ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ကျင်းပသည့် ရခိုင် အမျိုးသား ညီလာခံမှ ရခိုင် အမျိုးသား နေ့ကို သတ်မှတ် လိုက်သည်။
ကျောက်တော်မြို့တွင် တည်ထား ကိုးကွယ်လျက်ရှိသော မဟာ မြတ်မုနိ ဗုဒ္ဓရုပ်ပွားတော်ကြီး စတင် သွန်းလောင်း နိုင်ခဲ့သည့် ကဆုန် လပြည့်ကျော် ၁ ရက်နေ့ကို ရခိုင် အမျိုးသားနေ့ အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ဧပြီလ ၂၇ ရက်မှ မေလ ၁ ရက်နေ့အထိ ကျင်းပခဲ့သော ရခိုင်အမျိုးသား ညီလာခံတွင် ရခိုင်ပြည်နယ်နေ့ သတ်မှတ်ရေး ကော်မတီ မှ ရခိုင်အမျိုးသား ညီလာခံ ကျင်းပသောနေ့၊ ရခိုင်ဘုရင် မင်းစောမွန်မှ မြောက်ဦး နန်းမြို့ကို စတင် တည်ထောင်သောနေ့နှင့် ကျောက်တော်တွင် တည်ထား ကိုးကွယ်လျက်ရှိသော မဟာမြတ်မုနိ ဘုရားကြီး စတင်သွန်းလုပ်နေ့များကို မဲခွဲဆုံးဖြတ်ခဲ့ရာ မဟာမြတ် မုနိ ဘုရားကြီး စတင်သွန်းလုပ်နေ့က မဲအများဆုံးဖြင့် ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင် တိုင်းရင်း သား ခေါင်းဆောင် တဦး ဖြစ်သည့် ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။
“ဘုရင်မင်းစောမွန်က မြောက်ဦးနန်းမြို့ကို စတင်တည်တဲ့နေ့က ၁ မဲပဲရတယ်၊ အခု ရခိုင်အမျိုးသား ညီလာခံ ကျင်းပတဲ့ နေ့က ၄ မဲရတယ်၊ မဟာမြတ်မုနိ ဘုရားကြီး သွန်းလုပ်ပြီးစီးတဲ့နေ့က ၁၂ မဲနဲ့ အတည်ဖြစ်သွားတယ်၊ မဟာမြတ်မုနိ ဘုရားကြီး စတင်သွန်း လုပ်တဲ့နေ့က ရခိုင်သမိုင်းမှာဆိုရင် ဗုဒ္ဓဘာသာကို စတင်ပြန့်ပွားစေခဲ့တဲ့နေ့ပဲ၊ အဲဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင် အမျိုးသားနေ့လို့ သတ်မှတ်လိုက်တယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ရခိုင်သမိုင်းတွင် ရခိုင်မင်းဆက်များ ပျက်သုဉ်းခဲ့ပြီး ဗမာမင်းဆက်တို့ လက်ထဲ ကျရောက်ရသည့် အကြောင်းအရင်း တခု တွင်လည်း မဟာမြတ်မုနိ ဘုရားကြီးကို မြန်မာဘုရင်တို့က လိုချင်သောကြောင့် စစ်ပွဲများ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်တော် ရှိ မဟာမြတ်မုနိ ဘုရားကြီးသာမက မြန်မာနိုင်ငံအနှံ့ရှိ မုနိ ဘုရားများကို ဖူးမြော် ပူဇော်ပွဲရောက်လာတိုင်း ရခိုင်လူမျိုးများအနေဖြင့် ရခိုင်သမိုင်းနှင့် တမျိုးသားလုံး၏ ဂုဏ်ယူဖွယ်ရာတခုဟု ယုံမှတ်ခဲ့ကြကြောင်းလည်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။
ကျောက်တော်ရှိ မဟာမြတ်မုနိ ဘုရားကြီးကို ကောဇာသက္ကရာဇ် ၁၂၃ ခုနှစ် ရခိုင်ခေတ် ၄ ခေတ်ထဲမှ အစောဆုံးခေတ်ဦး ဓညဝတီ ခေတ် တွင် ရခိုင်ဘုရင် စန္ဒာသူရိယမင်း လက်ထက်၌ သွန်းလုပ် ပူဇော်ခဲ့ကြောင်း သိရသည်။
ရခိုင်သမိုင်းတွင် ဓညဝတီခေတ်တွင် ခေတ် ၃ ခေတ်အထိ ရှိခဲ့ပြီးနောက် ဝေသာလီခေတ်သို့ ရောက်ရှိခဲ့ပြီး ဝေသာလီခေတ်ပြီး နောက် လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဟူ၍ အသီးသီးရှိခဲ့ကြောင်း၊ မြောက်ဦးခေတ်တွင်လည်း ပထမ၊ ဒုတိယ၊ တတိယ ဟူ၍ ရှိခဲ့ကြောင်း သိရသည်။
“အခုလို ဆရာတော်တို့ရဲ့ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာနဲ့ပတ်သက်ပြီး မြင့်မြတ်တဲ့နေ့ကို ကိုယ့်အမျိုးသားနေ့အဖြစ် သတ်မှတ် လိုက် တာ အင်မတန် ဂုဏ်ယူဖို့ ကောင်းတယ်၊ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘုရားက တဆူတည်း ရှိတာ၊ ကိုယ် ကိုးကွယ်တာကို ရည်စူးပြီး အခုလို လုပ်တော့ ရခိုင်သာမကဘူး၊ ကျန်တဲ့ တိုင်းရင်းသား ဗုဒ္ဓဘာသာတွေပါ ဂုဏ်ယူရမှာ”ဟု ရခိုင်တိုင်းရင်းသား တိပိဋကတ် ဆရာတော် အရှင် အိန္ဒာမာလ က မိန့်ကြားသည်။
မြန်မာနိုင်ငံတွင် မြန်မာ သက္ကရာဇ်ဖြင့် တွက်ချက်လျှင် အင်္ဂလိပ် ခရစ်သက္ကရာဇ် နှင့် နှစ်စဉ်နှစ်တိုင်း ရက် တရက်နှင့် တရက် တူညီမှု မရှိဘဲ ယခု ၂၀၁၄ ခုနှစ်တွင်လည်း ကဆုန်လပြည့်ကျော် ၁ ရက်နေ့သည် မေလ ၁၄ ရက်နေ့ ဖြစ်သည်။