ရခိုင်ဒေသ ကလေးသူငယ်များ အတွက် UNICEF က ဒေါ်လာ ၁၂ သန်း သုံးစွဲမည်
This article has been converted from Zawgyi One to Unicode
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရပ်ဆိုင်းနေသည့် ကလေးသူငယ် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၁၂ သန်း သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ မီကာဆာ ဟိုတယ်တွင် ပြုလုပ်သည့် UNICEF ၏ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြား သွားခြင်းဖြစ်ပြီး ၂၀၁၄၊ ၂၀၁၅ ခုနှစ် အတွင်း ၂ နှစ်တာ စီမံကိန်းဖြင့် အကောင်အထည် ဖော်မည်ဟုလည်း သိရသည်။
ရခိုင် ပြည်နယ် စစ်တွေအခြေစိုက် UNICEF အကြီးအကဲ Ms. Yosi Echeverry Burckhardt က “ရခိုင်ပြည်နယ်က ကလေး သူငယ် တွေရဲ့ ကျန်းမာရေးနဲ့ပညာရေး ကဏ္ဍတွေမှာ သုံးစွဲသွားမှာပါ၊ လက်ရှိမှာလည်း ရခိုင် ပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ အကူအညီပေးနေပါတယ်”ဟု ပြောဆိုသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှုများ လျှော့ချလာပြီဖြစ်၍ ယခုဆောင်ရွက်မည့် ၂ နှစ်တာ စီမံကိန်းကို ရခိုင်ပြည်နယ် အတွင်းရှိ ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းကာ နှစ်ရှည် ပြည်နယ်စီမံကိန်း ရေးဆွဲထားသည်ဟု သိရသည်။
UNICEF ၏ မြန်မာနိုင်ငံ တာဝန်ခံ Mr.Rajen Kumar Sharma ကလည်း ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ရှိ ဒေသဆိုင်ရာ အာဏာ ပိုင်များကိုလည်း ကလေးသူငယ် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်သည့် စီမံကိန်း ရေးဆွဲရေး စွမ်းရည် မြင့်တက်လာစေရန် ကူညီပေးသွားမည်ဟု ဆိုသည်။
“မြို့နယ် အဆင့်၊ ပြည်နယ်အဆင့်မှာ ဘဏ္ဍာငွေနဲ့ ရေးဆွဲတာနဲ့ပတ်သက်ပြီး အတွေ့အကြုံ မရှိတာမျိုးတွေ တွေ့ရပါတယ်။ ဒါမျိုးတွေ ကို ဖြည့်စွက်ပေးနိုင်ရင်တော့ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ တိုးတက်လာမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
ယခု စီမံကိန်းတွင် အာဟာရ မြှင့်တင်ရေး လှုပ်ရှားမှု အဖြစ် အရည်အသွေးမီသည့် အိုင်အိုဒင်း ပါသောဆား ထုတ်လုပ်ရန်အတွက် စံပြဆားကွင်း ဖော်ထုတ်ရေးကို ထောက်ပံ့ရန်၊ အတွေးအမြင် ပြောင်းလဲရေးသင်တန်းများ ပေးရန်လည်း ပါရှိသည်ဟု ဆိုသည်။
ထို့အပြင် မိသားစုအခြေပြု စောင့်ရှောက်မှု မြှင့်တင်ရေးနှင့် ကောင်းစွာ လုပ်ငန်းလည်ပတ်နိုင်သော ရောဂါ စီမံခန့်ခွဲရေးစနစ် ထူထောင်ရေး တို့ကို ထောက်ပံ့ရန် စီစဉ်ထားပြီး၊ ဥပဒေကြောင်းအရ ကလေးသူငယ်များကို ကာကွယ်နိုင်ရန် ရဲတပ်ဖွဲ့၊ တရား စီရင် ရေး စနစ်တို့ဖြင့် လက်တွဲဆောင်ရွက်ရန် စီမံကိန်း ရေဆွဲထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် အပါအဝင် ကလေးသူငယ်များအား စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ကာကွယ်ရေး လှုပ်ရှားမှုတခု ကို လည်း ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း UNICEF ထုတ်ပြန်ချက်များ၌ ပါရှိသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် လူအုပ်စုဖွဲ့၍ စစ်တွေမြို့၌ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်နှင့် NGO ရုံး တချို့ ဖျက်ဆီး ခံခဲ့ရသည်။
ထိုပဋိပက္ခများနှင့် ဆက်စပ်၍ နိုင်ငံတကာအဖွဲ့များ( INGOs, NGO ) ၏ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရပြီး ပြီးခဲ့သည့် ဧပြီလ နောက် ဆုံး ပတ်လောက်မှ ယင်းအဖွဲ့အစည်းများ လုပ်ငန်းပြန်လည် စတင်ခဲ့ရခြင်း ဖြစ်သည်။