်ကိုးရီးယားခရီးစဉ်မှာ မြောက်ကိုရီးယားကို ရည်ရွယ်ပြောဆိုတယ်။ အိုဘားမားခရီးစဉ်ဟာ မြောက်ကိုရီးယားက ညူကလီးယားဗုံး ၄ ကြိမ်မြောက် စမ်းသပ်ဖောက်ခွဲဖို့ ပြင်ဆင်နေချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ “ဘယ်သူမဆို ခြိမ်းခြောက်တတ်တယ်။ ဘယ်သူမဆို တပ်တွေ ရွှေ့တတ်တယ်။ ဘယ်သူမဆို ဒုံးပျံတွေ ပစ်ပြတတ်တယ်။ ဒါတွေက ခင်ဗျားကို အားမကောင်းစေပါဘူး။ ကျနော်တို့ဟာ ကျနော်တို့ အသက်သွေးကြောတွေနဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ စစ်အင်အားကိုသုံးဖို့ တွေဝေနေမှာ မဟုတ်ဘူး” လို့ အိုဘားမားက စကားလုံး ပြင်းပြင်းသုံးပြီး မြောက်ကိုရီးယားကို ပြောခဲ့တယ်။
ဧပြီလ ၂၇ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အရောက်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြု လူငယ် ခေါင်းဆောင် ၁၀ ဦး ပါဝင်တဲ့ အာဆီယံ လူငယ်ခေါင်းဆောင် ၁၀၀ ကျော်နဲ့ တွေ့ဆုံပွဲမှာ အမေရိကန် သမ္မတက မြန်မာနိုင်ငံမှာ မွတ်စလင် ဆန့်ကျင်ရေး ဖိနှိပ်မှုတွေရှိနေရင် မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်မှာ မဟုတ်ဘူး လို့ သတိပေးတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရက ဦးဆောင်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တဲ့အပေါ် အိုဘားမားက ချီးမွမ်း ပြောဆိုပေမယ့် ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်နေချိန်မှာ အတူယှဉ်တွဲ နေထိုင်ရမယ့် ဘာသာမတူ၊ လူမျိုး ကွဲတွေ အကြား ခွဲခြားမှုတွေ ရှိနေတာက အန္တရာယ်ရှိနေပြီလို့လည်း အိုဘားမားက ဆိုပါတယ်။ “ လူတွေက လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေကို နိုင်ငံရေး စည်းရုံးစရာတခုလို အသုံးချနေပြီဆိုရင် ပဋိပက္ခတွေကို ဖန်တီးတာဖြစ်ပြီး ဒီကိစ္စတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် အလွန်ဆိုးဝါးတဲ့ ဦးတည်ရာကို တွန်းပို့နေတာလည်း ဖြစ်တယ်”လို့ အိုဘားမားက ဆိုတယ်။
ဒီအသုံးအနှုန်းတွေဟာ လာမယ့် နိုဝင်ဘာလ နေပြည်တော်မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တာဝန်ယူ လက်ခံကျင်းပမယ့် အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံကို အမေရိကန်တို့ ဘာစိုးရိမ်တယ်ဆိုတာ ပြသလိုက်ခြင်းလည်း ဖြစ်တယ်။ ပွင့်လင်းလွတ်လပ်လာခါစ မီဒီယာနဲ့ အီလက်ထရောနစ် လူမှုကွန်ရက်တွေကို အသုံးပြုပြီး လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုနဲ့ ပုဂ္ဂလိက အာဃတတွေ သွေးထိုးလှုံ့ဆော်နေကြတဲ့ အဖျက်အမှောင့်တွေကို အခုထိ ဦးသိန်းစိန်အစိုးရက လွှတ်ပေးထားတာကိုလည်း အမေရိကန်အစိုးရက သဘောမတွေ့ဘူး။ အမေရိကန် သံအမတ် ဒဲရက်မစ်ရှယ်က ဖေ့ဘွတ်နဲ့ အင်တာနက်ပေါ်မှာ အမုန်းမီးထိုးပေးနေသူတွေဟာ မြန်မာ့ဒီမိုကရေစီရေးမှာ အနှောက်အယှက်လို့ မနှစ်က အစည်းအဝေးတခုမှာ ပြောခဲ့ဖူးတယ်။ အဓိကရုဏ်းတွေမှာ အဖျက်သမားတွေနဲ့ လူစုလူဝေးကို လက်နက်ကိုင် ရဲတပ်ဖွဲ့က မထိန်းချုပ် မဖြိုခွဲဘဲ လွှတ်ထားပေးတာကိုလည်း အမေရိကန် ကွန်ဂရက်နဲ့ အိမ်ဖြူတော် အရာရှိတွေကြားမှာ ဦးသိန်းစိန် အစိုးရကို စိုးရိမ်မကင်း ဖြစ်စေတယ်။
