ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားအဖွဲ့အစည်းတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက သူ့တို့ကြုံတွေ့နေရတဲ့ ဖိနှိပ် မှုတွေကို ရပ်တံ့ပြီး အလုပ်သမား အခွင့်အရေးတွေကို လေးစားလိုက်နာပေးဖို့ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)မှာ ထိုင်းအစိုးရကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ပေါ်ရှိ ရွှေ့ပြောင်းအလုပ်သမား လက်မှတ်လုပ်ပေးရေးရုံကတဆင့် အင်အား ၂၀၀ ကျော်ရှိတဲ့ မြန် မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးကို မေလ ၁ ရက်နေ့ မနက်ပိုင်းက ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ် ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြ အလုပ်သမားတွေ က “ငါ့တို့ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးကို လေးစားပါ၊ ကာကွယ်ပေးပါ”၊ “ကျွနု်ပ်တို့ သည် ငွေဝယ်ကျွန်မဟုတ်”၊ “ကျွန်ုပ်တို့သည် ငွေထုတ်စက်မဟုတ်”၊ ”We Want Real Law For Labor”၊ “အိမ်ဖော်၊ ဈေးရောင်း၊ စိုက်ပျိုးရေး အလုပ်သမားများကို လူမှု ဖူလုံရေး လုပ်ပေးပါ”စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ခဲ့ကြသလို “ဖိနှိပ်ချုပ်ချယ်မှု ပပျောက် ရေး တို့အရေး”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့လည်း ထိုင်း-မြန်မာ နှစ်ဘာသာနဲ့ ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။
ချင်းမိုင် ခရိုင် အုပ်ချုပ်ရေးမှူးရုံး အရောက်မှာတော့ ဆန္ဒပြတောင်းဆိုသူတွေကို အဆင်သင့် စောင့်ဆိုင်းနေတဲ့ ရုံးတာဝန်ရှိသူတွေက နေရာစီစဉ်ပေးခဲ့ပြီး ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ နိုင်ဝိချိန်း ဖုတိဝင်း က ဆန္ဒပြသူတွေရဲ့ တောင်းဆိုသံတွေကို လက်ခံ နားထောင်ခဲ့ပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေထဲမှာ ထိုင်းအစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ပဋိညာဉ်စာချုပ်တွေ အတိုင်း လိုက်နာဖို့၊ ထိုင်းနိုင်ငံဖွံ့ဖြိုးရေးတွင် ထိုင်းအလုပ်သမားများနည်းတူ ညီမျှတဲ့ စည်းမျဉ်းဥပဒေနဲ့ စံနှုန်းတွေအတိုင်း သက်မှတ် ပေးဖို့နဲ့ အလုပ်သမား မှတ်ပုံတင်ပြုလုပ်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုကြပါတယ်။
ဒါ့အပြင် လိင်ဖျော်ဖြေရေး အလုပ်သမတွေကိုလည်း အလုပ်သမားအဖြစ် သက်မှတ်ပေးဖို့နဲ့ အလုပ်သမားများအပေါ် ပြန်ပို့စရိတ် ကောက်ခံမှု၊ ထိုင်းအစိုးရက ပြဌာန်းထားတဲ့ အတိုင်း လုပ်အားခ တရက်ကို ဘတ် ၃၀၀ အပြည့်မရရှိမှု၊ လုပ်အားခများ ခေါင်းပုံ ဖြတ် ခံရမှု၊ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်နဲ့ အလုပ်သမားတွေအပေါ် ဥပဒေနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးဖို့ အပါအဝင် အချက်ပေါင်း ၁၀ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
အဲဒီ တောင်းဆိုချက်တွေကို အလုပ်သမား ခေါင်းဆောင်တွေဆီကနေ ချင်းမိုင် ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ နိုင်ဝိချိန်း ဖုတိဝင်း က လက်ခံယူခဲ့ပြီး အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စစ် ယင့်လတ် ရှင်နာဝပ် ထံကို အရောက်ပို့ ပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။
“အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို ဝန်ကြီးချုပ်ထံကို အရောက်ပို့ပေးပါ့မယ်”လို့ မစ္စတာ နိုင်ဝိချိန်း ဖုတိဝင်း က ဆန္ဒပြသူတွေရှေ့မှာပဲ ကတိပေးပြောဆိုခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားတွေ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ Map Foundation၊ အလုပ်သမား စည်းရုံးရေး အသင်းအဖွဲ့ (WSA)၊ ရွှေ့ပြောင်း အလုပ်သမားအသင်း (MWF)၊ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN)၊ စက်မှုစုံနှင့် ယက်ကန်းစက်ရုံ အလုပ်သမားသမဂ္ဂ၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်း အလုပ်သမားသမဂ္ဂ၊ ကျောက်မျက် လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂတို့ ပါဝင်ကြပါတယ်။
ဒါ့အပြင် ရန်ကုန်အခြေစိုက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေး ဆောင်ရွက်သူတွေလည်း ပူးပေါင်း ပါဝင်ခဲ့ပြီး အလုပ်သမားရေးရာ တာဝန်ခံ ကိုအောင်သူ က“မြန်မာရော၊ ထိုင်းရောနှစ်နိုင်ငံလုံးက အလုပ်သမားတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေက ရှိနေတုန်းပဲ၊ ဒီလို မတောင်းဆိုလို့မရဘူး”လို့ ပြောပါတယ်။
MWRN အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မနန်းအေးမိုး ကလည်း“အဆိုးဆုံးကတော့ အစိုးရက အလုပ်သမားအားလုံးကို တရက်ဘတ် ၃၀၀ ရရမယ်လို့ တရားဝင် ထုတ်ပြန်ထားပေမယ့် မြန်မာ အလုပ်သမားတချို့ဟာ အဲဒီနှုန်းထားအတိုင်း အပြည့်မရကြဘူး၊ ဥပမာ မဲဆောက်လို နေရာမျိုးမှာဆိုရင် တရက်ကို ဘတ် ၁၀၀ ကျော်ပဲ ရတဲ့သူတွေက ပိုများတယ်၊ အလုပ်ချိန်ဆိုရင်လည်း အချိန်အကန့်အသတ် မရှိခိုင်းတာတွေရှိတယ်၊ ဒါကြောင့် အခုလို တောင်းဆိုကြတာပါ”လို့ ဧရာဝတီ ကို ပြောပါတယ်။
ကမ္ဘာ့ အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ချင်းမိုင်တနေရာတည်းမှာပဲ ဆန္ဒ ထုတ်ဖော်ပွဲတွေပြုလုပ်ခဲ့တာမဟုတ်ဘဲ မဲဆောက်၊ ရနောင်းနဲ့ မဟာချိုင်ဒေသတွေမှာလည်း ပြုလုပ်ခဲ့တယ်လို့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ကမ္ဘာ့အလုပ်သမားနေ့“မေဒေး”နေ့အဖြစ် ၁၈၈၉ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် များ ဒုတိယအကြိမ် ညီလာခံမှ မေလ ၁ ရက်နေ့ကို သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။ ထိုနေ့တွင် ကမ္ဘာတဝန်းရှိ အလုပ်သမားများက အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်များကို တောင်းဆို ဆန္ဒပြပွဲများ ပြုလုပ်ကြသည်။