မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့၌ စစ်လက်နက် ပစ္စည်းများနှင့်အတူ ဧပြီ လကုန်ပိုင်းက ဖမ်းမိသည့် တရုတ်နိုင်ငံသား ၈ ဦး ကို မန္တလေးမြို့အိုးဘို ထောင်တွင် ထိန်းသိမ်းထားပြီး ရဲ အထူး သတင်း တပ်ဖွဲ့(SB) က စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။
“သူတို့ကို မန္တလေးထောင်မှာ ထိန်းသိမ်းထားပြီးတော့ ရဲသတင်း တပ်ဖွဲ့က စစ်နေတယ်၊ သတင်း အသေးစိတ်ကတော့ နောက်ပိုင်း မှ ထုတ်ပြန်ပေးလိမ့်မယ်” ဟု နေပြည်တော် အခြေစိုက် မှုခင်းရဲတပ်ဖွဲ့ (ဦးစီးရုံးအဖွဲ့) ဒု ညွှန်ကြားရေးမှူး ရဲမှူးကြီး တဦးက ဧရာဝတီ သို့ ယနေ့ ပြောကြားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် တမူးမြို့တွင် ဧပြီ ၂၅ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသား ၈ ဦးအား လက်နက်ငယ် ရှစ် လက် အပါအဝင် ကျည်ဆန်များ ၊ လက်ပစ်ဗုံးများ ၊ ဆက်သွယ်ရေး စကားပြောစက်များ ၊ မြန်မာနိုင်ငံ မြေပုံတချပ် ၊ တယ်လီဖုန်းများ ၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“တရုတ်နိုင်ငံသားတွေ မိထားတာ ဟုတ်တယ်၊ တရုတ် ဟုတ်မဟုတ်ကိုတော့ သူတို့ နိုင်ငံကို လှမ်းမေးပြီး အတည်ပြုနေတယ်၊ ပြီး ရင် အမှုအတိုင်း ဆက်လက် အရေးယူမယ်၊ ဖမ်းမိတဲ့ လက်နက်တွေက ဘယ်က ရလာတာလဲ ဆိုတာပါ လိုက်နေတယ်”ဟု
နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးကြီး အောင်ဌေးမြင့်က ဧရာဝတီသို့ ပြောသည်။
ဧပြီ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် တမူးမြို့အဝင် ၃ မိုင် စစ်ဆေးရေးဂိတ်သို့ ကလေးမြို့ဘက်မှ ကားတစီး မီးထိုးမောင်းနှင်လာသဖြင့် စစ်ဆေးရေးဂိတ်ရှိ လုံးခြုံရေးအဖွဲ့က စစ်ဆေးတားဆီးရာ ရပ်တန့်ပေးခြင်း မရှိဘဲ တမူးမြို့အတွင်းသို့ မောင်းပြေးခဲ့ကြောင်း၊ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့က လိုက်လံဖမ်းဆီးရာ မော်တော်ယဉ်သည် တမူးမြို့အတွင်းမှ ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန်လှည့်၍ ထွက်ပြေးရန် ကြိုးစားရာ မြို့အဝင် ၃ မိုင်ဂိတ်တွင်ပင် ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော ကားမှာ တိုယိုတာ အမျိုးအစား Double Cab ဖြစ်ပြီး တရုတ် ၈ ဦးနှင့် အတူ လက်နက်ငယ် ကျည် ၁၈၆၀ ၊ လက် ပစ် ဗုံး ၃၁ လုံး ၊ ဆက်သွယ်ရေး စကားပြောစက် ၅ လုံး၊ တရုတ်စာဖြင့် ရေးသားထားသော မြန်မာနိုင်ငံ မြေပုံတချပ် ၊ စစ်သုံး ဓားမြှောင် ၃ ချောင်း၊ လက်ကိုင်ဖုန်း ၄ လုံး ၊ စစ်သုံး ချပ်ဝတ်တန်ဆာ ၈ စုံ ၊ အဝေးကြည့် မှန်ပြောင်းတလက်တို့ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေး ဖော်ထုတ်ချက်များ အရ တရုတ်လူမျိုး ၈ ဦးမှာ တရုတ်နိုင်ငံ စီချန်ပြည်နယ်၊ ကွမ်စိပြည်နယ် ၊ ဟိုပေပြည်နယ် ၊ ကွေကျိုး ပြည်နယ် နှင့် အန်းဝှီး ပြည်နယ်တို့မှ ဖြစ်သည်။
တရုတ် ၈ ဦးအနက် ကားမောင်းသူ တရုတ်နိုင်ငံသား ဟန်လုလုအား စစ်ဆေးမေးမြန်းရာ ၎င်းတို့ အဖွဲ့သည် ကိုးကန့်နယ်မြေ တန့်ယန်း အထက်ဘက်ရှိ မိုင်းကြက်ရွာတွင် စစ်သင်တန်း တက်နေရာမှ တပ်စုမှူးဖြစ်သူ ဝူကြာဖူ ဆိုသူအား သတ်ပြီး စခန်းအတွင်းရှိ သော့တန်းလန်းဖြင့် တွေ့ရှိသောကားကို တက်မောင်း ထွက်ပြေးလာခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
သို့သော် တရုတ်နိုင်ငံသားများ အဘယ့်ကြောင့် လက်နက်များ ကိုင်ဆောင်ပြီး တမူးဒေသအတွင်းသို့ ဝင်ရောက်လာခြင်းကိုမူ မရှင်း လင်းသေးပေ။
“တမူးက နယ်စပ်မြို့ဖြစ်တော့ အိန္ဒိယ ကသည်းသူပုန်တွေကို ကြောက်နေရတာ၊ အခုလည်း တရုတ်တွေ ဝင်လာပြန်ပြီ၊ ဒီမှာနေရ တာ သိပ်မလုံခြုံဘူး”ဟု တမူးမြို့တွင် ဈေးဆိုင်ဖွင့်ထားသည့် ဒေသခံ မပူလိုင် ဆိုသူက ဧရာဝတီသို့ ပြောဆိုသည်။