မြန်မာ့နိုင်ငံရေး ရှုတ်ထွေးလာနေမှုအပေါ် လေ့လာစောင့်ကြည့်နေသူတွေကြား ပြောစရာတွေက အတော်များလာနေတယ်။ မြစ်ဆုံ စီမံကိန်း၊ လက်ပံတောင်းစီမံကိန်းတို့လို ပွင့်လင်းမြင်သာမှု မရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပစ်မှတ်ထားပြီး ဝေဖန်ဆန့်ကျင်လာနေကြတာကို လမ်းလွှဲဖို့ ကြိုးစားတဲ့အနေနဲ့ တရုတ်စီမံကိန်းတွေကတဆင့် အကျိုးအမြတ်ရနေကြတဲ့ မြန်မာအာဏာပိုင်အသိုင်းအဝိုင်းဟာ မွတ်ဆလင် ဆန့်ကျင်ရေးကို မီးမွှေးပေးခဲ့တယ်လို့ အတော်များများက ယူဆလာနေတယ်။
တချို့ကလည်း အကယ်၍သာ အာရှ ဒေသတွင်းမှာ ခရိုင်းမီးယား ပြဿနာပုံစံမျိုး တရုတ်က လိုက်လုပ်ရင် မြန်မာပြည်ထဲမှာ ၁၉၈၈ နောက်ပိုင်းအသစ်ထပ်ရောက်လာကြတဲ့ ၃ သန်းလောက်ရှိတဲ့ တရုတ်လူမျိုးတွေနဲ့ မြန်မာပြည်အရှေ့ဖျားက လက်နက်ကိုင်တွေဟာ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်လာမယ်လို့ ထောက်ပြကြတယ်။ တချို့ကတော့ တကယ်လို့ တရုတ်က ရုရှလိုလိုက်လုပ်မယ်ဆို နိုင်ငံတကာ တရားဝင်မှုအရ အကြောင်းပြနိုင်ဖို့ မြန်မာအစား ထိုင်ဝမ်ကိုသာ ရွေးမယ်လို့ ဆိုတယ်။ ဒါပေမယ့် စစ်ရေးအရ ထိုင်ဝမ်ထက် မြန်မာက အများကြီး အန္တရာယ် ပိုနည်းတယ်ဆိုတာကိုတော့ အားလုံးက သဘောတူတယ်။
ဒီလို အမြင်မျိုးတွေကို ပြောင်းလဲပစ်နိုင်ဖို့ တရုတ်နိုင်ငံဘက်ကလည်း ဆက်ဆံရေးနည်းလမ်းတွေ ပိုတိုးချဲ့လာနေတယ်။ အရင်လို စစ်အစိုးရနဲ့ပဲ ဆက်ဆံရင် ပွဲသိမ်းလို့ဆိုပြီး မလုပ်တော့ဘဲ ရန်ကုန် အခြေစိုက် တရုတ်သံရုံးမှာ စနစ်တကျနဲ့ အစီအစဉ်တွေကို တိုးချဲ့ပြီး အတိုက်အခံ ပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ဖြန့်ကျက်ထိတွေ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ၊ ဩဇာရှိ မီဒီယာတွေကို တရုတ်ပြည် အလည်ခေါ်တာတွေ လုပ်တယ်။ တီဗီဇာတ်လမ်းတွဲကြိုက်တတ်တဲ့ မြန်မာတွေကို ပျူခေတ်အခြေခံဇာတ်လမ်းတွဲတွေ ရိုက်ကူးထုတ်လွှင့်ပြီး တရုတ်နိုင်ငံအပေါ် သဘောထားပြောင်းအောင် ကြိုးစားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူအများ လေးစားတဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဈာပန တက်တဲ့အထိ လုပ်လာတယ်။ ဒါပေမယ့် သတိပြုမိသူတွေက တရုတ်အနေနဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေကို ဆက်ဆံရာမှာ အမြဲဆိုသလို လက်ထောက်အရာရှိ အဆင့်သာ စေလွှတ်တယ်လို့ဆိုတယ်။ ဒါဟာ အဆင့်နှိမ့်ဆက်ဆံတာလို့ သူတို့က ခံစားချက် မကောင်းကြပါ။
အမေရိကန်အစိုးရကတော့ တရုတ်နိုင်ငံကို ဟန်ချက် ထိန်းညှိဖို့ ရည်ရွယ်တယ်ဆိုပေမယ့် နေပြည်တော်အစိုးရကို ၂၀၁၂ နိုဝင်ဘာမှာ ရန်ကုန်တမြို့လုံး အုံးအုံးထအောင် ထွက်ကြိုခဲ့ကြရတဲ့ သမ္မတ အိုဘားမား သမိုင်းဝင် အလည်အပတ်နဲ့ အသိအမှတ် ပြန်ပြုပေးခဲ့တယ်။ သမ္မတ ဦးသိန်းစိန်ကို အိမ်ဖြူတော်ကို ခေါ်ယူပြီး လက်ခံတွေ့ဆုံခြင်းအားဖြင့်လည်း အရပ်သားအသွင်ယူ မြန်မာအစိုးရကို မဟာဆုလဒ်ကြီး ပေးခဲ့တယ်။ နောက်ဆက်တွဲအနေနဲ့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၇၅.၅ သန်းအထိ တိုက်ရိုက် ကူညီထောက်ပံ့မှု တိုးမြှင့်ပေးတယ်။ ၂၀၁၂ ဘတ်ဂျက်မှာ မြန်မာနိုင်ငံကို ဒေါ်လာ ၂၈.၈ သန်းပဲ ပေးခဲ့တာပါ။
နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မြန်မာစစ်တပ်ကိုလည်း ယဉ်အောင် ပြန်လုပ်ဖို့ ခြေလှမ်းတွေလည်း လှမ်းခဲ့တယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာမှာ ပစိဖိတ်ဒေသ အမေရိကန် ကြည်းတပ် စစ်ဆင်ရေးမှူး ဗိုလ်ချုပ် ဖရန့်စစ် ဝယ်စင်စကီး အပါအဝင် အမေရိကန် စစ်ဘက်အရာရှိတွေ မြန်မာ စစ်ဘက်အရာရှိတွေနဲ့ နေပြည်တော်မှာ ၂ ရက်တာ “လူ့အခွင့်အရေး” နဲ့ ပတ်သက်လို့ တပ်က စောင့်ထိန်းရမယ့်ကိစ္စတွေအကြောင်း ဆွေးနွေးတာ၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတုန်းကလည်း မြန်မာ စစ်ဘက်အရာရှိ ၂ ဦး ထိုင်းမှာ လုပ်တဲ့ ရွှေမြွေဟောက် ဒေသတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်သားတွေ၊ အခြားနိုင်ငံ ၂၀ က စစ်သားတွေနဲ့အတူ တက်ရောက်ပြီး လူသားချင်း စာနာထောက်ပံ့ရေး အကူအညီနဲ့ စစ်ဘက်ဆိုင်ရာ ဆေးဝါးများအပေါ် အလေးထားပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေကို လေ့လာခွင့်ပေးခဲ့တယ်။
အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာ စစ်ရေး ပညာသင်နဲ့ လေ့ကျင့်ရေး US International Military Education and Training (IMET) အထောက်အပံ့တွေ မြန်မာပြည်ကို ပြန်ပေးဖို့ အလျှင်အမြန် မဖြစ်လာနိုင်တောင် “စစ်ပွဲအတွင်း စည်းကမ်းများ၊ အရပ်သားတွေကို ဘယ်လို ဆက်ဆံမလဲ၊ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ စစ်တပ်ကို လုပ်ရည်ကိုင်ရည် ပြည့်ဝလာအောင် လုပ်ဆောင်ခြင်း” တို့ဟာ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ် ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ထိုင်းတပ်တွေနဲ့ ပူးတွဲပြီး ဆွေးနွေး လေ့ကျင့်သင်ကြားမှု “စတင်ဖို့ အကောင်းဆုံးနေရာ”လို့ အကြံပေးမှုတွေလည်း ရှိတယ်။
ဒါပေမယ့် အမေရိကန်အစိုးရရဲ့ လတ်တလောပေါ်လစီအရ မြန်မာစစ်ဘက်ကို သတိထား ဆက်ဆံဆဲပါ။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံဆီက တားမြစ်ပိတ်ပင်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို အခုအထိ ဝယ်ယူနေဆဲဖြစ် တယ် လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ယုံကြည်နေပါတယ်။ အခုထိ မြန်မာ့တပ်မတော်ပိုင် သို့မဟုတ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ရလို့ စီးပွားရေးအရ ကန့်သတ်ထားပါတယ်။ စစ်အစိုးရခေါင်းဆောင်ဟောင်းများနဲ့ နီးစပ်တဲ့ ခရိုနီသူဌေးကြီးတွေကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှု စာရင်းကိုလည်း မရုတ်သိမ်းသေးပါဘူး။ ညှိနှိုင်းဆွေးနွေးတာ လိုက်လျောတာတွေ ရှိလာပေမယ့် ပြုပြင်ပြောင်းလဲရေးကို ကဖျက်ယဖျက် လုပ်မယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မယ်၊ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို မီးထိုးပေးမယ်၊ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ကုန်သွယ်နေမယ်ဆိုရင် အဲဒီလူတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ အထူးအခွင့်အာဏာ ရှိနေပြီလို့ အိမ်ဖြူတော်က ဆိုတယ်။
အမေရိကန်ရဲ့ “လူဆိုး စာရင်း”ဟာ ခေတ်မမီတော့ဘူးလို့လည်း ဝေဖန်မှုတွေ ရှိလာတယ်။ အေပီသတင်းတပုဒ်က ရေးတာက ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအနေနဲ့ ရာနဲ့ချီတဲ့ လူသစ်တွေ စာရင်းထပ်တိုးဖို့ တင်ပြထားပေမယ့် အိုဘားမားအစိုးရက လွန်ခဲ့တဲ့ ၄ နှစ်ခွဲကတည်းက စာရင်းကို မပြင်သေးဘူးလို့ ဆိုတယ်။ ဒီစာရင်းသစ်မှာ အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်တွေ၊ ထိပ်တန်း စီးပွားရေးသမားတွေနဲ့ တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေ ပါတယ်။ “တိတ်တိတ်ဆိတ်ဆိတ် ညှိနှိုင်း အလုပ်ဖြစ်နေခဲ့သော လွန်ခဲ့သည့် ဆယ်စုနှစ်များတွင် မြန်မာစစ်ခေါင်းဆောင်များသည် တရုတ်ငွေများ အလုံးအရင်း အရင်းအနှီးပြုပြီး တခါတရံ ရက်ရက်စက်စက် အများအားဖြင့် မရိုးမသား အမြတ်ထွက်နေသော စီးပွားရေးသမား လူ့မလိုင်များကို ပြုစုပျိုးထောင်ပေးခဲ့သည်” လို့ သတင်းက ရေးထားတယ်။
အမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်း ရပ်ကွက်တွေအဆိုအရ မြန်မာ့အပြောင်းအလဲဟာ ရှေ့မတိုးတော့ဘဲ ရပ်တန့်သွားရင် အထူးသဖြင့် ၂၀၁၅ ခု ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ အသွင်ကူးပြောင်းရေး အဆင်မချောဘူးဆိုရင် ဒီ”လူဆိုးစာရင်း”သစ်ဟာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေး မူဝါဒမှာ စဉ်းစားရွေးချယ်စရာ ပြန်ဖြစ်လာနိုင်မယ့် အလားအလာတွေရှိကြောင်း သိရတယ်။
လက်ရှိအခြေအနေမှာတော့ မြန်မာ့တပ်မတော်ဟာ နိုင်ငံရေး၊ စီးပွားရေးကို ဆက်ထိန်းချုပ်ထားပြီး လွှတ်တော်ထဲက ထွက်ခွာပြီး တပ်စခန်းပြန်ကြဖို့ အစီအစဉ် မရှိတာကို ၂၀၁၃ ခု မတ်လ ၂၇ ရက် ကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတည်ပြုထားပြီးပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နေရာအများစုမှာ အနိုင်ရနိုင်ဖွယ်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တကယ်လို့ အုပ်ချုပ်ရေးအဖွဲ့သစ်ကို ဦးဆောင်ရပြီဆို တပ်မတော်က ခွင့်ပြု လိုက်နာမှာလား ဆိုတာလည်း မရှင်းလှသေးပါဘူး။
ဒီလို စိန်ခေါ်မှုတွေ တပြုံတမကြီး ရှိနေပေမယ့် အာရှဒေသတွင်း တရှိန်ထိုး ဩဇာ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို ဟန်ချက်ထိန်းညှိဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒမှာ အကျိုးအမြတ်လည်း ဖြစ်၊ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းသွားပြီး ဂျပန်ကလည်း ပုံအော ဝင်ရောက် လာနေတာမို့ နောက်မကျချင်တဲ့ ဆန္ဒတွေကြောင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေး ဖိနှိပ်မှုတွေအပေါ် ကန့်ကွက်နေတဲ့ကြားက အမေရိကန် သမ္မတ အိုဘားမား နိုဝင်ဘာမှာ မြန်မာပြည် ထပ်လာဖို့ များပါတယ်။
ဒါပေမယ့် ပထမခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နမ်းပြီး မြန်မာ့ဒီမိုကရေစီကို နှစ်နှစ်ကာကာ ထောက်ခံကြောင်း ပြသသွားခဲ့သလို ဒီတကြိမ်လည်း မြန်မာအစိုးရအနေနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ ကျန်ရှိနေတဲ့ လူ့အခွင့်အရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များအပါအဝင် ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ကို တရုတ်နည်းပညာတွေနဲ့ ဆောက်လုပ်ထားတဲ့ နေပြည်တော်မှာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံရေးထိပ်သီးများ ရှေ့မှောက် အားပေးတိုက်တွန်းပြောကြားရင်း အမေရိကန်တို့ရဲ့ ထောက်ခံမှုကို ကတိပေး ပြောဆိုမယ်လို့ မျှော်လင့် ယုံကြည်ရပါတယ်။